ယခုလကုန်ထိ မြန်မာနိုင်ငံ အနှံအပြားတွင်မိုးကောင်းနိုင်

ဇူလိုင်လကုန်အထိ မုတ်သုံလေအားကောင်းနိုင်မှုကြောင့် မြန်မာနိုင်ငံအနှံအပြားတွင်
အများအားဖြင့်မိုးအားဆက်ကောင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဇူလိုင်လ ၂၁ရက်နေ့က ပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့်ဆက်စပ်သော ဒေသများတွင်လည်း လေ၀ဲများဖြစ်ပေါ်နေ
သဖြင့် မုတ်သုံလေဆက်လက်အားကောင်းနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ "ဇူလိုင်လ
၂၁ရက်နေ့ နံနက်ပိုင်းကို အခြေခံတဲ့ မိုးလေ၀သခန့်မှန်းချက်တွေအရ လာမယ့်သီတင်းပတ်
အတွင်းမှာ ပူတာအို၊ ကသာ၊ မော်လိုက်၊ မြစ်ကြီးနား၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝ၊ ပဲခူး၊
သာယာဝတီ၊ မော်လမြိုင်၊ သထုံ၊ ရန်ကုန်၊ ကျောက်ဖြူ မြို့တွေမှ နောက် ခုနစ်ရက်အတွင်း
မိုးရေချိန် စုစုပေါင်း ရှစ်လက်မကနေ ၁၅လက်မလောက်ထိ ရွာနိုင်ပါတယ်။ ၂၄နာရီမိုးရွာသွန်းမှုတွေမှာလည်း နေရာကွက်မိုးကြီးတာတွေဖြစ်လာနိုင်ပါတယ်။
မိုးအားကောင်းမယ့်ဒေသတွေဟာ ကမ်းရိုးတန်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့
မြောက်ပိုင်းဒေသတွေဖြစ်နေတာကို တွေ့ရပါတယ်။ ကမ်းရိုးတန်းဒေသတွေ၊
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုတ်သုံအားကောင်းတဲ့အခါ မိုးအားကောင်းနိုင်ပြီး
မြောက်ပိုင်းဒေသတွေမှာတော့ လေဖိအားနည်းမြောင်တန်းတွေဖြတ်တဲ့
အခါ မိုးပေးတယ်။ ပြီးခဲ့တဲ့အပတ်တွင်းကလည်း အထက်ပိုင်းဒေသတွေမှာ မိုးကောင်းတဲ့
အခြေအနေတွေရှိခဲ့တယ်။ အဲဒီအခြေအနေတွေဟာ ဆက်လက်ရှိနေနိုင်တာကြာင့်
အထက်ပိုင်းဒေသတွေမှာ ဆက်လက်မိုးကောင်းတာ၊ တရက်တာအတွင်းမိုးရေချိန် ၃လက်မနဲ့အထက်ရွာတာ၊ နေရာကွက်မိုးကြီးတာတွေ ဖြစ်နိုင်ပါတယ်" ဟု
ဦးကျော်လွင်ဦးကပြောသည်။

ဇူလိုင်လ ၁၈ရက်နေ့တွင် ကန့်ဘလူမြို့၌ မိုးရေချိန်စံချိန်သစ်ရရှိသည်အထိ မိုးသည်းထန်ခဲ့ပြီး
ရေကြီးမှုများလည်းဖြစ်ခဲ့သည်။ မိုး/ဇလ ဌာန၏ ဇူလိုင်လ ၁၈ရက် နံနက် ၉နာရီခွဲအချိန်တိုင်း
တာချက်အရ ကန့်ဘလူမြို့တွင် မိုးရေချိန် ၇ဒသမ၈၃လက်မ (၁၉၉ မီလီမီတာ) ရရှိခဲ့ပြီး
အဆိုပါမြို့၏ ဇူလိုင်လတွင် ၂၄နာရီအတွင်းအများဆုံးရွာသော မိုးရေချိန်စံချိန်သစ်ဖြစ်လာခဲ့သည်။
အဆိုပါမြို့၏ ယခင်အများဆုံးမိုးရေချိန်စံချိန်ဟောင်းမှာ ၂၀၀၄ခုနှစ်က ရွာသွန်းခဲ့သော
၎ဒသမ၈၇လက်မ (၁၂၃ မီလီမီတာ) ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်
မိုးကောင်းနေသောကြောင့် ဇူလိုင်လ ၁၇ရက်မှ ၂၀ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဘုတလင်၊ ကောလင်း၊ မင်းကင်းမြို့နယ်များရှိ ရက်ကွက်ကျေးရွာတို့တွင်
ဆိုးဝါးသောရေကြီးမှုများဖြစ်ခဲ့ပြီး လူဦးရေသောင်းကျော်ရွှေ့ပြောင်းထားရကြောင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း