အံဒင်ကျောက်မီးသွေး လျှပ်စစ်စီမံကိန်းကို ဒေသခံ ထောင်ချီ ကန့်ကွက်

အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများက မေလ ၅ ရက်နေ့၌ စုဝေးကန့်ကွက်ဆန္ဒပြနေကြစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများက မေလ ၅ ရက်နေ့၌ စုဝေးကန့်ကွက်ဆန္ဒပြနေကြစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)

ရေးမြို့နယ် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် တိုယိုထိုင်းကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနတို့ ပူးပေါင်းတည်ဆောက်မည့် အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
စီမံကိန်းကို ဒေသခံ ၆,၀၀၀ ခန့်က မတ်လ ၅ ရက်နေ့တွင် စုဝေးကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

"ကျောက်မီးသွေးစီမံကိန်း အလိုမရှိ၊ ဒို့ဒေသရဲ့အလှ ကာကွယ်ကြ၊ တိုယိုထိုင်း ကုမ္ပဏီ အလိုမရှိ"
စသည့်တို့ကို တက်ရောက် လာသူများက ကြွေးကျော်ခဲ့ကြသည်။

တိုယိုထိုင်း ကုမ္ပဏီ(Toyo-Thai Co. Ltd)နှင့် ပြည်ထောင်စုအစိုးရတို့ စီမံကိန်း ဆောင်ရွက်မှု
စာချွန်လွှာကို ဧပြီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒေသခံများကြား မကျေနပ်မှုများ
ပေါ်ပေါက်လာခဲ့ပြီး ယခုကဲ့သို့ လူစုဆန္ဒထုတ်ဖော်ရ ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူများ
ကပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ဂျပန်ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်သည့် တိုယိုထိုင်း ကုမ္ပဏီက မဂ္ဂါဝပ် ၁,၂၈၀ ရှိ
ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျှပ်စစ်ဝန်ကြီးဌာနနှင့် သဘောတူညီခဲ့ခြင်းဖြစ်သည်။

"ကုမ္ပဏီနဲ့ အစိုးရက သူတို့ရဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ လူထုကို ပွင့်ပွင့်လင်းလင်း
ပြောဆိုတာမျိုးမရှိဘူး၊ လူထုရဲ့ ဆန္ဒမပါဘဲနဲ့ အခုလို လုပ်ဆောင်တာကို သဘောမတူတဲ့အတွက်
ဒေသခံ ဆရာတော်တွေကိုယ်တိုင် ဦးစီးပြီးတော့ သက်ဆိုင်ရာ ရပ်မိရပ်ဖတွေနဲ့ ရပ်ရွာလူထု
ပူးပေါင်းပြုလုပ်တဲ့ လူထုဆန္ဒထုတ်ဖော်တဲ့ပွဲလည်း ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့
တာဝန်ခံမှု ဖော်ဆောင်ရေး အရပ်ဖက် အဖွဲ့အစည်း မဟာမိတ်အဖွဲ့ ဗဟို ဦးဆောင်ကော်မတီဝင်
မင်အောင်ထူးက ပြောသည်။

ဆန္ဒပြပွဲအတွက် ရေးမြို့နယ်ရဲစခန်းက လူ ၆,၀၀၀ စုဝေးခွင့်ပြုပေးခဲ့ပြီး ဒေသတစ်ဝိုက်ရှိရေး၊ အစင်၊
ဇီးဖြူသောင်၊ ဒူးယား၊ အံဒင် စသည့် ရွာ ၁၀ ရွာက ဒေသခံများ စုဝေးခဲ့ကြသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည် သစ်ပါတီဝင်အချို့
လာရောက်ခဲ့ကြသလို မွန်နိုင်ငံရေးပါတီများ၊ အင်န်အယ်လ်ဒီနှင့် ရေးမြို့နယ်အခြေစိုက်
အစိမ်းရောင်လှုပ်ရှားမှု အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်ပါဝင်ခဲ့ကြသည်။

ကျောက်မီသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်သော အဆိုတင်သွင်းလွှာကို ဧပြီလ ၇ ရက်နေ့က
(၁၁) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သော်လည်း
ဧပြီလ ၉ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးကြောင်း သတင်းကြောင့် နားမလည်နိုင်
ဖြစ်ခဲ့ရကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ချောင်းဆုံမြို့နယ် အမှတ်(၁) ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

"လူထုက တကယ်ကို မလိုလားဘူးဆိုတာကို အစိုးရ သိစေချင်တယ်"ဟု ၎င်းက ပြောသည်။

စီမံကိန်းကို ထောက်ခံသူ လက်မှတ် ၆,၀၀၀ ခန့်ကို တိုယိုထိုင်းကုမ္ပဏီနှင့် မိတ်ဖက်အဖွဲအစည်း
ဖြစ်သည့် ၀င်းရောင်ခြည်ဦး ကုမ္ပဏီက စုဆောင်းကာ ပြီးခဲ့သည့်နှစ်က အစိုးရကို တင်ပြခဲ့သလို
ဖာလိန် ဒေသအတွင်း စက်ရုံတည်ဆောက်ရန် မြေဧက ပေါင်း ၅၀၀ နီးပါး ၀ယ်ယူထားကြောင်း
ရေးမြို့နယ်လူမှု အကျိုးဆောင်အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

"သူတို့က မြေကွက်တွေကို ဒေသခံတွေဆီက ငါးပုစွန်ကန်တွေ မွေးဖို့ဆိုပြီး ၀ယ်တယ်၊ နောက်မှ
တိုယိုထိုင်းနဲ့ ပါတနာဆိုပြီး ကြေညာတာဟာ မရိုးမသား လုပ်ဆောင်ခဲ့တာလို့ပဲ မြင်ပါတယ်"ဟု
၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ အခြေစိုက် ၀င်းရောင်ခြည်ဦးကုမ္ပဏီ ဒါရိုက်တာ ဒေါ်ဌေးဝင်း
ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ် နိုင်ခြင်းမရှိပေ။

အံဒင်ကျေးရွာတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒေသခံများ ဆန္ဒထုတ်ဖော်
ကန့်ကွက်နေချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုယိုထိုင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးလျက်
ရှိကြောင်း မွန်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနနှင့် နီးစပ်သူတစ်ဦး၏ အင်တာနက်စာမျက်နှာတွင်
ဖော်ပြထားသည်။

"သူတို့က ပွင့်လင်းမြင်သာမှုမရှိဘူး၊ သူတို့ ဘာသာ တိတ်တဆိတ် လုပ်သွားတယ်၊ ကောင်းကျိုး
ရှိကောင်းရှိမယ်၊ ဆိုးကျိုးကိုလည်း ထည့်မတွက်ဘူးဆိုရင် နောက်လာမယ့် ပြည်သူတွေ
ဘယ်လိုခံစားရမလဲ"ဟု ရေးမြို့နယ် ကျုံလောင်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရပ်ကျေးအတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလက
ရေးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခုဒုတိယအကြိမ်အဖြစ် ဆန္ဒထုတ်ဖော် ကြခြင်းဖြစ်သည်။

ရေးမြို့နယ်တွင် လက်ရှိအခြေအနေအရ အစိုးရလျှပ်စစ်မီး မရရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု
အပေါ်တွင် မှီခိုနေကြရပြီး မီတာခမှာ လောင်စာဆီဈေးနှုန်းပေါ်မူတည်ပြီး လျှပ်စစ် တစ်ယူနစ်လျှင်
ကျပ် ၅၀၀ မှ ၆၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း