မြန်မာတိုင်း(မ်)ရဲ့ ၁၅ နှစ်တာ ခရီးရှည်

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အမ်စီအမ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ဘာကြောင့် တုံ့ဆိုင်းခဲ့ရသလဲ
ဆိုတာကို မြန်မာတိုင်း(မ်)သတင်းခန်း ဒါရိုက်တာ ဦးသီဟစောက ဗိုလ်အောင်ကျော်လမ်းက
စိန့်မေရီဘုရားကျောင်းကို သူ့ရုံးခန်းထဲကနေ ထိုင်ကြည့်ရင်း ရှင်းပြပါတယ်။

စစ်အစိုးရလက်ထက်မှာ ပထမဦးဆုံး ပုဂ္ဂလိကပိုင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဂျာနယ်
တစ်စောင်ရဲ့ စာတည်းမှူး၊ မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာ(အမ်စီအမ်)ကို ပူးတွဲတည်ထောင်သူ
တွေဖြစ်တဲ့ ရော့(စ်)ဒန်ကလီနဲ့ (ဦးဆန်နီလို့ အများကသိကြတဲ့) ဦးမြတ်ဆွေတို့ရဲ့ အရှိန်အ၀ါက
ကြီးတယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါက ဦးမြတ်ဆွေရဲ့ ဖခင် (ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ ထိပ်တန်း
အကြီးအကဲတစ်ဦးဖြစ်တဲ့) ဗိုလ်မှူးချုပ်သိန်းဆွေနဲ့ အဆက်အစပ်ရှိတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တပ်နဲ့ တစ်နည်းနည်း ပတ်သက်မှု ရှိတဲ့သူတွေနဲ့ ကျွန်တော်
မပတ်သက်ချင်ပါဘူး။ ကျွန်တော်က ပြောင်းလဲရေးဝါဒီ တစ်ဦးလေဗျာ။ အဲဒါကြောင့် အဲဒီတုန်းက
မြန်မာတိုင်း(မ်)နဲ့ ပူးပေါင်းဖို့ ကျွန်တော် တုံ့ဆိုင်းနေခဲ့တာပေါ့" လို့ ဦးသီဟစောက ပြောပါတယ်။

ဦးသီဟစောဟာ မြန်မာတိုင်း(မ်)မှာ အယ်ဒီတာအလုပ် မလုပ်ချင်ခဲ့ပေမယ့် တိုးတက်စ မီဒီယာ
ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အမ်စီအမ်အတွက် အကြံဉာဏ်တွေနဲ့ လမ်းညွှန်ချက်တွေပေးခဲ့သလို
ခန့်မှန်းရခက်ပြီး မကြာမကြာအခက်အခဲတွေ ပေါ်တတ်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာ
တိုးတက်ပြောင်းလဲမှုတွေနဲ့ အမ်စီအမ်ကုမ္ပဏီ ဆက်လက်ချီတက်သွားနေတာကို စိတ်ဝင်တစား
စောင့်ကြည့်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ မြန်မာတိုင်း(မ်) အင်္ဂလိပ်စာစောင်ဟာ အမှတ်စဉ် (၇၅၀) မြောက်အထိ
ရောက်ရှိလာပါပြီ။

ဦးမြတ်ဆွေ နဲ့ ရှယ်ယာရှင်အဖြစ် ဆက်ပြီးရှိနေဦးမယ့် ရော့(စ်)ဒန်ကလီတို့ကတော့ အမ်စီအမ်မှာ
ပါဝင်ပတ်သက်မှု မရှိတော့ပါဘူး။

ဦးသီဟစော ကတော့ မြန်မာတိုင်း(မ်)သတင်းခန်းရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါပြီ။

"၁၅ နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်"လို့ ဦးသီဟစောက ပြောပါတယ်။

မြန်မာတိုင်း(မ်)ရဲ့ အတိတ်ဘဝ

မြန်မာတိုင်း(မ်)ဂျာနယ် ပထမဦးဆုံး စာစောင်ကို ထုတ်ဝေခဲ့ပြီး တစ်နှစ်နီးပါးအကြာ ၂၀၀၁ ခုနှစ်၊
ဧပြီလမှာ ဦးမျိုးလွင် မြန်မာတိုင်း(မ်)ကို ရောက်လာခဲ့ပါတယ်။

