စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ ဘာလုပ်ကြမလဲ

စည်ပင်ရွေးကောက်ပွဲ၌ မြို့တော်ကော်မတီအတွက် ပြည်သူတစ်ဦးက ဆန္ဒမဲပေးနေစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)စည်ပင်ရွေးကောက်ပွဲ၌ မြို့တော်ကော်မတီအတွက် ပြည်သူတစ်ဦးက ဆန္ဒမဲပေးနေစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြည်သူတွေက ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်
တွေဟာ ယခုလ ဒုတိယပတ်လောက်ဆိုရင် ရန်ကုန်မြို့တော်ခန်းမထဲမှာ ရုံးထိုင်ခွင့်ရတော့မှာ
ဖြစ်ပါတယ်။

သူတို့တစ်တွေကတော့ ဒီဇင် ဘာလ ၂၇ ရက်နေ့ စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေ
ဖြစ်ပါတယ်။

၁၅ လကြာ တာဝန် ထမ်းဆောင်ခွင့်ရမယ့် အဲဒီပြည်သူ့ကိုယ်စားလှယ်တွေမှာ လူငါးသန်းကျော်
ရှိတဲ့ မြို့တော်ဟောင်းကြီးနဲ့ ပတ်သက်ပြီး ဘယ်လို အကြံဉာဏ်တွေ ရှိနေလဲဆိုတာသိရဖို့
မြန်မာတိုင်း(မ်)က သူတို့ကို မေးမြန်းထားပါတယ်။

တောင်ပိုင်းခရိုင် ရန်ကုန်တောင်ပိုင်းခရိုင်ကနေ ရွေးကောက်ခံရတဲ့ ဒေါက်တာအေးမင်း ကတော့
သူက ဆရာဝန်ဖြစ်တဲ့အတွက် လူထုကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပိုစိတ်ဝင်စားတယ်လို့
ဆိုပါတယ်။

ရန်ကုန်သားတွေ နှစ်ရှည်လများ ရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာ၊ စားသောက်ဖွယ်ရာတွေထဲမှာ
ဓာတုဆိုးဆေးတွေ ပါဝင်နေတာတွေနဲ့ ပတ်သက်လို့ သူက အဓိကအာရုံစိုက်နေပါတယ်။

မြို့တော်စည်ပင်မှာ ဌာန ၂၁ ခုရှိတာကြောင့် ရွေးကောက်ခံလေးဦးဟာ ဌာနတွေကိုခွဲဝေ
ကိုင်တွယ်ရခြေ ရှိနေပေမယ့် ဘယ်သူက ဘယ်ဌာနတွေကို ကိုင်တွယ်ရမယ်ဆိုတာတော့
မသိရသေးပါဘူး။

ဒါကြောင့် သူက အမှိုက်ပြဿနာနဲ့ ဆိုးဆေး ပြဿနာကို လူထုကို လှုံ့ဆော်တဲ့နည်းနဲ့
ချဉ်းကပ်ဖြေရှင်းသွားမယ်လို့သာ အကြမ်းဖျင်း ပြောနိုင်ပြီး ဘယ်လိုနည်းလမ်းတွေကို
သုံးမယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

"ဈေးတွေ၊ ဆိုင်တွေမှာ ဆိုးဆေး မသုံးစွဲရေးအတွက် လှုံ့ဆော်တဲ့ ဗီနိုင်းတွေ ကပ်သွားမယ်။
အမှိုက်ပြဿနာကိုလည်း ထိုနည်းလည်း ကောင်းပေါ့။ လူထုကိုပညာပေး စည်းရုံးရမယ်"ဟု သူက
အကြမ်းဖျင်း အစီအစဉ်ကို ရှင်းပြပါတယ်။

ပထမဆုံးရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါက်တာအေးမင်း ဟာ အဲဒီကိစ္စတွေအပြင်
မြို့တော်စည်ပင်ကြီးကို ပွင့်လင်းမြင်သာမှု ရှိလာရေးအတွက်လည်း စိတ်အားထက်သန်နေပါတယ်။

