တစ္ဆေမြို့သဖွယ် ခြောက်ကပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်

ချင်းရွှေဟော်မြို့ တစ်နေရာကို ယခုရက်သတ္တပတ် အစောပိုင်းက တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ချင်းရွှေဟော်မြို့ တစ်နေရာကို ယခုရက်သတ္တပတ် အစောပိုင်းက တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ရက်၂၀ နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ
လောက်ကိုင်မြို့မှာ မြန်မာ့တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ လို့ လူသိများတဲ့
မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်တို့အကြား တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားလျက်
ရှိနေပြီးတော့ လောက်ကိုင်ခရိုင် တစ်ခုလုံးမှာရှိတဲ့ ပြည်သူအများစုကတော့ လားရှိုးမြို့ထဲကို
နေ့စဉ်နဲ့ အမျှ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်နေသော လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့တွေမှာ
နေကြတဲ့ ပြည်သူတွေက မြန်မာနိုင်ငံအနှံ့အပြားက လာရောက် အလုပ်လုပ်ကိုင်သူတွေသာများပြီး
အဲဒီ့မြို့ တွေမှာ အတည်တကျနေထိုင်သူတွေကတော့ မရှိသလောက်နည်းပါးကြပါတယ်။

အတည်တကျ နေထိုင်တဲ့သူတွေကတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တရုတ်လူမျိုးတွေ
များကြပါတယ်။

လောက်ကိုင်မြို့ကို လာပြီးအလုပ်လုပ်တဲ့ သူတွေကတော့ ကြံခုတ်တာ၊ ပန်းရန်လုပ်တာနဲ့
လောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်ကြတာ များပါတယ်။

ကြံခုတ်တာကိုတော့ လောက်ကိုင်ကိုလာတဲ့ လူ ၇၀ ရာခိုင်နှုန်းကျော်က လုပ်ကြပါတယ်။

သူတို့တွေရဲ့ သူဌေးတွေကတော့ တရုတ်လူမျိုး တွေပါ။ အခုလို တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့
လုပ်ငန်းတွေလည်းရပ်ပြီး တရုတ်သူဌေးတွေက သူတို့နိုင်ငံထဲကို ပြန်ပြေးသွားကြပြီပဲဖြစ်ပါတယ်။

ကိုးကန့်ဒေသအတွင်းမှာရှိ မြန်မာ တရုတ်နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့မှာလည်း
လူမရှိသလောက် နည်းပါးနေပြီး မြန်မာနိုင်ငံမှာ ဒုတိယ ကုန်သွယ်မှုအများဆုံး
နယ်စပ်ကုန်သွယ်ရေး စခန်းလို့ သတ်မှတ်ခံထားရတဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း
လည်း လုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် နိုင်ငံ့ဘဏ္ဍာရေးမှာလည်း ဆုံးရှုံးမှုတွေ
များနေပါတယ်။

"ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ကုန်သွယ်တာက ရပ်သွားပြီ။ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ
လုပ်နေတဲ့ ကုန်သည်တွေရော၊ အဓိက ကုမ္ပဏီတွေက ကုန်သည်တွေပေါ့။ သူတို့တွေက
လားရှိုးတို့၊ မန္တလေးတို့ကို တိမ်းရှောင်သွားတဲ့အတွက် ပို့ကုန်ရော သွင်းကုန်ရော မရှိတော့ဘူး။
တိုက်ပွဲတွေ မရှိရင်တော့ ကုန်သွယ်ရေးက ပုံမှန်ပြန်ဖြစ်သွားမယ် ထင်ပါတယ်"လို့ ချင်းရွှေဟော်
နယ်စပ်ကုန် သွယ်ရေးစခန်းရဲ့ တာဝန်ခံ ဦးမျိုးမင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ချင်းရွှေဟော်မြို့မှာရှိတဲ့ အိမ်တွေ၊ ဂိုဒေါင်တွေ၊ စားသောက်ဆိုင်တွေ၊ မိုဘိုင်းဖုန်း
အရောင်းဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကအစ နေသူမရှိ၊ ရောင်းသူ မရှိ ပိတ်ထားကြပြီး
အလုပ်သမားတွေလည်း သူတို့အိမ်တွေကို ပြန်သွားကြပြီဖြစ်တဲ့အတွက် ချင်းရွှေဟော်မြို့ကလည်း
လောက်ကိုင်မြို့နည်းတူ ခြောက်ကပ်လျက် ရှိနေပါတယ်။

စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခံထားရတဲ့ ချင်းရွှေဟော်မြို့မှာ လူသူမရှိတဲ့ နေအိမ်တွေ၊ ဆိုင်တွေ၊
ဂိုဒေါင်တွေကို ဖောက်ထွင်းတာမျိုး ရှိနေတယ်လို့ လက်ရှိနေထိုင်သူများက ပြောကြပေမယ့်လည်း
လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ခင်မောင်လွင်ကတော့ ချင်းရွှေဟော်မြို့အတွင်းမှာ
ရာဇ၀တ်မှု တစ်ခုမှ မရှိသေးဘူးလို့ ပြောဆိုပါတယ်။

