လှေစီးဒုက္ခသည်များအရေး မတင်မကျဖြစ်နေဆဲ

အင်ဒိုနီးရှားနိုင်ငံက ကယ်တင်ထားသည့် လှေစီးဒုက္ခသည် တစ်ဦးကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအင်ဒိုနီးရှားနိုင်ငံက ကယ်တင်ထားသည့် လှေစီးဒုက္ခသည် တစ်ဦးကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပင်လယ်ထဲတွင် လှေများဖြင့်မျောနေသည့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်း
များစွာကို ကယ်တင်ပေးရန် အာဆီယံနိုင်ငံများကို နိုင်ငံတကာက ဆက်လက်တိုက်တွန်းနေချိန်တွင်
ထိုင်းနှင့် မလေးရှားနိုင်ငံများကလည်း ၎င်းတို့ကို လက်ခံရန် ငြင်းဆိုနေကြပြီး မြန်မာနိုင်ငံကလည်း
၎င်းတို့သည် မြန်မာနိုင်ငံက ဖြစ်သည်ဆိုသည့် အချက်ကို ငြင်းဆိုနေသည်။

"မြန်မာနိုင်ငံသားလို့ပြောပြီး ရောက်နေတဲ့ သူတွေအားလုံးကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်
စိစစ်မှုတွေ လုပ်ပါ့မယ်။ တကယ်လို့ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထားပြနိုင်ရင်
ကျွန်တော်တို့ သူတို့ကို သက်ဆိုင်ရာနေရာတွေကို ပြန်ဖို့ဆောင်ရွက်မယ်ဆိုတာ ပြောပါတယ်။
ဒါတွေဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ တချို့သူတွေကို ထိုင်း၊ မလေးရှား၊
အင်ဒိုနီးရှားတို့ကို ပို့ဆောင်ပြီး လုပ်နေတဲ့ လူမှောင်ခိုလုပ်တဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စတွေရဲ့
အကျိုးဆက်လို့ မြင်ပါတယ်။ ကျွန်တော်တို့တွေလည်း နိုင်ငံတကာမိသားစုအဖွဲ့ဝင်ဖြစ်တာနဲ့အညီ
လူကုန်ကူးတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် ဒေသတွင်း နိုင်ငံတွေနဲ့ရော၊ နိုင်ငံတကာ အဖွဲ့အစည်း
တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်။ ဘယ်လိုလုပ်သွားမယ်ဆိုတာကတော့ နိုင်ငံခြားရေး
ဝန်ကြီးဌာနက တာဝန်ခံပြီး အသေးစိတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြန်ကြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

"သံတမန်တွေဘက်ကလည်း ဒီကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုထိခိုက်သွားစေမှာကို
စိုးရိမ်တယ်ဆိုတာ ပြောခဲ့ကြပါတယ်။ ဒီကိစ္စက တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်နေမယ့်
အစား လူမှောင်ခိုကူးတဲ့ကိစ္စကို အားလုံးဝိုင်းပြီး ဖြေရှင်းကြမယ်ဆိုတာ အခြေခံပြီး
ဆွေးနွေးကြပါတယ်" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံကဆိုသည့် လူရာပေါင်းများစွာ တင်ဆောင်လာသော လှေတစ်စင်းကို ထိုင်းနိုင်ငံက
မေလ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပင်လယ်ထဲသို့ ပြန်လည်တွန်းပို့ခဲ့သည်။

ထိုလှေများကို ထိုင်းနိုင်ငံက ပြန်လည်တွန်းပို့ပေးခဲ့ရာ ထိုင်းနိုင်ငံ၏ ကျွန်းတစ်ကျွန်း ဖြစ်သည့်
Ko Lipe နှင့် မလေးရှားနိုင်ငံ၏ ကျွန်းတစ်ကျွန်းဖြစ်သည့် Lang-kawi အကြားရှိ ပင်လယ်ပြင်
အနီးတွင် မလေးရှား ရေကြောင်းအာဏာပိုင် သို့မဟုတ် စစ်သင်္ဘောများကို တွေ့မြင်နိုင်သည်။

အဆိုပါလှေကို နောက်ပိုင်းတွင် မလေးရှားအာဏာပိုင်များက ပင်လယ်ဘက်သို့ ပြန်လည်တွန်း
လွှတ်ခဲ့သည်ဟု ထိုင်းရေတပ်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ၈,၀၀၀ ခန့် ပင်လယ်ထဲတွင်
အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေဖြင့် မျောပါနေစေသည့် ပိုမိုပြင်းထန်
လာနေသော လူသားချင်းစာနာမှုနှင့် သံတမန်ရေးအကြပ် အတည်းကာလအတွင်း
နောက်ဆုံးအခြေအနေ တစ်ခုဖြစ်သည်။

အဆိုပါ ဒုက္ခသည် အများစုမှာ ထိုင်းနိုင်ငံသို့ ဦးတည်လာနေသည်ဟု ယူဆရသော်လည်း
ထိုင်းအစိုးရ၏ လူမှောင်ခိုနှိမ်နင်းမှု တစ်ရပ်ကြောင့် မလေးရှားနိုင်ငံနှင့် နယ်စပ်ရှိ လူမှောင်ခို
စခန်းများစွာမှာ ပိတ်သိမ်းသွားပြီဖြစ်သည်။