"အစည်းအဝေးတွေ တက်တဲ့အခါမှာ ကျွန်တော်တို့ သိလာရတဲ့ဟာတွေကို ပွင့်လင်းစွာ
ချပြချင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ လျှို့ဝှက်အက်ဥပဒေဆိုတာမျိုးတော့ ရှိကောင်း
ရှိနိုင်တယ်"ဟု သူက ဆိုပါတယ်။

"ပွင့်လင်းမှု၊ ရိုးသားမှုကို ကျွန်တော်က နှစ်သက်တယ်။ အဲဒါနဲ့ပဲ သွားချင်တယ်။ ဘာကြောင့်လဲ
ဆိုတော့ လူတွေ အဲဒါကို လိုနေတာဗျ။ ကျွန်တော်တို့ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊
ပွင့်လင်းရမယ်။ ဒါမှလူတွေက ကျွန်တော်တို့တစ်တွေ မကောင်းတာတွေ လုပ်နေတာ
မဟုတ်ဘူးဆိုတာကို သိမယ်" ဟု သူက ပြောပါတယ်။

ဒီလိုပွင့်လင်းမြင်သာမှု ပေါ်ထွန်းလာရေးအတွက် မီဒီယာများနဲ့ အခြားနည်းလမ်းတွေကို
သုံးပြီးဆောင်ရွက်မယ်လို့လည်း သူက ဆိုပါတယ်။

အနောက်ပိုင်းခရိုင် ရန်ကုန်အနောက်ပိုင်းခရိုင်က ရွေးချယ်ခံရသူကတော့ ဇောတိကကုမ္ပဏီအုပ်စုရဲ့
ပိုင်ရှင် ဦးခင်လှိုင် ဖြစ်ပါတယ်။

သူဟာ နာမည်ကြီး တံဆိပ်သင်္ကန်းလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ပြီး စာအုပ်ဆိုင်ကြီးတွေနဲ့
ရွှေတိဂုံဘုရားနားမှာ ရှော့ပင်းစင်တာ တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူကတော့ တာဝန်ထမ်းဆောင်ရမယ့် ၁၅ လကို ငါးပိုင်းပိုင်းပြီးတော့ သုံးလစီမံကိန်းတွေ
အကောင်အထည်ဖော်မယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပထမသုံးလအတွင်းမှာတော့ မြို့တော်စည်ပင်ရဲ့ ဌာနအားလုံးက အချက်အလက်တွေကို
သုတေသနလုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းတွေ ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

ဒုတိယသုံးလကစတင်ပြီး သူပြုပြင် ပြောင်းလဲရေး လုပ်ဆောင်သွားမယ့်ကဏ္ဍ ငါးခု ရှိတယ်
လို့လည်း ဆိုပါတယ်။

အဲဒါတွေကတော့ ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စာရင်းအင်း၊ ဥပဒေနဲ့ ဌာနတွင်း
တည်ဆောက်ရေးကဏ္ဍတို့ ဖြစ်ပါတယ်။

အဲဒီ ငါးခုစလုံးကို ဒုတိယသုံးလပတ်က စတင်ပြီး တစ်ပြိုင်နက်တည်း အားလုံးကို ဆောင်ရွက်
သွားမှာလို့ သူက ဆိုပါတယ်။

ဘဏ္ဍာရေးကဏ္ဍ ဆိုတာကတော့ မြို့တော်စည်ပင်ရဲ့ ၀င်ငွေဟာ ပြည်သူ့အခွန်က အဓိက
အရင်းအမြစ်ဖြစ်တာကြောင့် ၀င်ငွေထွက်ငွေတွေကို စနစ်တကျ ဖြစ်ရေးအတွက် ပြုပြင်ပြောင်းလဲမှု
လုပ်မယ်လို့ သူကဆိုပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍကိုတော့ စည်ပင်ရဲ့ ၀န်ထမ်း၊ အရာရှိကြီးများနဲ့ ပတ်သက်တဲ့
လူ့စွမ်းအားအရင်းအမြစ် မူဝါဒအပြင် ပြည်သူ့ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ကိစ္စကိုလည်း
ပြုပြင်ပြောင်းလဲမယ်လို့ဆိုပါတယ်။