အခုအချိန်မှာ The Global New Light of Myanmar လို့ ပြောင်းလဲလိုက်တဲ့ လုပ်သား
ပြည်သူ့နေ့စဉ် သတင်းစာမှာ စာပြင်တစ်ဦး ဖြစ်ခဲ့တဲ့ ဦးမျိုးလွင်ဟာ လှုပ်ရှားသက်ဝင်နေတဲ့
သတင်းခန်းမှာ အလုပ်ဝင်တဲ့အခါ စိတ်လှုပ် ရှားခဲ့ရပါတယ်။

"သတင်းခန်းထဲမှာ သတင်းထောက် ငါးဦး၊ ခြောက်ဦးလောက်ပဲ ရှိပြီး လူတိုင်းက အပြေးအလွှား
အလုပ်လုပ်နေကြပါတယ်။ သတင်းထောက်တစ်ဦးကို သတင်းကဏ္ဍ လေး ငါးခုလောက်
တာဝန်ယူပြီး သတင်းရေးကြပါတယ်"လို့ ဦးမျိုးလွင်က မြန်မာတိုင်း(မ်)မှာ သူ အလုပ်ဝင်စအချိန်က
အကြောင်းကို ပြန်ပြောပြပါတယ်။

အဲဒီအချိန်တုန်းကတော့ မြန်မာတိုင်း(မ်) ရုံးခန်းကို သမ္မတဟိုတယ်က အခန်းတချို့မှာ
ဖွင့်ခဲ့တာဖြစ်ပြီး တခြားဂျာနယ်တွေနဲ့ မတူတာ က မြန်မာတိုင်း(မ်)ဟာ သူ့ရဲ့ သတင်းတွေကို
စစ်ထောက်လှမ်းရေးကတစ်ဆင့် ဆင်ဆာ ဖြတ်တာပါ။

အများအားဖြင့် ဗိုလ်မှူးချုပ် သိန်းဆွေနဲ့ တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်ကြတာပါ။

စစ်ထောက်လှမ်းရေး (အမ်အိုင်)နဲ့ ဆက်စပ်မှုကြောင့် တခြားပုဂ္ဂလိက ပုံနှိပ်ထုတ်ဝေသူတွေ
ပိတ်ပင်ခံထားရတဲ့ လမ်းကြောင်းတွေ၊ အဆက်အသွယ်တွေကနေ သတင်းစာစက္ကူအတွက်
အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ပါတယ်။

"၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းမှာတော့ မြန်မာတိုင်း(မ်)ဟာ အခွင့်ထူးခံဖြစ်ခဲ့ပါတယ်။
ဂျာနယ်တစ်စောင်တည်းမှာပဲ ဖော်ပြခွင့်ပေးတဲ့ အင်တာဗျူးတွေ၊ သတင်းတွေ ရရှိခဲ့ပါတယ်" လို့
ဦးသီဟစောက ပြောပါတယ်။

ဒါပေမဲ့ မြန်မာတိုင်း(မ်)က ၀န်ထမ်းတွေကတော့ ပြင်းထန်တဲ့ဆင်ဆာလို့ သူတို့ခေါ်ကြတဲ့
အရာအောက်မှာ စိတ်ကသိကအောက် ဖြစ်ကြရပါတယ်။

တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှမှာ သတင်းသမားအနေနဲ့ အဲဒီအချိန်က နှစ်ပေါင်း ၂၀ လောက်
အတွေ့အကြုံရှိခဲ့တဲ့ ဂျက်ဖရီဂေါ့ဒတ်ဟာ မြန်မာတိုင်း(မ်)ကို ဦးမျိုးလွင် ရောက်လာတဲ့
အချိန်လောက်မှာပဲ မြန်မာတိုင်း(မ်)မှာ ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