ထို့ပြင် ဒေသတွင်းရှိ အခြားနိုင်ငံများမှာလည်း လူမှောင်ခိုများကို လက်မခံဘဲ နှင်လွှတ်လျက်
ရှိသည်။

မေလ ၁၆ ရက်နေ့တွင် အဆိုပါ ဒုက္ခသည်လှေကို မြန်မာတိုင်း(မ်)က မျက်မြင်တွေ့ရှိခဲ့ရာ
အမိုးအကာမရှိသည့် လှေပေါ်တွင် လူများမှာ နေ့လယ်ခင်း နေပူပူအောက်တွင် ပြွတ်သိပ်တိုးဝှေ့
နေကြရပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ ငိုကြွေးနေကြသည်။

အချို့မှာ အကူအညီပေးရန် လက်ဝှေ့ယမ်းပြီး တောင်းဆိုနေကြသည်။

အစိမ်းနှင့် အနီရောင်ခြယ်ထားသည့် ငါးဖမ်းလှေတွင် အလံတစ်ခု လွှင့်ထူထားပြီး
လှေပေါ်ပါသူများမှာ မြန်မာရိုဟင်ဂျာများဖြစ်သည်ဟု အသိပေးထားသည်။

သို့သော် ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းမှာ တရားမ၀င် အလုပ်သမား တင်ပို့ရန်အတွက်
ဖုံးကွယ်မှုသာဖြစ်သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘွတ်ခ်
စာမျက်နှာတွင် ရေးသားခဲ့သည်။

"ခုတော့ လူကုန်ကူးဂိုဏ်းတွေက ဒီနိုင်ငံတွေကို တရားမ၀င် အလုပ်သမားတင်ပို့ရာမှာ
အကောင်းဆုံး ဖုံးကွယ်မှုက ရိုဟင်ဂျာ ဒုက္ခသည်ဆိုတဲ့ အကြောင်းပြချက်ပဲ။ သက်ဆိုင်ရာ
နိုင်ငံတွေက လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပို့၊ မိတဲ့အခါမှာ ဘင်္ဂါလီဒုက္ခသည်တွေပါဆိုပြီး
သနားစဖွယ် ပုံဖော်ပြ၊ ဒီလိုနဲ့ မြန်မာနိုင်ငံကို လက်ညှိုးထိုး၊ ကိုယ့် နိုင်ငံထဲမှာ လူသတ်ချင်သတ်၊
ကျွန်ပြုချင်ပြု၊ လုပ်ချင်သလို လုပ်နေတဲ့ ကိစ္စတွေကို ဖုံးကွယ်၊ ဒါတွေဟာ ကိုယ့်တာဝန်ကိုယ်
မယူနိုင်လို့ ပြောနေတာတွေပဲ ဖြစ်တယ်" ဟု ၎င်းက ရေးသားထားသည်။

ထို့ပြင် ၎င်းဒုက္ခသည်များမှာ မည်သည့် နေရာမှဟု တိတိကျကျ မသိနိုင်ဘဲ ဘင်္ဂါလီ ဆိုသည်နှင့်
မြန်မာနိုင်ငံကဟု ပြောကြားနေခြင်းမှာ သိက္ခာမဲ့သည့် ပြောကြားချက် ဖြစ်သည်ဟု ၎င်းက
ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း
ကမူ ၎င်းဒုက္ခသည်များသည် လူ့အခွင့်အရေးရရှိရန် လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

ဒုက္ခသည်များကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည့် အချက်ကြောင့် ပင်လယ်တွင်း ပြန်လည်
တွန်းထုတ်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ၎င်းတို့သည် လူသားများဖြစ်သည့်အတွက်
လူ့အခွင့်အရေးရရှိရန် လိုအပ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ ထောင်ပေါင်းများစွာသော လှေစီးဒုက္ခသည်များသည်
မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အနီး ပင်လယ်ထဲတွင် မျောပါနေကြဆဲဖြစ်ကာ ဒုက္ခသည်
၃,၀၀၀ ခန့်ကို ကယ်ဆယ်ကျွေးမွေးထားပြီးဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း
နောက်ထပ်လက်ခံရန် ငြင်းဆန်နေကြသည်။

ဒုက္ခသည်လှေများတွင် အစားအစာနှင့် ရေလည်း ပြတ်လပ်နေကာ အချို့မှာ မိမိတို့ ကျင်ငယ်ရေကို
ပြန်လည်သောက်ကာ အသက်ရှင်ရန် ကြိုးပမ်းနေကြရသည်ဟု သတင်းများက ဖော်ပြသည်။

အေအက်ဖ်ပီသတင်းဌာန၏ ဖော်ပြချက်အရ မေလ ၁၈ ရက်နေ့ကလည်း လှေပေါ်တွင် အချင်းချင်း
တိုက်ခိုက်မှုများဖြစ်ပွားပြီး လူ ၁၀၀ ခန့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံက
အရေးပေါ်ထိပ်သီး အစည်းအဝေးကျင်းပရန် ပြောကြားခဲ့သလို မေလ ၂၉ ရက်နေ့တွင်လည်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒေသတွင်းဆွေးနွေးပွဲ ကျင်းပသွားရန် စီစဉ်ထားသည်။

သို့သော် အဆိုပါ အစည်းအဝေးသို့ မြန်မာက တက်ရောက်မည် မတက်ရောက်မည်ကို
ပြောကြားခြင်း မရှိသေးပေ။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း