ရွေးကောက်ပွဲ၌ တိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက်ပါ အင်န်အယ်လ်ဒီ ယှဉ်ပြိုင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်
ကိုယ်စားလှယ်နေရာများသာမက တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာများအတွက်ပါ
ဝင်ရောက်ယှဉ်ပြိုင်သွားရန် အစီအစဉ်ရှိကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးထွန်းထွန်းဟိန်က ပြောသည်။

ရွေးကောက်ပွဲလုပ်မည့်ရက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပေးခြင်း
မရှိသေးသည့်အတွက် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က
မဆုံးဖြတ်ရသေးသော်လည်း ပါတီက မဲဆန္ဒနယ်အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင်ရန်
မျှော်မှန်းထားသည်ဟု ၎င်းကဆိုသည်။

"ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ ရွေးကောက်ပွဲရက် ကြေညာပြီးမှပဲ ဆုံးဖြတ်သွားမယ်လို့
ထင်ပါတယ်။ တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာ ၀င်ပြိုင်မယ်ဆိုတော့ တခြားတိုင်းရင်းသားပါတီ
တွေနဲ့လည်း ညှိနှိုင်းတာမျိုး လုပ်ရမှာပေါ့။ မဲဆန္ဒနယ်တွေအားလုံးမှာ အနိုင်ရဖို့ကိုတော့
ကြိုးစားရပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

ထို့အတူ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကိုလည်း
ပါတီက ဆုံးဖြတ်ဆောင်ရွက်ခြင်း မရှိသေးသည့်အပြင် ယခုလွှတ်တော်တွင်း ရောက်ရှိနေသော
လွှတ်တော်ကိုယ်စားလှယ် အများစုမှာလည်း အခြားမဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်ရဖွယ်
ရှိနေပြီး အချို့ကိုယ်စားလှယ်များမူ အသက်အရွယ်ကြောင့် အနားယူရဖွယ်ရှိနေသည်။

"ကိုယ်စားလှယ်လောင်းဆိုတာ တိုင်းရင်းသားဖြစ်ရမယ်။ အရည်အချင်းရှိရမယ် အဲဒါတွေက
အင်န်အယ်လ်ဒီ ရဲ့မူတွေပေါ့။ နောက်ပြီး အမျိုးသမီးတွေနဲ့ လူငယ်တွေလည်း လွှတ်တော်
ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးဖို့ အစီအစဉ်ရှိပါတယ်"ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။

အင်န်အယ်လ်ဒီက တိုင်းရင်းသား ရေးရာဝန်ကြီးနေရာများပါ ၀င်ရောက် ယှဉ်ပြိုင်မည်ဆိုပါက
တိုင်းရင်းသားပါတီများနှင့် အင်န်အယ်လ်ဒီအကြား ဆက်ဆံရေး တစ်မျိုးတစ်ဖုံ ပြောင်းလဲ
သွားနိုင်ကြောင်း တိုင်းရင်းသားပါတီ ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော ညီနောင်
တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ဒါရိုက်တာ ဒေါ်ချင်းချင်းက ဆိုသည်။

"အင်န်အယ်လ်ဒီနဲ့ ယူအက်စ်ဒီပီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုချင်တယ်ဆိုရင်
တိုင်းရင်းသားလူနည်းစုတွေရှိတဲ့ မဲဆန္ဒနယ်တွေကို ရှောင်ပေးသင့်ပါတယ်"ဟု ချင်းအမျိုးသား
တိုးတက်ရေးပါတီအဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်ချင်းချင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က
ပါတီအားလုံးသည် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာကို ၀င်ရောက်အရွေးချယ်ပိုင်ခွင့်ရှိသည်ဟု
ဆိုပြီး ရခိုင်တိုင်းရင်းသားပြည်သူများက ၎င်းကို ပြန်လည်ရွေးချယ်လိမ့်မည်ဟု ယုံကြည်ထားသည်။

"ကျွန်တော်က အခုနေရာအတွက်ပဲ ပြန်အရွေးခံသွားမှာပါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းက
တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာကို ပြည်ခိုင်ဖြိုးက ၀င်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းရင်းသား
ပါတီတွေပဲ အနိုင်ရခဲ့တဲ့သမိုင်းက ရှိထားတော့ ဒီအပေါ်ဘာမှပြောစရာ မလိုပါဘူး"ဟု
ရခိုင်အမျိုးသားပါတီ၏ အဖွဲ့ဝင်ဖြစ်သူ ဦးဇော်အေးမောင်က ပြောသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၌ လွှတ်တော် သုံးရပ်အတွက်
၆၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး
တို့တွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများ၌ ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။

အင်န်အယ်လ်ဒီနှင့် မိတ်ဖက်နိုင်ငံရေး ပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ကလည်း အင်န်အယ်လ်ဒီ က တိုင်းရင်းသားရေးရာဝန်ကြီး နေရာများ၌ပါ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု
ဆုံးဖြတ်ပါက ညှိနှိုင်းသွားရမည်ဟု အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။

"ကျွန်တော်တို့ပါတီက မဲဆန္ဒနယ်တွေ အားလုံးမှာ ၀င်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူး။ အဓိက
ယှဉ်ပြိုင်မှာက ရှမ်း၊ ကချင်၊ မန္တလေး ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း