အခွင့်ထူးခံ ဂျာနယ်တစ်စောင်ဖြစ်နေတာတောင် အမ်အိုင်ဟာ အယ်ဒီတာတွေကို သတင်းတွေ
မထည့်ဖို့ ဒါမှမဟုတ် ပြင်ရေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီလိုမျိုး အမိန့်ပေးတာမျိုးတွေ လုပ်လာတဲ့အခါမှာ မစ္စတာဂေါ့ဒတ်ကို ခေါင်းခြောက်စေပါတယ်။

"တစ်ခါတုန်းကဆို ကျွန်းသစ်နဲ့ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းအိုတစ်ကျောင်း ဆီသွားတဲ့
လမ်းကို သတင်းထဲမှာ သရုပ်ဖော်ထည့်ရေးရာမှာ မြေသားလမ်းလို့ ရေးထားတာကို 'မြေသား'
ဆိုတဲ့ စကားလုံးကို ဖယ်ခိုင်းပါတယ်"လို့ မစ္စတာဂေါ့ဒတ်က ပြီးခဲ့တဲ့ သီတင်းပတ်က
ပြောကြားခဲ့ပါတယ်။

နောက်တစ်ခုကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမှာ ကွယ်လွန်သွားခဲ့တဲ့ သူတွေအတွက်
ရန်ကုန်မြို့လယ်မှာ လူတွေမအိပ်ဘဲ ဆုတောင်းကြတဲ့ သတင်းအကြောင်း ရေးသားရာမှာ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာကို 'အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်တီဝင်'လို့ အမ်အိုင်က ပြန်ပြင်ရေးခိုင်းတယ်လို့
သူက ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး ယန္တရားကြီးကို သန့်စင်မှုလုပ်ရာမှာ ပထမဦးဆုံး
ဗိုလ်မှူးချုပ် သိန်းဆွေနဲ့ နောက်ပိုင်း ဦးမြတ်ဆွေတို့ ဖမ်းဆီးခံခဲ့ရတဲ့အတွက် မြန်မာတိုင်း(မ်)ရဲ့
စစ်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်မှုရှိတဲ့ အထူးအနေအထားတစ်ရပ်ဟာ ၂၀၀၄ ခုနှစ်မှာ
ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။

အမ်စီအမ်ရဲ့ ဒုတိယစီအီးအို ဦးမြတ်ဆွေ ဖမ်းဆီးခံခဲ့ရတဲ့အတွက် မြန်မာတိုင်း(မ်) ဂျာနယ်ဟာ
အခွင့်ထူးခံ အနေအထား မရှိတော့တဲ့အပြင် ၀န်ထမ်းတော်တော်များများဟာလည်း
စိတ်ပူပင်သောကတွေ ဖြစ်ခဲ့ကြရတယ်လို့ မစ္စတာဂေါ့ဒတ်က ပြောပါတယ်။

"ဆန်နီ့ကို သိကြတဲ့ ချစ်ကြတဲ့ ကျွန်တော် တို့တစ်တွေဟာ သူမရှိတော့တာရယ်၊ အနေအထား
ပြောင်းသွားတာရယ်တွေကြောင့် စိတ်မသက်မသာဖြစ်ခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။

စာပေစိစစ်ရေးအဖွဲ့ရဲ့အာဏာကို ပျက်ပြားစေတယ်လို့ အစိုးရက စွဲချက်တင်ပြီး နောက်ပိုင်းမှာ
ဦးမြတ်ဆွေကို ထောင် ၁၄ နှစ် ချလိုက်ပါတယ်။

မြန်မာတိုင်း(မ်)က သတင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနမှာ စာပေစိစစ်မှု ခံမထားတဲ့အတွက်
မြန်မာတိုင်း(မ်)သတင်းရေးသားချက်တွေအားလုံး တရားဝင်စာပေစိစစ်မှု လုပ်ထားတာ
မဟုတ်ဘူးလို့ အစိုးရဘက်က အကြောင်းပြချက်ပေးပါတယ်။

သူ့ရဲ့ ရှယ်ယာတွေကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်ရွေးစင်တစ်ဦးဖြစ်တဲ့ မီဒီယာ
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာတင်ထွန်းဦးဆီ ရောင်းဖို့ ဖိအားပေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မြန်မာတိုင်း(မ်) ရုံးခန်းကို အခုလက်ရှိ ဖွင့်လှစ်ထားဆဲဖြစ်တဲ့
ဗိုလ်အောင်ကျော်လမ်းက ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ သုံးထပ်အဆောက်အအုံဆီ
ပြောင်းရွှေ့ခဲ့ပါတယ်။