စာရင်းအင်းကဏ္ဍကတော့ စာရင်းစနစ်ကို ပြန်ပြီးသုံးသပ်ပြုပြင်သွားမှာ ဖြစ်ပါတယ်။

ဥပဒေရေးရာကိစ္စမှာတော့ ပြုပြင်ရမယ့် ဥပဒေတွေ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း
ဆောင်ရွက်မယ်လို့ သူက စဉ်းစားထားပါတယ်။

သူ့မဲဆွယ် လက်ကမ်းစာစောင်မှာတော့ စည်ပင်ဝန်ထမ်းတွေခြစားမှုကို အကာအကွယ်ပေးထားတဲ့
ပုဒ်မကို ပြင်ဆင်မယ်လို့ ဖော်ပြထားတာကိုတွေ့ ရပါတယ်။

ဌာနတွင်း တည်ဆောက်ရေးကိုလည်း ဌာနတိုင်းမှာ လုပ်ဖို့ သူက ရည်ရွယ်ထားပါတယ်။

မြောက်ပိုင်းခရိုင် မြောက်ပိုင်းခရိုင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူကတော့ ဦးခင်မောင်တင့်
ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်ခဲ့တယ်လို့ သူ့ပြိုင်ဘက်တွေက စွပ်စွဲတာ
ခံထားရပြီး သူ့ကို တရားဝင်တိုင်ကြားမှုကိုလည်း မကြာခင်မှာ ပြုလုပ်တော့မယ်ဆိုတဲ့အတွက်
နေရာမြဲမှာလား မမြဲဘူးလားဆိုတာ မကျိန်းသေသေးပါဘူး။

ဦးခင်မောင်တင့်ရဲ့ ပြိုင်ဘက်တွေက သူဟာ ရွေးကောက်ပွဲတုန်းက သူ့နာမည်နဲ့ ဓာတ်ပုံပါတဲ့
မဲလက်မှတ်ပုံစံတူ စာရွက်တွေကို မဲရုံနားမှာ ဝေခိုင်းခဲ့တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

မကြာခင်မှာ သူဟာ ကြားနာမှုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဥပဒေထဲမှာတော့ စွပ်စွဲမှုမှန်ကန်ရင် ရွေးကောက်ပွဲပြန်လုပ်ရမယ်၊ ဒါမှမဟုတ် ဒုတိယမဲ
အများဆုံးရသူကို အနိုင်ရသူအဖြစ် သတ်မှတ်မယ်စတာမျိုး ပြဋ္ဌာန်းထားတာ မပါဝင်တာမို့
ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်နေပါတယ်။

အရှေ့ပိုင်းခရိုင် အရှေ့ပိုင်းခရိုင် ကိုယ်စားလှယ်ကတော့ ဦးဌေးအောင် ဖြစ်ပါတယ်။

ဆာကူရာ ဦးဌေးအောင် လို့ လူသိများသူလည်း ဖြစ်ပါတယ်။ သူကတော့ မြို့တော်စည်ပင်ရဲ့
ဗဟိုချုပ်ကိုင်မှုတွေကို အဓိကထားလျှော့ချသွားမယ်လို့ ရည်ရွယ်ထားတယ်လို့ မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

"ကျွန်တော် မြို့နယ်နဲ့ ခရိုင်အဆင့် မြို့ တော်စည်ပင်အရာရှိတွေနဲ့ တွေ့ဆုံသွားမယ်။ ပြီးတော့
လုပ်ပိုင်ခွင့်တွေကိုလည်း သူတို့ကို ခွဲဝေပေးသွားမယ်။ လူတွေပိုပြီး အဆင်ပြေလာမယ်ဆိုရင်ပေါ့"
လို့ သူကဆိုပါတယ်။

"ကျွန်တော့် ဖုန်းနံပါတ်ကို သူတို့ကိုပေးခဲ့တယ်။ လူထုက မြို့တော်စည်ပင်ရဲ့ လုပ်ငန်းတွေနဲ့
ပတ်သက်ပြီး ဘယ်လိုအဆင် မပြေတာမျိုးပဲရှိရှိ ကျွန်တော့်ကို ဆက်သွယ် နိုင်ပါတယ်။
ကျွန်တော့်အနေနဲ့ မြို့တော်စည်ပင်ကော်မတီက ဘာကို အရင်ဆုံးပြုပြင် ပြောင်းလဲသင့်တယ်
ဆိုတာလည်း သုံးသပ်ရမှာဖြစ်ပါတယ်။ ကျွန်တော် လုပ်နိုင်တာကို လုပ်သွားမှာပါ"လို့ သူက
ပြောပါတယ်။

