ရွှေစင်ကြယ်ပဲကို စမ်းသပ်စိုက်ပျိုးအောင်မြင်ပါက ဘိန်းအစားထိုးသီးနှံအဖြစ် အသုံးပြုရန် စီစဉ်ထား

ရွှေစင်ကြယ်ပဲစေ့များကို တွေ့ရစဉ်။ ဓာတ်ပုံ - ၀ီကီပီးဒီးယားရွှေစင်ကြယ်ပဲစေ့များကို တွေ့ရစဉ်။ ဓာတ်ပုံ - ၀ီကီပီးဒီးယား

မြန်မာနိုင်ငံရှိ နေရာဒေသအချို့တွင် စမ်းသပ်စိုက်ပျိုးနေသည့် ရွှေစင်ကြယ်ပဲ စိုက်ပျိုးမှုအောင်မြင်ပါက
ဘိန်းအစားထိုး သီးနှံအဖြစ် အသုံးပြုသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးအုန်းသန်းက မေလ ၂၅ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ရွှေစင်ကြယ်ပဲမျိုးသည် တောင်အမေရိက အပူပိုင်းဒေသ၊ အမ်မေဇုံမြစ်ဝန်းရှိ အစေ့မှ
ဆီထုတ်ယူနိုင်သည့် နွယ်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုး၊ မူဆယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် ဧက ၁,၅၀၀ ကို EL SHADDAI
ကုမ္ပဏီလီမိတက်က ပီရူးနိုင်ငံမှ တင်သွင်းကာ ဖြန့်ဖြူးခြင်း၊ စမ်းသပ်စိုက်ပျိုးခြင်းများ
လုပ်ကိုင်လျက်ရှိသည်။

"ဒီဒေသတွေမှာ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ပါက ဘိန်းအစားထိုးဒေသတွေမှာရှိတဲ့ တောင်သူတွေ
စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာပံ့ပိုး
ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးအုန်းသန်းက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီလီမိတက်က မျိုးစေ့ တစ်ကီလိုလျှင် ကျပ် ၂၂,၀၀၀ နှုန်းဖြင့် စိုက်ပျိုးသူများထံသို့
ရောင်းချပေးလျက်ရှိပြီး ထွက်ရှိလာသည့် ရွှေစင်ကြယ်ပဲများကို တစ်ကီလိုလျှင် ကျပ် ၁,၁၀၀ နှုန်းဖြင့်
ပြန်လည်ဝယ်ယူသည်ဟုလည်း ဦးအုန်းသန်းက ပြောကြားသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စုတွင်လည်း 
Golden Sacha Inchi ကုမ္ပဏီလီမီတက်က ခြံထွက်သီနှံများ စိုက်ပျိုးသော တောင်သူများနှင့်
တွေ့ဆုံပြီး ရွှေစင်ကြယ်ပဲ တိုးချဲ့စိုက်ပျိုးရန်၊ ထွက်ရှိလာသည့် ပဲများကို ကုမ္ပဏီက စာချုပ်ချုပ်ဆို
ဝယ်ယူရန်တို့ကို ဆွေးနွးခဲ့ပြီး လေးမျက်နှာမြို့နယ်ရှိ အိုင်သပြု(မယင်း)ကျေးရွာတွင် အ၀ယ်ဒိုင်
ဖွင့်လှစ်ကာ ၀ယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ပဲခူးတိုင်းဒေသကြီး၊
အေးသုခကျေးရွာ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ချောကုန်းကျေးရွာတို့တွင်လည်း
စမ်းသပ်စိုက်ပျိုးရန် ပျိုးထောင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုပဲမျိုးသည် သက်တမ်းခြောက်လဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် အသီးသီးလေ့ရှိပြီး စိုက်ပျိုးမည်ဆိုပါက
တစ်ဧကလျှင် ပထမနှစ်အတွက် ၀င်ငွေ ကျပ် ၁၀ သိန်း၊ ဒုတိယနှစ်အတွက် ကျပ် ၁၅ သိန်းခန့်
ရရှိနိုင်ပြီး သက်တမ်းရင့်လာသည်နှင့်အမျှ တစ်နှစ် လျှင်ဝင်ငွေ ကျပ် သိန်း ၅၀ နှင့် ၇၀ အကြား
အမြတ်အစွန်းရရှိနိုင်သည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က
ဆွေးနွေးခဲ့သည်။

ရွှေစင်ကြယ်ပဲပင် (Inca Peanut) ၏ အစေ့တွင် ပရိုတိန်း(ခေါ်) အသားဓာတ် ၂၇ ရာခိုင်နှုန်းနှင့်
အဆီ ၃၅ မှ ၆၀ ရာခိုင်နှုန်း အထိပါဝင်သည့်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံး
အာယုဒီဃဆေးအဖြစ် လက်ခံထားကြသည်။

ထို့ကြောင့် ရွှေစင်ကြယ်ပဲကို ရောဂါကုသနိုင်သည့် ဆေးထုတ်လုပ်မှုတွင် လည်းကောင်း၊
စားသုံးကုန် ထုတ်လုပ်မှုတွင် လည်းကောင်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်မှုတွင်လည်းကောင်း၊
လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးရေး ပံ့ပိုးမှုအတွက် ဆေးထုတ်လုပ်မှုတွင်လည်းကောင်း တွင်တွင်ကျယ်ကျယ်
အသုံးပြုနိုင်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း