"ဖောက်ထွင်းတာတွေ၊ ခိုးတာတွေက လောက်ကိုင်မှာပဲ ရှိတာပါ။ ချင်းရွှေဟော်မှာ မရှိသေးပါဘူး။
နောက်ပြီး ည ၈ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ဖို့ ပြောထားပါတယ်။ အပြင်ထွက်ရင်
သေနတ်နဲ့ ပစ်မယ်လို့လည်း ကြေညာထားပါတယ်။ အခုထိတော့ အဲဒီလိုဖြစ်ရပ်မျိုး မရှိသေးပါဘူး။
လောက်ကိုင်မှာတော့ ညဘက်အပြင်ထွက်လို့ အပစ်ခံရတဲ့ အလောင်းတွေ မနည်းတော့ဘူး"လို့
သူက ပြောပါတယ်။

ဒါ့ပြင် ချင်းရွှေဟော်မြို့မှာ လက်ရှိအချိန်ထိ နေထိုင်နေတဲ့ သူတချို့ကလည်း မြို့အတွင်းမှာ
မအိပ်ရဲကြဘဲ တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ မိန်းတိန်မြို့က တည်းခိုခန်းတွေမှာ သွားအိပ်တာမျိုး
ရှိနေပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးတဲ့ မြန်မာ - တရုတ် နယ်စပ်
သွားလာခွင့်လက်မှတ်နဲ့ဆိုရင် မိန်းတိန်မြို့အတွင်းမှာ ခြောက်ညအိပ် ခုနစ်ရက်အထိ နေထိုင်ခွင့်
ရရှိပါတယ်။

"ကျွန်မတို့ မြန်မာပြည်ဘက်ကို နေ့လယ်ဘက်ဆို ပြန်လာတယ်။ အနီရောင် စာအုပ်နဲ့ဆို
ဟိုဘက်ဒီဘက် လွယ်လွယ်ကူကူ သွားလို့ရတော့ ကျွန်မတို့အတွက် တော်တော် ကောင်းတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ ကျွန်မတို့ ၀င်ပြီဆို စစ်တာမေးမြန်းတာတော့ တော်တော်လုပ်တယ်"
လို့ မမြင့်လှက ပြောပါတယ်။

ဒါ့ပြင် အခုအချိန်တွင် ချင်းရွှေဟော်မြို့မှာ ရှိတဲ့ဆိုင်တွေ အားလုံးပိတ်ထားတဲ့အတွက်
စားသောက်ကုန်ပစ္စည်းများ၊ အသုံးအဆောင်တွေကို လိုအပ်ရင် တရုတ်နိုင်ငံဘက်အခြမ်းကို
သွားရောက်ကာ ၀ယ်ယူကြရပြီး ချင်းရွှေဟော်မြို့မှာလည်း တရုတ်ငွေသာ သုံးနေကြတဲ့အတွက်
ဝယ်ယူရ လွယ်ကူတယ်လို့ ချင်းရွှေဟော်မြို့တွင်းမှာ ထမင်းဆိုင်ဖွင့်နေသူ ဒေါ်သီက ဆိုပါတယ်။

ချင်းရွှေဟော်ဘက်မှ တရုတ်နိုင်ငံဘက်ကို ကူးတဲ့ နမ့်မာဖော်အမည်ရှိ နယ်စပ်ဖြတ်ကျော်
တံတားထိပ် တရုတ်နိုင်ငံရဲ့ ၀င်ပေါက်မှာတော့ လက်နက်ပစ္စည်းအစုံ တပ်ထားတဲ့
တရုတ်ပြောက်ကျားတပ်တွေက နေရာယူထားပြီး မြန်မာနိုင်ငံဘက်က လာသမျှလူတွေ၊
ကားတွေကို သေသေချာစစ်ဆေးနေတာ တွေ့ရပါတယ်။

အဲဒီ ပြောက်ကျားတပ်တွေကတော့ လောက်ကိုင်မှာ တိုက်ပွဲဖြစ်တဲ့အချိန်ကစလို့ လုံခြုံရေး
တာဝန်ယူနေတာလို့ ချင်းရွှေဟော်မြို့ခံတချို့က ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဘက်က သူတို့နိုင်ငံကို ၀င်လာတဲ့သူတွေကို သေသေချာချာ
အထပ်ထပ်အခါအခါ စစ်ဆေးနေတာကို တွေ့ရပေမယ့် မြန်မာနိုင်ငံဘက်ကတော့ လုံခြုံရေး
တာဝန်ယူထားတဲ့ စစ်သားသုံး လေးယောက်သာတွေ့ရပြီး အ၀င်အထွက်ကိုလည်း စစ်ဆေးတာမျိုး
မမြင်မတွေ့ရပါဘူး။

