တတိယအကြိမ်မြောက် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ပြသ

လူသားတိုင်းအတွက် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ညီတူညီမျှ နားလည်စေနိုင်ဖို့
ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးကို
တတိယအကြိမ်အဖြစ် ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေပြည်တော်နဲ့
ဝဇီရာရုပ်ရှင်ရုံတို့မှာ လေးရက်ကြာ ပြသနေပါတယ်။

ဒီနှစ်ပွဲတော်မှာတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့
မှတ်တမ်းရုပ်ရှင်ကားတွေအပြင် အမျိုးသမီးတွေအနေနဲ့ လူ့ပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားနေရတဲ့
အကြောင်းအရာတွေကို တင်ဆက်ပြသမယ့် မှတ်တမ်းရုပ်ရှင်ကားတွေကိုလည်း ပြသသွားမှာပါ။

ဥရောပနိုင်ငံကြီးရဲ့ အကြီးဆုံးရုပ်ရှင်ပွဲတော် One World ကို တည်ထောင်သူလည်းဖြစ်၊
ဒီရုပ်ရှင်ပွဲတော်ရဲ့နိုင်ငံတကာ အကြံပေးတစ်ဦးလည်းဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ်
မစ္စတာ Igor Blazevic က နိုင်ငံရေးအခြေအနေ ကူးပြောင်းတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ
ဒီလိုလူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကြီးကို ပြုလုပ်ခြင်းက နိုင်ငံသားတွေအတွက် တစ်ဦးကိုတစ်ဦး
ပိုမိုနားလည်စေနိုင်မယ်လို့ ဆိုပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း ကွန်မြူနစ်အာဏာစက်အောက်မှာ နှစ် ၃၀ ကြာအောင် နေခဲ့ရပါတယ်။
နိုင်ငံရေးအပြောင်းအလဲဆိုတာ နိုင်ငံသားတိုင်းအတွက် အရေးကြီးပါတယ်။ အာဏာရှင်စနစ်
တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲတဲ့အခါ အဲဒီအာဏာရှင်စနစ်ကနေ ကျန်ခဲ့တဲ့ အမှိုက်၊
အဆွေးအမြေ့တွေက လူတွေနဲ့အတူ ကျန်နေခဲ့တတ်ပါတယ်။ အဲဒီတော့ အဲဒီအမှိုက် ဆွေးမြေ့တွေ
ဖယ်ထုတ်ပြီး လူတွေစိတ်ကို ပွင့်လင်းသွားအောင် ရှင်းထုတ်လိုက်ဖို့က ဒီလိုရုပ်ရှင်ပွဲတော်တွေ
ကသာ တတ်နိုင်မှာပါ။ ဒီရုပ်ရှင်ပွဲတော်က နိုင်ငံရေးပြောင်းလဲမှုအတွက် အင်မတန်မှ အရေးပါတဲ့
အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် ဒီပွဲတော်က အရေးပါပါတယ်"လို့
သူက ဆိုပါတယ်။

ရုပ်ရှင်ပွဲတော်ကြီးမှာတော့ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်တိုနဲ့ ဇာတ်လမ်းရှည်စုစုပေါင်း ၆၅ ကား
ပြသသွားမှာပါ။

ပြည်တွင်း ဒါရိုက်တာတွေရိုက်ကူးထားတဲ့ ဇာတ်ကားပေါင်း ၃၁ ကားနဲ့ နိုင်ငံ ၁၅ နိုင်ငံက
ဒါရိုက်တာတွေ ရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံတကာ မှတ်တမ်းရုပ်ရှင် ဇာတ်ကားပေါင်း
၃၄ ကားတို့ ပါဝင်ပါတယ်။

ပိတ်ပွဲနဲ့ ဆုပေးပွဲအခမ်းအနားကိုတော့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ၊ ဆူးလေရှန်ဂရီလာ
ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီပိတ်ပွဲမှာတော့ ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကားတွေထဲကမှ ဆု ခုနစ်ဆုကို ပြည်တွင်းပြည်ပက
ဒိုင် ၂၃ ဦးကနေ အကဲဖြတ် ရွေးချယ်ပေးအပ်သွားမှာပါ။

ရုပ်ရှင်ပွဲတော် ကျင်းပနေစဉ်ကာလအတွင်းမှာ ယခင်က ချက်သမ္မတဟောင်း တစ်ဦးလည်းဖြစ်၊
နိုင်ငံရေးလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဗားကလပ်ဟာဗဲလ်နဲ့
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကြားက သံတမန်ဆက်ဆံရေးအရ
ရင်းနှီးမှုကို ပြသထားတဲ့ ဓာတ်ပုံပြပွဲကိုလည်း ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ
ပန်းဆိုးတန်းပန်းချီပြခန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း