ရုံးပြောင်းနေတဲ့အချိန်မှာ မြန်မာတိုင်း(မ်)ဂျာနယ် အမှတ်စဉ် တစ်ခုကို မထုတ်ဝေဘဲ ထားခဲ့တဲ့အခါ
မြန်မာတိုင်း(မ်)ကို ယာယီပိတ်ထားလိုက်ပြီလို့ ပြိုင်ဘက်ထုတ်ဝေသူတွေက ပွင့်ပွင့်လင်းလင်း
ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။

အဲဒါက နိုင်ငံရေးအရှုပ် အထွေးဖြစ်နေတဲ့အချိန် ကုမ္ပဏီရဲ့ အနာဂတ် မသေချာ မရေရာမှု
အကြောင်းပါ။

ဦးမြတ်ဆွေ ဖမ်းဆီးခံရပြီး နောက်ပိုင်းနဲ့ သတင်းခန်းအတွင်း အစိုးရရဲ့ စွက်ဖက်မှု နည်းနည်းပိုလာတဲ့
ကာလအတွင်းမှာ သတင်းထောက်တွေဟာ သတင်းတွေကို နိုင်ငံတကာစံနှုန်းနဲ့အညီဖြစ်ဖို့
ဆက်ပြီး ကြိုးစားခဲ့ကြတယ်လို့ ဦးမျိုးလွင်က ပြောပြပါတယ်။

အခုအချိန်အထိ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ၂၀၀၀ ပြည့်လွန်နှစ်နောက်ပိုင်းက အကြောင်းအရာတချို့၊
အထူးသဖြင့် ၂၀၀၈ ခုနှစ်၊ မေလ မှာ ရန်ကုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အပျက်အစီး
အထိအခိုက်တွေဖြစ်စေခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး သုံးရက်အကြာမှာ မြန်မာတိုင်း(မ်)
အထူးထုတ်စာစောင် ထုတ်ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူက ပြန်ပြောင်း ပြောပြပါတယ်။

"မြန်မာတိုင်း(မ်)ရုံးရဲ့ ခေါင်မိုးတချို့ လွင့်ထွက်သွားတဲ့အတွက် ရုံးထဲမှာ ရွှဲရွှဲစိုသွားခဲ့ပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ ဂျာနယ်ကို ထုတ်နိုင်ခဲ့ပါတယ်"လို့ ဦးမျိုးလွင်က ပြောပါတယ်။

အဲဒီလို အချိန်အတောအတွင်းမှာပဲ ရော့(စ်)ဒန်ကလီနဲ့ ဒေါက်တာတင်ထွန်းဦး တို့နှစ်ဦးကြား
ဆက်ဆံရေးဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအကြောင်း ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး
ချီးမွမ်းပြောဆိုမှုတွေ ရရှိခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ခပ်တန်းတန်းဖြစ်သွားခဲ့ပါတယ်။

ရော့(စ်)ဒန်ကလီကို စီအီးအို အဖြစ်က နုတ်ထွက်ပေးပြီး ဒေါက်တာ တင်ထွန်းဦးကို စီအီးအို
ရာထူးလွှဲပေးဖို့ နှစ်ကုန်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပါတယ်။

ရော့(စ်)ဒန်ကလီက အဲဒီတောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ပြစ်မှုဆိုင်ရာဥပဒေနဲ့ တရားစွဲခံရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

သူ့ကို ထောက်ခံတဲ့သူတွေကတော့ ကုမ္ပဏီကနေ သူထွက်သွားရအောင် လုပ်ကြံပြီးစွပ်စွဲတာလို့
ပြောကြပါတယ်။

