ပီအာရ်စနစ် ကျင့်သုံးရန် ပြင်ဆင်နေမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်

အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် (ပီအာရ်)ကျင့်သုံးရန် ပြင်ဆင်နေမှုအပေါ် ကန့်ကွက်ဆန္ဒ
ထုတ်ဖော်ပွဲတစ်ရပ်ကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ က ဦးဆောင်၍ အင်အား
၄၀၀ ခန့်ဖြင့် ယခုလ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သော ဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းရန်၊ ဒီမိုကရေစီနှင့်
ဆန့်ကျင်သော ဥပဒေမှန်သမျှ ဖျက်သိမ်းရန်၊ အာဏာရပါတီ စိတ်ကြိုက်ဖော်ဆောင်မည့်
ပီအာရ်စနစ် အလိုမရှိ စသော စာသားများကို ဗီနိုင်း ပိုစတာများဖြင့် ချိတ်ဆွဲခဲ့ကြပြီး တရားမျှတမှု
ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး၊ အာဏာရှင်
အဟောင်းအသစ်များ အလိုမရှိ၊ ပီအာရ်စနစ်အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် နံနက်
၈ နာရီခန့်မှ စတင်၍ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်၊ ၈၆ ဂိတ်ဟောင်းမှ ဆရာစံလမ်း၊
ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်းမ ကြီးမှတစ်ဆင့် အောင်မြေသာယာဘောလုံးကွင်းသို့
ချီတက်ကြွေးကြော်ခဲ့ကြသည်။

"ကမ္ဘာ့နိုင်ငံ အသီးသီးက ပီအာရ်စနစ်ကို မကျင့်သုံးဘူး မဟုတ်ဘူး။ ကျွန်တော်တို့ အခု
ပြောနေတာက ပီအာရ်စနစ်ကို ဆန့်ကျင်ကန့်ကွက်ဖို့ ကျွန်တော်တို့ ပြောနေတာမဟုတ်ဘူး။
ပီအာရ်စနစ်ကို လက်ရှိမြန်မာနိုင်ငံမှာ မကျင့်သုံးသင့်သေးဘူးလို့ ပြောချင်တာ"ဟု ဆန္ဒထုတ်ဖော်ပွဲ
ကို ဦးဆောင်ခဲ့သည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ကိုမြတ်မင်းသူက ပြောသည်။

ပီအာရ်ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို လွန်ခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်အမတ် ဦးအောင်ဇင်က
ပြည်သူ့လွှတ်တော်သို့ အဆို ပြုတင်သွင်းခဲ့သည်။ လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူ အကုန်ယူ
ရွေးကောက်ပွဲစနစ်မှာ လွှတ်တော်အတွင်း ပါတီအနည်းငယ်က ကြီးစိုးထားမှုကို အားပေးသည့်စနစ်
ဖြစ်သောကြောင့် ယင်းအားကာကွယ်ရန်အတွက် တင်သွင်းရခြင်းဖြစ်ကြောင်း ပုဇွန်တောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောကြားခဲ့ဖူးသည်။

နိုင်သူအကုန်ယူ (FPTP) ၊ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် အရောအနှောစနစ် (PR-MMP)
စသည့် စနစ်သုံးမျိုးကို မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ်ရေး
ကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ
တင်သွင်းခဲ့သည်။

သို့သော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရွေးကောက်ပွဲစနစ် ခုနစ်မျိုးကို ပြန်လည်
သုံးသပ် အစီရင်ခံရန် ပြောဆိုခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း