မင်းအုပ်စိုး အမှု ဧပြီလ ၁ ရက်နေ့ ဆက်လက်စစ်ဆေးမည်

မင်းအုပ်စိုးကို မတ်လ ၂၅ ရက်နေ့က တရားရင်ဆိုင်ရန် တရားရုံးသို့ ခေါ်ဆောင်လာစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မင်းအုပ်စိုးကို မတ်လ ၂၅ ရက်နေ့က တရားရင်ဆိုင်ရန် တရားရုံးသို့ ခေါ်ဆောင်လာစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်ကို သတ်သည်အမှုဖြင့် တရားစွဲဆိုခံ ထားရသည့် ရုပ်ရှင်ဒါရိုက်တာ
သရုပ်ဆောင် မင်းအုပ်စိုး၏ အမှုကို မတ်လ ၂၅ ရက်နေ့က စစ်ဆေးခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင်
ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေ ဗဟန်းမြို့နယ် ဗိုလ်ချို(၂) ရပ်ကွက်
အုပ်ချုပ်ရေးမှူးကို စစ်ဆေးခဲ့သည်။

"ကိုမင်းအုပ်စိုး နေအိမ်တွင် လူသတ်မှုဖြစ်ကြောင်း သက်ဆိုင်ရာနှင့် သွားရောက် စစ်ဆေးစဉ်
သိရှိခဲ့ကြောင်း၊ သေဆုံးသူ မတေးနုယဉ်ဖြစ်ခြင်းကို နောက်တစ်နေ့ နံနက် သတင်းဂျာနယ်
စာမျက်နှာများပေါ်တွင် ဖော်ပြခြင်းမှ သိရှိကြောင်း၊ မတေးနုယဉ် နာမည်ကို မသိရှိဘဲ မဂ္ဂဇင်း
အယ်ဒီတာတစ်ဦးအနေဖြင့်သာ သိရှိကြောင်း၊ အခင်းဖြစ်ရပ်ကို ရဲတပ်ဖွဲ့ဝင်များပြသ၍
သေဆုံးသူတွင် ဒဏ်ရာရရှိထားမှုကို သိရှိကြောင်း၊ အခင်းဖြစ်စဉ်က ၀တ်ဆင်ထားသည့်
အ၀တ်များကို သိမ်းဆည်းရာတွင် လက်မှတ်ထိုးခဲ့ကြောင်း" ၎င်းက ထွက်ဆိုခဲ့သည်။

ဗဟန်းမြို့နယ် ဗိုလ်ချို(၂)ရပ်ကွက်နေ မင်းအုပ်စိုးသည် အသက် ၃၃ နှစ်ရှိ သရပါမဂ္ဂဇင်း
အယ်ဒီတာ မနုနုယဉ်(ခ)တေးနုယဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲ
အချိန်ခန့်က ၎င်း၏ နေအိမ်ခန်းအတွင်း ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊
ခြေထောက်ဖြင့် ကန်ခြင်းတို့ကိုပြုမူခဲ့ရာမှ မတေးနုယဉ် သေဆုံးသွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းက
အမှုဖွင့်အရေးယူခဲ့သော အမှုဖြစ်သည်။

ထို့နောက် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အနောက်ပိုင်းခရိုင်တရားရုံးသို့
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း