သွားလာခွင့်လက်မှတ် စာအုပ်မှာ တံဆိပ်တုံးနှိပ်ပေးတာက လွဲပြီး စစ်ဆေးမေးမြန်းတာမျိုး
လုံးဝမရှိတာကို တွေ့ရပါတယ်။

"ချင်းရွှေဟော်က စစ်အုပ်ချုပ်ရေးမှာ ပါနေတာတောင် အခုလို နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စမှာ
တင်းတင်းကျပ်ကျပ်လုပ်တာ မတွေ့ ရဘူး။ သူတို့ပဲ အခု လောက်ကိုင်တိုက်ပွဲတွေမှာ
တရုတ်ကြေးစားတွေ ပါတယ်ပြောပြီး တရုတ်ဘက်က အ၀င်အထွက်ကို ပေါ့ပေါ့လျော့လျော့
လုပ်တာ မကောင်းဘူး။ သူတို့ မစစ်ဆေးလို့ ၀င်လာပြီး ဒီမှာတစ်ခုခုလုပ်ရင် ကျွန်တော်တို့
ပြည်သူတွေအတွက်လည်း အန္တရာယ်များပါတယ်"လို့ ချင်းရွှေဟော်မြို့ အတွင်း နေထိုင်သူ
ကိုမင်းအောင်က ပြောပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ချင်းရွှေဟော်မြို့မှာ ကျောင်းတွေကို လောလောဆယ် ပိတ်ထားရပြီး
အထက်တန်းကျောင်း တစ်ကျောင်း ရှိနေတဲ့အတွက် ချင်းရွှေဟော်မြို့က ဆယ်တန်းစာမေးပွဲ
ဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေကိုလည်း နီးစပ်ရာစာစစ်ဌာနတွေမှာ ဖြေခိုင်းဖို့
ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

"လောက်ကိုင်ဒေသက ဆယ်တန်းကလေးတွေကိုတော့ သူတို့နဲ့ နီးတဲ့ စာစစ်ဌာနတွေမှာ
ဖြေဆိုနိုင်ဖို့အတွက် စီစဉ်ထားပါတယ်။ သူငယ်တန်းကနေ ကိုးတန်းအထိ ကလေးတွေကိုတော့
လားရှိုးမှာပဲ စာမေးပွဲ ဖြေခိုင်းဖို့ လုပ်နေပါတယ်။ အဲ့ဒီအတွက် ဆရာမတွေကို မေ ၁၅ ရက်နေ့
အရောက်ပြန်လာဖို့ ခေါ်ထားပါတယ်။ ဆရာမတွေကိုလည်း လစာတစ်လစာ ကြိုထုတ်ပေးထား
ပါတယ်"လို့ အမှတ်(၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်က
ပြောပါတယ်။

လားရှိုးမြို့ မန်ဆူရှမ်းဘုန်းကြီးကျောင်းကို ရောက်ရှိနေသော အသက် ၁၄ နှစ်အရွယ်ရှိ
ကိုမြတ်မင်းက ကျောင်းသားဖြစ်ပေမယ့် ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက်
ကျောင်းစာအုပ်တွေက ပါမလာလို့ စာမေးပွဲဖြေဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

လက်ရှိ မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းမှာ
ချင်းရွှေဟော်မြို့မှလာတဲ့ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ ဒေသခံတချို့ကို
တွက်ကြည့် လိုက်မယ်ဆိုရင် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ပျှမ်းမျှ လူသုံးသောင်းဝန်းကျင်လောက်
ရှိနေပြီလို့ ကယ်ဆယ်ရေးစခန်းတွင် လူအ၀င်အထွက်စာရင်း လုပ်ဆောင်ပေးနေသူ မမီးက
ဆိုပါတယ်။

"နေ့တိုင်းတော့ ဒုက္ခသည်တွေရောက် နေပါတယ်။ တစ်ရက်ကို အနည်းဆုံး ၂၀၀ ကျော်ပါတယ်။
ချင်းရွှေဟော်ဘက်ကတော့ ရောက်တော့ရောက်ပါတယ်။ နည်းသွားပါပြီ။ လူလည်း
ကုန်သလောက် ဖြစ်သွားပြီထင်ပါတယ်"ဟု ၎င်းက ပြောပါတယ်။

လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် လောက်ကိုင်မြို့ တစ်ခုတည်း
သာမကဘဲ အနီးအနားရှိ မြို့များ အပေါ်ပါ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ လားရှိုးမြို့က
ထွက်ပြီဆိုတာနဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာသွားလာနိုင်ခြင်းလည်း မရှိတော့ပါဘူး။
လောက်ကိုင်ဒေသနဲ့ ချင်းရွှေဟော်မြို့တွေမှာ အလုပ်လုပ်ခဲ့ကြတဲ့ သူတွေကတော့
အဲဒီဒေသတွေမှာပဲ သူတို့ လုပ်ခဲ့တဲ့ အလုပ်တွေကို အမြန်ဆုံး ပြန်လုပ်ချင်နေကြပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးဆိုတာတော့ အားလုံးနားလည်ထားကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း