အခြားတစ်ဖက်က အမြင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရဲ့ ရှေ့ဆက်လုပ်မယ့်
လုပ်ငန်းစဉ်တွေအပြင် စောင့်ကြည့်လေ့လာသူတစ်ဦးရဲ့ အခြားတစ်ဖက်က အမြင်တွေကိုလည်း
သိရအောင် သုတေသီ ကိုအောင်ထွန်း ကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

သူဟာ စည်ပင် ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက အစဉ်တစိုက် စောင့်ကြည့်လေ့လာခဲ့သူ
ဖြစ်ပြီး ရွေးကောက်ပွဲလွန်ကာလမှာလည်း သုံးသပ်ချက်စာတမ်းကို ဆက်လက်ပြုစုနေသူ
ဖြစ်ပါတယ်။

"(အနိုင်ရကိုယ်စားလှယ်တွေ) အဓိက လုပ်ရမှာက စည်ပင်ရဲ့ဌာန တည်ဆောက်ထားတဲ့
ပုံသဏ္ဍာန်ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်"လို့ သူက သုံးသပ်ပါတယ်။

အဲဒါအပြင် မြို့တော်၊ ခရိုင်၊ မြို့နယ်ဟူပြီး စည်ပင်ကော်မတီ အဆင့်သုံးဆင့်ရှိတဲ့အနက်
မြို့တော်အဆင့်ဗဟိုကော်မတီထက် ကျန်ခရိုင်နဲ့ မြို့နယ်အဆင့် စည်ပင်ကော်မတီတွေက
ပိုပြီးအလုပ်ဖြစ်မယ်လို့ မူအားဖြင့်သုံးသပ်ကြောင်း သူက ပြောပါတယ်။

မြို့တော်အဆင့် ကော်မတီမှာက အစိုးရက ခန့်အပ်ထားတဲ့ မြို့တော်ဝန်က ဥက္ကဋ္ဌ အဖြစ်
ဆောင်ရွက်တဲ့အပြင် အခြားကော်မတီဝင် လေးဦးဟာလည်း အစိုးရက ခန့်အပ်သူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် စည်ပင်ကော်မတီတွေမှာက ရပ်မိရပ်ဖအဖြစ် ရွေးကောက်ခံရသူက
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်သလို အစိုးရ၀န်ထမ်းကလည်း ကော်မတီထဲမှာ တစ်ဦးသာ
ပါဝင်မှာမို့ သူက အခုလိုသုံးသပ်တာပါ။

"ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်က ဗဟိုအဆင့်ထက် အလုပ်လုပ်ချင်တယ်ဆိုရင် ပိုအလုပ်လုပ်နိုင်တဲ့
တည်ဆောက်မှု ပုံသဏ္ဌာန် ရှိတယ်" လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရသူ ဗဟိုအဆင့်ကော်မတီဝင် လေးဦးအနက် ဆာကူရာ ဦးဌေးအောင်၊
ဇောတိက ဦးခင်လှိုင်နဲ့ ဦးခင်မောင်တင့်တို့ သုံးဦးဟာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် ကောင်းတဲ့ဘက်မှာ အသုံးချရင်
အရမ်းကောင်းမှာပေါ့။ ဥပမာ - အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားဆိုရင် သူ့မှာ စီမံခန့်ခွဲရေး
ကျွမ်းကျင်မှုက ရှိပြီးသားဖြစ်နေတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း တလွဲ အသုံးချမလား၊ သူတို့ရဲ့
အကျိုးစီးပွားအတွက် သုံးမလား ဆိုတာလည်း ပူပန်စရာတော့ ရှိတာပေါ့။ ဒါကတော့ စောင့်ကြည့်
ရမှာပဲ။ လောလောဆယ်ပြောဖို့တော့ စောပါသေးတယ်"ဟု ကိုအောင်ထွန်း က ပြောကြားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း