နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၇၀ ကျော် အကျဉ်းကျခံနေရဆဲ

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ အပါအ၀င် နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်မှုများကြောင့်
ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် ရှိနေပြီး တရားစွဲဆိုခြင်းခံနေရသူ
ထောင်ချီ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက
တာဝန်ရှိသူ ကိုတိတ်နိုင် ကပြောသည်။

"နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ ဆက်ရှိနေခြင်းက ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက်လာတယ်လို့ ပြောလို့ မရပါဘူး"ဟု ၎င်းက
ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအကုန်အထိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၇၂ ဦး
ဆက်လက် ကျန်ရှိနေပြီး တက်ကြွလှုပ်ရှားသူ ၁၃၆ ဦးတို့မှာ တရားရင်ဆိုင်နေကြရကြောင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယခုလ ၁၀ ရက်နေ့၌ ထုတ်ပြန်သည့်
လပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထောင်ကျနေသူများနှင့် တရားရင်ဆိုင်နေရသူများထဲတွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊
အလုပ်သမားခွင့်အရေး၊ သတင်းစာဆရာ၊ ကျောင်းသား လယ်သမား အများစုပါဝင်ပြီး ၎င်းတို့
အခြေအနေမှာ ဖိနှိပ်ခံရသည့် အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် မပါဝင်သော်လည်း လက်ရှိအခြေအနေအရ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော
မြေယာပြဿနာများကြောင့် တောင်သူလယ်သမား ၁,၀၂၅ ဦး မှာလည်း တရားရင်ဆိုင်
နေရကြောင်းလည်း အတည်ပြုပြောဆိုထားသည်။

၂၀၁၃ ခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးမည်ဖြစ်ကြောင်း
သမ္မတ ဦးသိန်းစိန်က ဗြိတိသျှပါလီမန်တွင် ပြောဆိုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားဟု
သတ်မှတ်ခံထားရသူ ၂၇ ဦးကျန်ရှိနေခဲ့ပြီး ယခုနှစ်အတွင်း ထပ်မံဖမ်းဆီးထောင်ချမှုများကြောင့်
၇၂ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်က ကျန်ရှိခဲ့သော ၂၇ ဦးမှာ ၎င်းတို့ကို ဖမ်းဆီးထောင်ချစဉ်က နိုင်ငံရေး ပုဒ်မများ
ပါဝင်သော်လည်း လက်နက်မှု၊ ဖောက်ခွဲမှု၊ မူးယစ်ဆေးဝါနှင့် ဆက်စပ်သော
အခြားပြစ်မှုများကြောင့်ဟုဆိုကာ လွှတ်ပေးရန် အစိုးရက ငြင်းဆန်ခဲ့သည်။

ယခုနှစ်အတွင်း ထပ်မံဖမ်းဆီး ထောင်ချခံရသူများမှာလည်း အခြားရာဇ၀တ်မှုဆိုင်ရာ
ပြစ်မှုပြစ်ဒဏ်များကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ်ကိုပင် အသိအမှတ်ပြုထားခြင်း မရှိကြောင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (Former Political Prisoners Society) မှ အဖွဲ့ဝင်
ဦးရဲအောင် က ပြောသည်။

"၂၀၁၃ ခုနှစ်တုန်းက လွှတ်ပေးတယ်ဆိုတာ နိုင်ငံတကာမှာ မျက်နှာရအောင်၊ ဖိအားလျော့အောင်
လွှတ်ပေးတာသာ ဖြစ်ပါတယ်။ အခုကျနေတော့ နိုင်ငံရေး အကျဉ်းသားလို့တောင် အသိအမှတ်
မပြုတဲ့ အနေအထားဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူ ၁၇ ဦး တရားစွဲဆိုခြင်း ခံရပြီး ခုနစ်ဦး
ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးမှာ အကျဉ်းထောင်များမှ ပြန်လည်
လွတ်မြောက်လာခဲ့ကြောင်း အေအေပီပီ အစီရင်ခံစာအရ သိရသည်။

သို့ရာတွင် အချုပ်ခန်းအတွင်း ရဲများ၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် အရပ်သားတစ်ဦး
သေဆုံးခြင်း၊ စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အလွတ်သတင်းထောက် ကိုပါကြီး
သေဆုံးခဲ့ရခြင်းများအပြင် နိုင်ငံတစ်ဝန်း ဖမ်းဆီးနှိပ်စက်မှုများစွာ ရှိနေကြောင်း
ဆက်လက်ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း