ထောင်ထဲမှာ ၄၇ ရက် နေခဲ့ရပြီးတဲ့နောက် သူ့ကိုအာမခံနဲ့ လွှတ်ပေးထားခဲ့ပြီး နောက်ပိုင်းမှာ
သာမန် နာကျင်စေမှုနဲ့ စီရင်ချက်ချခဲ့ပြီး စွဲချက်ကြီးတွေကို ပလပ်ပေးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း သာမန်အားဖြင့် ပြည်နှင်ဒဏ်
ပေးပေမယ့် ရော့(စ်)ဒန်ကလီ ကတော့ သတင်းစာတိုက်ဆီ ချက်ချင်းပဲ ပြန်လာခဲ့ပါတယ်။

ဒေါက်တာတင်ထွန်းဦး ဟာ စီအီးအိုဖြစ်ပေမယ့် အမ်စီအမ်မှာ ရုံးမထိုင်ပါဘူး။

ရော့(စ်)ဒန်ကလီပဲ ကုမ္ပဏီကို စီမံခန့်ခွဲမှု တာဝန်ကို ပြန်ယူခဲ့ပါတယ်။

မြန်မာတိုင်းမ်ရဲ့ အနာဂတ်

ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်မှု ပြုလုပ်တဲ့စနစ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ၂၀၁၂ ခုနှစ်၊
ဩဂုတ်လမှာ ရုတ်တရက် ရုပ်သိမ်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့ မီဒီယာ လောကအတွက်
ခေတ်သစ်တစ်ခေတ်ကို အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း တော်တော်များများလိုပဲ သတင်းစာတွေ
ဟာလည်း သတင်းဖော်ပြရာမှာ လွတ်လပ်မှုနဲ့ မှန်ကန်မှုရှိဖို့အတွက် အထူးဂရုပြုဆောင်ရွက်လာ
နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အခြေစိုက်ပုံနှိပ်လုပ်ငန်း တစ်ခုအတွက် ပထမဦးဆုံးအနေနဲ့ မြန်မာတိုင်း(မ်)ဂျာနယ်ဟာ
၂၀၁၁ ခုနှစ်ကစပြီး Society of Publishers in Asia (အာရှရှိ ပုံနှိပ်ထုတ်ဝေသူများအသင်း)က
ပေးတဲ့ အကောင်းဆုံး သတင်းဆောင်းပါးဆု သုံးဆု နဲ့ ဂုဏ်ပြုဆု နှစ်ဆု ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ဦးသီဟစောကို သူအခုလက်ရှိတာဝန်ယူထားတဲ့ နေရာကို
ရောက်လာစေတဲ့ မြန်မာတိုင်း(မ်)ဂျာနယ်က ထိပ်တန်းရာထူး အပြောင်းအလဲကို စတင်ဖြစ်ပေါ်စေခဲ့
ပါတယ်။

ထောင်ထဲမှာ ရှစ်နှစ်နေခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ဦးမြတ်ဆွေ ထောင်က
လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာတိုင်း(မ်)မှာရှိတဲ့ သူ့ရှယ်ယာတွေကို ပြန်ဝယ်ဖို့ ကြိုးစားမှုဟာ ကဖျက်ယဖျက်
လုပ်တာ ခံခဲ့ရတဲ့အတွက် ရန်ကုန်မှာ မကြာသေးခင်က လာရောက်ဖွင့်လှစ်လိုက်တဲ့ ပြည်ပမီဒီယာ
အဖွဲ့အစည်းဟောင်းတစ်ခုဖြစ်တဲ့ မဇ္ဈိမ မီဒီယာဂရု(ပ်)မှာပဲ ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။

သူ့ရဲ့ ဖခင် ဗိုလ်မှူးချုပ်သိန်းဆွေ လည်း ပြီးခဲ့တဲ့ သီတင်းပတ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ထောင်ကနေ လွတ်လာခဲ့ပါပြီ။

