တာဝန်ကျရာသို့ ဆရာ ဆရာမများ သွားရောက်ခြင်းရှိ မရှိ စစ်ဆေးမည်

မြို့ပြနှင့် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၌ တာဝန်ချထားခံရသည့်
အခြေခံပညာဆရာ၊ ဆရာမများ အမှန်တကယ်သွားရောက် ပညာသင်ကြားခြင်းရှိမရှိကို
ပညာရေးဝန်ကြီးဌာနက စစ်ဆေးသွားမည်ဖြစ်သည်။

"လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာရှိတဲ့ ကျေးရွာတွေမှာ ခန့်အပ်ထားတဲ့
ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေရောက်လာခြင်းမရှိတာ၊ လူစားထိုး သင်ကြားနေတာတွေကို
စစ်ဆေးတော့မှာပါ။ အဲဒီနယ်မြေတွေက သတင်းပေးတာတွေအပြင် ၀န်ကြီးဌာနအနေနဲ့လည်း
လိုက်လံစစ်ဆေးသွားမှာဖြစ်ပါတယ်"ဟု ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်
က ပြောသည်။

"ဆရာ၊ ဆရာမ မလုံလောက်တဲ့ နေရာတွေအတွက် ဆရာတွေ အများကြီးထပ်ခေါ်ထားပါတယ်။
ထပ်ခန့်ဖို့အတွက်လည်း နိုင်ငံပိုင်သတင်းစာတွေကနေ တရားဝင်ကြေညာပါတယ်။
တချို့ဒေသတွေမှာ ခန့်ထားပြီး ဆရာတွေရောက်မလာတာရှိတယ်။ အဲဒါတွေကို သေချာစိစစ်ပြီး
မှတ်တမ်းတစ်ခုထားရှိပြီးတော့ ရာထူးခံစားခွင့်တွေကို လိုအပ်ရင်လိုအပ်သလို လျှော့ချပစ်မယ်"ဟု
၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်သည့်အခါတွင် ထိခိုက်မှုများ
မရှိစေရန်၊ ဝေးလံခေါင်းပါးသည့်ဒေသများတွင် စာတတ်မြောက်မှု ပမာဏ ပိုမိုမြင့်မားလာစေရန်နှင့်
စည်းကမ်းလိုက်နာမှုရှိလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ထိုသို့စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည့်အပြင် ဆရာ၊ ဆရာမများရရှိသည့် လစာပမာဏ
နည်းပါးသောကြောင့် တာဝန်ကျရာတွင် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်လည်း နေထိုင်သည့်မြို့နှင့်
နီးစပ်သည့် နေရာများတွင် တာဝန်ချထားပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"ဆရာ၊ ဆရာမတွေအနေနဲ့ အရမ်းဝေးတဲ့ ဒေသတွေကို တစ်ဦးတစ်ယောက်တည်း
သွားရောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ နောက်ပိုင်းမှာ နယ်မှာတာဝန်ကျတဲ့သူတွေကို
မိသားစုအလိုက် ပြောင်းရွှေ့ခွင့်ပေးမယ့် အခြေအနေတွေ ဆောင်ရွက်သွားမယ်လို့ ကြားပါတယ်။
သူတို့အနေနဲ့ လစာကနည်းပြီး ခက်ခဲကြမ်းတမ်းတော့ အဆင်ပြေဖို့ဆိုတာ သိပ်မလွယ်ပါဘူး။
အရမ်းဝေးတဲ့ဒေသမှာ တာဝန်ကျတဲ့ဆရာတွေကို လစာကောင်းကောင်းနဲ့ ရာထူးခံစားခွင့်တွေ၊
တခြားအခွင့် အရေးတွေ ပိုပြီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အားလုံးမြင်တွေ့နေကြတဲ့အတိုင်း
ကျေးရွာတွေမှာ မီးမရှိ၊ ရေမရှိနဲ့ နေကြရတယ်။ စာသင်မယ့်ကျောင်းကိုရောက်ဖို့ လယ်ကွင်း
ရွှံ့နွံတွေကို ဖြတ်သန်းရတယ်။ ရေတောထဲက ဖြတ်ရတာတွေရှိပါတယ်။ ဒါကြောင့် အဲဒီက
ဆရာတွေအတွက် ခံစားခွင့်တွေပိုပြီး လိုအပ်ပါတယ်"ဟု မြောင်းမြမြို့နယ်ရှိ
တွဲဖက်အလယ်တန်းကျောင်း ဆရာမ ဒေါ်စီစီက ပြောသည်။

လက်ရှိပညာသင်နှစ်အထိ အခြေခံပညာ ကျောင်းပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး
ကျောင်းသားကျောင်းသူ စုစုပေါင်းရှစ်သန်းကို ဆရာ၊ ဆရာမ ၄၀၀,၀၀၀ ခန့်က
ပညာသင်ကြားပေးနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း