စတုတ္ထတန်းကျောင်းသူ ခြောက်ဦး အစိုးရစစ်စာမေးပွဲ ဖြေဆိုခွင့် မရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကိုင်းကျွန်းကျေးရွာရှိ စတုထ္ထကျောင်းသူ ခြောက်ဦးမှာ
အကြောင်းပြချက်မရှိဘဲ အစိုးရစစ်စာမေးပွဲသို့ ၀င်ရောက်ဖြေဆို ခွင့်မရရှိခဲ့ကြောင်း ၎င်းတို့၏
မိဘများက ပြောသည်။

အဆိုပါကျောင်းသူ ခြောက်ဦးလုံးမှာ ၂၀၁၃ ပညာသင်နှစ်တွင်လည်း အရည်အချင်း မမီဟုဆိုကာ
ကျရှုံးစာရင်းတွင် ပါဝင်ထားပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင်လည်း အကြောင်းပြချက် မရှိဘဲ
စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့်မပေးကြောင်း မိဘတစ်ဦးဖြစ်သူ ဦးလုက ပြောသည်။

"၈ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး လာပြီး ပတ်စ်စပို့ဓာတ်ပုံ နှစ်ပုံ လာတောင်းတယ်။
ကလေးတွေကို အအောင်ပေးဖို့တဲ့။ ကလေးတွေက စာမေးပွဲမဖြေဘဲ ဘယ်လိုအောင်မလဲဆိုပြီး
ကျွန်တော်တို့က မပေးဘူး" ဟု မိဘတစ်ဦးဖြစ်သူ ဦးဘလူးက ပြောသည်။

ကျွန်းကုန်းကျေးရွာတွင် မူလတန်းကျောင်း တစ်ခုသာရှိပြီး စတုတ္ထတန်း ကျောင်းသားများမှာ
အထက်တန်းကျောင်း ရှိသော တရနရွာ၌သို့ သွား၍ အစိုးရစစ် စာမေးပွဲကို ဖြေကြားရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးကမူ ကျောင်းသူများမှာ မနှစ်ကပင် စာမေးပွဲ အောင်မြင်ထားပြီး
ဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

သို့သော် ၎င်းကလေးများသည် အရည်အချင်း မပြည့်မီသောကြောင့် ယခုကဲ့သို့ စတုထ္ထတန်းကို
ပြန်လည်တက်ရောက်စေခြင်းဖြစ်ကြောင်းနှင့် ကျောင်းသားမိဘများကိုလည်း အသိပေး
ပြောကြားခဲ့ကြောင်း၊ မိဘများက သဘောတူသဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

"ဒီကလေးတွေကို တခြားရွာက အထက်တန်းကျောင်း သွားတက်ရင် စာမလိုက်နိုင်ဖြစ်မယ်။
ပြီးရင် စာမတတ်တော့ ဒီကျောင်းဂုဏ်သိက္ခာကျမယ်။ ကျောင်းဂုဏ်သိက္ခာ ထိန်းချင်တဲ့
သဘောနဲ့ သူတို့ကို ငါးတန်းတက်ခွင့်မပေးဘဲ ဒီ ကျောင်းမှာပဲ လေးတန်းပြန်နေခိုင်းတာပါ" ဟု
၎င်းကပြောသည်။

သို့သော် ယခုကဲ့သို့ ကျောင်းသူများ စာမေးပွဲအောင်ခြင်းကို မိဘများအနေဖြင့် မသိရှိရကြောင်းနှင့်
ကျောင်းအုပ်ဆရာမကြီးမှာလည်း မိဘများအားလုံးကိုသာ ခေါ်ပြောခဲ့ခြင်းဖြစ်ပြီး ၎င်းခြောက်ဦး၏
မိဘများကို သီးသန့်ခေါ်ယူ ပြောကြားခဲ့ခြင်း မရှိဟု ဆိုသည်။

"သမီးတို့ ခြောက်ယောက်လုံး နာမည်မပါဘူး။ ဒုတိယအကြိမ် ကျောင်းပြန်တက်တော့
ဆရာမက ပြောတယ်။ သမီးတို့က အောင်တယ်တဲ့" ဟု မခိုင်နှင်းဝေက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း