ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ၏ မဲပေးခွင့် အခြေခံဥပဒေနှင့် မညီကြောင်း ဖွဲ့စည်းပုံ ဥပဒေခုံရုံး ဆုံးဖြတ်

ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများကို ဆန္ဒမဲပေးခွင့် ပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မေလ ၁၁ ရက်တွင်
ဆုံးဖြတ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ
ဥပဒေ၊ ပုဒ်မ ၁၁၊ အပိုဒ်ခွဲ (က) ပါ မဲပေးခွင့်ရှိသူများ ပြဋ္ဌာန်းချက်တွင် ယာယီ သက်သေခံလက်မှတ်
ကိုင်ဆောင်သူများ ပါရှိခြင်းအပေါ် အခြေခံဥပဒေနှင့် ညီမညီ စိစစ်ပေးရန်
လွှတ်တော်ကိုယ်စားလှယ်များ၏ တင်သွင်းလွှာအပေါ် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုတာ အခြေခံဥပဒေနဲ့ မညီဘူးပေါ့။
ခုံရုံးက ဒီနေ့ အဆုံးအဖြတ် ပေးလိုက်တာပါပဲ"ဟု ခုံရုံးသို့ တင်သွင်းရာတွင် ပါဝင်သည့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

၎င်း ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (အာရ်အင်န်ပီ) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ
ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက ခုံရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး
ဧပြီလ ၃ ရက်တွင် စတင်ကြားနာခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ကို ပြင်ဆင်သည့် ဥပဒေကြမ်း
အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ဖေဖော်ဝါရီလအတွင်း ပြဋ္ဌာန်းခဲ့ပြီး
ဥပဒေဆွေးနွေးစဉ် ပြည်ထောင်စု လွှတ်တော်က ခုံရုံးထံ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ
အခြေခံဥပဒေနှင့် မညီကြောင်း သဘောထားပေးခဲ့သော်လည်း အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြဋ္ဌာန်းချက်သည် အခြေခံဥပဒေ ပုဒ်မ ၃၈ (က) နှင့် ၃၉၁ (က)တို့အရ အခြေခံဥပဒေနှင့်
မညီညွတ်ကြောင်း အဖွဲ့ဝင် ကိုးဦးပါ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၃၈ (က)တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်
တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၉၁ (က)
တွင် ရွေးကောက်ပွဲ စတင်ကျင်းပသည့် ရက်၌ အသက် ၁၈ နှစ် ပြည့်၍ ဥပဒေအရ (နိုင်ငံသားနှင့်
မဲပေးခွင့်) အရည်အချင်း မပျက်ယွင်းသော နိုင်ငံသားတိုင်းနှင့် ဥပဒေအရ မဲပေးခွင့် ရှိသူတိုင်းသည်
ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

"ဥပဒေအရ ယာယီသက်သေခံ လက်မှတ် ထုတ်ပေးခွင့်ရှိတယ်။ ဒါပေမဲ့ အခြေခံဥပဒေမှာ
နိုင်ငံသားတိုင်း မဲပေးခွင့်လို့ ဖော်ပြထားတယ်။ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေက
နိုင်ငံသား မဖြစ်သေးဘူး" ဟု ၀ါရင့် တရားသူကြီးတစ်ဦးက ပြောသည်။

နည်းအမျိုးမျိုးဖြင့် နိုင်ငံအတွင်း ရောက်ရှိ၊ မှီတင်းနေထိုင်သူများကို ယာယီသက်သေခံလက်မှတ်
စိစစ်ထုတ်ပြန်ရန် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်
၁၉၅၁ ခုနှစ်၊ ၎င်းနည်း ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လက်မှတ်ကိုင်ဆောင်သူများ၏ မဲပေးခွင့်နှင့် နိုင်ငံရေးပါတီ ထူထောင်ခွင့်များကိုလည်း
တပ်မတော်အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့ပြီး ရခိုင်ပဋိပက္ခဖြစ်ပြီးနောက် နိုင်ငံရေးပါတီ
ထူထောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က ယမန်နှစ်တွင် ပြန်လည်း ရုတ်သိမ်းခဲ့သည်။

သတင်းဖော်ပြချက်များအရ နိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ
၇၀၀,၀၀၀ ကျော်ရှိပြီး ယင်းတွင် ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ကြာနေထိုင်ခဲ့သူ ရိုဟင်ဂျာ
အရေအတွက် ၈၃ ရာခိုင်နှုန်း ပါဝင်သည်။

နိုင်ငံအတွင်း အဆိုပါလက်မှတ်ဖြင့် နေထိုင်သူများသည် မေလ ၃၁ ရက်နောက်ဆုံးထား၍
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းခံယူရန်နှင့် ထုတ်ပြန်ပြီး
ယာယီသက်သေခံလက်မှတ်များကို မတ်လ ၃၁ ရက်မှစ၍ ဖျက်သိမ်းကြောင်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ဖေဖော်ဝါရီလတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း