ဦးမြတ်ဆွေ အမ်စီအမ်ကို ပြန်လာနိုင်ဖို့ မဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း ရော့(စ်)ဒန်ကလီဟာ
စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးသိန်းထွန်းကို ဒေါက်တာတင်ထွန်းဦးရဲ့ ရှယ်ယာတွေ ရောင်းချပေးပြီး
ကျေနပ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ရှယ်ယာ ရောင်းချမှုကို ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ၂၀၁၃ ခုနှစ်၊
အောက်တိုဘာလမှာ စတင်ထုတ်ဝေခဲ့ပြီး ဧပြီလမှာ ရပ်နားခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့
ဦးသီဟစောရဲ့ Myanmar Freedom Daily အပါအ၀င် မီဒီယာလုပ်ငန်းတွေကို အမ်စီအမ်က
ဝယ်ယူခဲ့ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ရော့(စ်)ဒန်ကလီဟာ မြန်မာတိုင်း(မ်) ဂျာနယ် လုပ်ငန်း
စီမံခန့်ခွဲမှု တာဝန်တွေကို ဦးသီဟစောနဲ့ စီအီးအိုအသစ် တိုနီချိုင်းလ်ဒ် တို့ဆီ လွှဲပြောင်းပေးခဲ့ပါ
တယ်။

မြန်မာ့မီဒီယာ လုပ်ငန်းမှာ လူသိများသူ တစ်ဦးဖြစ်တဲ့ ရော့(စ်)ဒန်ကလီဟာ အမ်စီအမ်ရှယ်ယာရှင်
တစ်ဦးအဖြစ် ဆက်လက်တည်ရှိမှာဖြစ်ပေမယ့် ကုမ္ပဏီကို ၁၅ နှစ်နီးပါး ဦးဆောင် စီမံခန့်ခွဲပြီးတဲ့
နောက် နားသင့်နားထိုက်တဲ့ အချိန်ရောက်နေပြီဖြစ်တဲ့အတွက် အခုအချိန်မှာတော့ အေးအေးလူလူ
အနားယူနေပါတယ်။

တစ်ခါက ရှောင်ရှားခဲ့တဲ့ သတင်းစာတိုက်မှာ အခု တာဝန်ယူစီမံခန့်ခွဲနေရတဲ့ အနေအထားကို
ထူးဆန်းမှုအဖြစ် မထင်မိဘူးလားလို့ ဦးသီဟစောကို မေးမြန်းကြည့်တဲ့အခါ ဒီလို ဆန့်ကျင်ဘက်
အပြောင်းအလဲတွေဟာ မြန်မာ့ 'ပြုပြင်ပြောင်းလဲရေး' ခေတ်ရဲ့ ထင်ရှားတဲ့ အချက်ဖြစ်မယ်ထင်ပါ
တယ်လို့ သူက ပြောပါတယ်။

"အခုတော့ ကျွန်တော်တို့မှာ မိတ်ဆွေဖြစ်လာတဲ့ ပြိုင်ဘက်ဟောင်းတွေနဲ့ အဲဒီလိုမျိုးတွေ
ရှိပါတယ်" လို့ သူက ပြောပါတယ်။

ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အလားအလာကောင်းရှိတဲ့ သတင်းခန်း
ဒါရိုက်တာ ဦးသီဟစော က သူ့ရဲ့ 'အိပ်မက်'လို့ ညွှန်းဆိုထားတဲ့ အပတ်စဉ်ထုတ်ဂျာနယ်ကနေ
နေ့စဉ်ထုတ် ပြောင်းလဲထုတ်ဝေဖို့ဆိုတဲ့ မြန်မာတိုင်း(မ်) ရဲ့ အဓိကရည်မှန်းချက်ကို မပြောင်းပါဘူး
လို့ ပြောပါတယ်။

ဒါပေမဲ့ နေ့စဉ်ထုတ် သတင်းစာအဖြစ်ပြောင်းလဲမယ့် ရည်မှန်းချက်ဟာ အမ်စီအမ်က တိုးချဲ့
ဆောင်ရွက်မယ့် အစီအစဉ်တွေရဲ့ တာထွက်လို့ ပြောရမှာပါလို့ သူက ပြောပါတယ်။

"တကယ်လို့ ဦးသိန်းထွန်းမှာ ရည်မှန်းချက်ကြီး ရှိမယ်ဆိုရင်တော့ အသံလွှင့် လုပ်ငန်းလို
တခြားမီဒီယာနယ်ပယ်တွေမှာလည်း လုပ်ဖြစ်ကောင်း လုပ်ဖြစ်မှာပါ။ နောက်ထပ်ခြေတစ်လှမ်း
ကတော့ ရေဒီယိုဖြစ်မယ်လို့ ကျွန်တော်ထင်တယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း