ကိုပါကြီးအမှု စုံစမ်းအဖွဲ့ မွန်ပြည်နယ်သို့ ဒုတိယအကြိမ် သွားရောက် စစ်ဆေးမည်

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သည့် ကိုပါကြီး၏ အမှုကိစ္စနှင့်
ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ရေးအဖွဲ့သည်
ယခုတစ်ပတ်အတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့သို့ ဒုတိယအကြိမ် သွားရောက်
စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

ပထမအကြိမ် စုံစမ်းစစ်ဆေးခဲ့စဉ်အတွင်း လူအယောက် ၃၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့ ပြီးဖြစ်၍
ယခုဒုတိယအကြိမ်အဖြစ် တပ်မတော်မှ အရာရှိများနှင့် သတင်းထောက်အချို့ ကို ဆက်လက်
စစ်ဆေးမည်ဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

"ဒီတစ်ပတ်ထဲမှာပဲ မွန်ပြည်နယ်ဘက် ပြန်သွားဖို့ ရှိတယ်။ ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမှာ
ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ဘက်က ရင်ခွဲစစ်ဆေးချက်ရလဒ်က ဒီလအတွင်းမှာ
ထွက်လာရင်တော့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာက ဒီလအတွင်း ထုတ်ပြန်ဖို့ဖြစ် နိုင်ပါလိမ့်မယ်။
ဒီလိုမှ မဟုတ်ရင်တော့ နောက်ထပ် တတိယအကြိမ် စုံစမ်းစစ်ဆေးမှုလည်း လုပ်ကောင်း
လုပ်ရလိမ့်မယ်"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများအား
စစ်ဆေးခဲ့သည်။

"စစ်ဆေးတဲ့အထဲမှာ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီး တစ်ပါးပါတယ်။
နောက် နယ်ခံ သတင်းထောက်တွေ၊ ဒေသခံတွေ ပါဝင်တယ်။ ကျိုက်မရောနဲ့ မော်လမြိုင်က
သတင်းထောက် နှစ်ယောက် ကိုလည်း စစ်ဆေးမေးမြန်းထားတယ်။ နောက် ဘားအံက
သတင်းထောက် ဦးအောင်ပ ဆိုတဲ့ သူကိုလည်း စစ်ဆေးမေးမြန်းဖို့ ရှိပါတယ်။ ဒီလို
စစ်ဆေးမေးမြန်းတာက ကိုပါကြီးဟာ သတင်းထောက် ဟုတ်မဟုတ် စစ်ဆေးအတည်ပြုချင်လို့
ဖြစ်ပါတယ်" ဟု ဦးစစ်မြိုင်က ပြောသည်။

ကိုပါကြီးသည် အလွတ်တန်းသတင်းထောက် တစ်ဦးဖြစ်သည်ဟု မိသားစုဝင်များနှင့် ၎င်း၏
မိတ်ဆွေများက ပြောကြားကြသော်လည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်မူ ၎င်းမှာ
KKO စောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် ဖြစ်သည်ဟု
ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့ကိုမူ လက်ရှိအချိန်တွင် ခေါ်ယူစစ်ဆေးမေးမြန်းရန် မရှိသေးသော်လည်း
လိုအပ်မှသာ ခေါ်ယူမေးမြန်းမည်ဟု ဦးစစ်မြိုင်က ပြောသည်။

ကိုပါကြီး သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် နှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်
သမ္မတရုံးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလ ၃၀ ရက်နေ့
တွင် ညွှန်ကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အလောင်းကို ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်အနီး မြှုပ်နှံထားရာ
နေရာမှ နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည် တူးဖော်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့၊
ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း