မြန်မာနိုင်ငံက ခိုးဝင်လာသူများကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တရားမ၀င် လမ်းကြောင်းများက ၀င်ရောက်လာသည့် ရခိုင်ပြည်နယ်
ဘူးသီးတောင်မောင်တော ဒေသတွင် နေထိုင်ကြသူများကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့များက
ဖမ်းဆီးကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ မတ်လ ၆ ရက်နေ့က ပြန်ပို့ခဲ့ကြောင်း ရိုက်တာသတင်းတွင်
ဖော်ပြထားသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သိရှိထားခြင်းမရှိကြောင်း တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ဆီကို ပြန်လွှဲမယ်ဆိုရင် နယ်ခြားတာဝန်ရှိသူတွေက နှစ်နိုင်ငံအလံတင်ပြီးတော့
သေချာလွှဲပြောင်းတာတွေ၊ လက်ခံတာတွေ လုပ်ရမှာပါ။ အခုထိတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး
ဘာမှမကြားဘူး။ အထက်က တစ်စုံတစ်ရာ ညွှန်ကြားလုပ်ဆောင်တာလည်း မရှိပါဘူး"ဟု
ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦခင်စိုးက ပြောသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ တရားမ၀င်နယ်ခြား ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် ဘင်္ဂါလီ
(ရိုဟင်ဂျာ) ၃၀၀ ရှိပြီး ၎င်းတို့မှာ ကော့ဘဇားခရိုင်အနီးရှိ Kutupalong ဒုက္ခသည်စခန်းသို့
သွားရာလမ်းအနီး နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်တွင် သတိပေးတားဆီးခြင်းခံခဲ့ရပြီး
အစောင့်ရဲများနှင့် ခိုးဝင်လာသူများကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင့်တပ်မှူး Mohammad Khalekuzzaman က ရိုက်တာသတင်းဌာနသို့
ပြောကြားခဲ့သည်။

"သူတို့အားလုံးက မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်အဖွဲ့အစည်းက
လာတဲ့သူတွေ ဖြစ်ကြပါတယ်"ဟု ၎င်းက ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ဘင်္ဂါလီ(ရိုဟင်ဂျာ)များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့
နှစ်နိုင်ငံနယ်ခြားစောင့် လုံခြုံရေးတပ်များကို လာဘ်ပေးကာ ၀င်ထွက်သွားလာမှုများ
အစဉ်အဆက်ရှိခဲ့ကာ ကံမကောင်းစွာ ဖမ်းဆီးခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များတွင်
ထောင်ကျနေသူ အများအပြားရှိနေကြောင်း စစ်တွေ ဘင်္ဂါလီ(ရိုဟင်ဂျာ) ဒုက္ခသည်စခန်းက
ဦးအောင်ဝင်း က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း