လူကိုကြည့်ပြီး မဲပေးပါ

ဦးဌေးဦး၊ ပူးတွဲ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။ဦးဌေးဦး၊ ပူးတွဲ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးဌေးဦးကို မြန်မာတိုင်း(မ်)
နိုင်ငံရေးသတင်းထောက်ချုပ် အိအိတိုးလွင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ပြည်သူတွေအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ဘာကြောင့် မဲပေးသင့်တယ်လို့ထင်လဲ။

ဖြေ။ တစ်အချက်က ကြံခိုင်ရေးပါတီရဲ့ လုပ်ဆောင်မှုကို ကြည့်ရမယ်။ သူတို့ ပါးစပ်နဲ့
ပြောနေသလား၊ လုပ်နိုင်သလောက် လုပ်ပေးနေတဲ့ ကြိုးစားအားထုတ်မှုတွေ ရှိနေသလား။
ကျွန်တော်ဆိုလိုတာက အားလုံး လုပ်ပေးနိုင်တယ်လို့ မဟုတ်ဘူးနော်။ အကောင်အထည်ကော
ပေါ်ရဲ့လား။ ကျွန်တော် ထင်ပါတယ်။ နေရာတိုင်းမှာ ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့
ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းပေါ့။ ဒီကိုယ်စားလှယ်လောင်းတွေက လုပ်ပေးချင်တယ်
ဆိုပေမယ့် သူလည်း ထိုက်သင့်တဲ့ အရည်အချင်း ရှိရဦးမယ်။ လုပ်ပေးနိုင်စွမ်း၊ ၀ါသနာ၊
စိတ်ထားမျိုးလည်း ရှိရဦးမယ်။ အဲဒါ မရှိရင်လည်း မရဘူး။ နောက် ပေါင်းသင်းဆက်ဆံရေးမှာ
အဆင်မပြေဘူးဆိုလည်း မဖြစ်ဘူး။ စာရိတ္တ ဒါတွေ ကြည့်ပြီးတော့မှ စဉ်းစားပြီးထည့်ပါလို့
ကျွန်တော်ပြောချင်တယ်။ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကော၊ ပါတီကိုလည်း
ကြည့်ရမှာပေါ့။ ပါတီကို ကြည့်မယ်ဆိုရင်တော့ မဲဆွယ်စည်းရုံးတဲ့ ကာလမှာတော့ ပါတီက
ဘယ်လုပ်နိုင်မလဲ။ အကျိုးရှိအောင် လုပ်တယ်ဆိုတာ တောက်လျှောက်လုပ်ခဲ့တာပေါ့။
တောက်လျှောက်လုပ်ခဲ့တာကို ကြည့်ပါလို့ ပြောချင်တယ်။

မေး။ လက်ရှိ ပါတီအောင်နိုင်ရေး ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပါတီအနိုင်ရရေး
အတွက်
ဘာတွေ စီစဉ်ဆောင်ရွက်ထားပြီးပြီလဲ။

ဖြေ။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးစီမံချက်ဆိုတာ အဆင့်ဆင့်ရှိတယ်။
ဗဟို၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ စနစ်တကျ ဖွဲ့စည်းပြီးသားပဲ။ ဥပဒေရေးရာ၊
မီဒီယာအဖွဲ့၊ တကယ် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ့် အဖွဲ့တွေလည်း ရှိတယ်။
အဲဒီအဖွဲ့တွေကို မဲဆွယ်စည်းရုံးရေး မတိုင်မီကတည်းက ကြိုသင်တန်းပေးထားတယ်။
အမှားအယွင်း နည်းအောင်လို့။ မဲရုံမှာ တာဝန်ကျတဲ့သူတွေဆိုလည်း မှားလို့မရဘူး။
အဲဒါ သေသေချာချာ သင်တန်းပေးထားတယ်။

မေး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ညက ပါတီမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ နောက်
ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကြောင့် ပါတီတွင်းမှာ စိတ်ဝမ်းကွဲမှု ဖြစ်နေတယ်။
နောက် အုပ်စုတွေလည်း ကွဲနေတယ်လို့ သိရတယ်။ အခုရွေးကောက်ပွဲကလည်း
နီးလာပြီဆိုတော့ ပါတီမှာ တာဝန်ရှိတဲ့သူတစ်ယောက်အနေနဲ့ ပါတီ အောင်နိုင်ရေး
အတွက် အဓိကကျတဲ့ ပါတီတွင်း စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်နိုင်အောင်
ဘယ်လိုပုံစံနဲ့ ကြိုပမ်းသွားမလဲ။

ဖြေ။ တစ်အချက်က ပါတီဥက္ကဋ္ဌကတော့ သမ္မတကြီးပါပဲ။ သမ္မတကြီးကတော့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအရ ပါဝင်ပတ်သက်မရတဲ့အတွက် ကျွန်တော့်ကို လွှဲထားတယ်။ တကယ့်ရာထူးက
ပူးတွဲဥက္ကဋ္ဌပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့
ပါတီဝင်တွေရဲ့ သဘောထား ဘာမှမရှိဘူး။ ဒီအပေါ်မှာ မူတည်ပြီး ဘာမှမဖြစ်ဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဟိုးအရင်ကတည်းက လုပ်ခဲ့တဲ့သူတွေလေ။ အခုဝင်ပြီး
အသစ်လုပ်တာ မဟုတ်ဘူး။ သူတို့နဲ့လည်း လက်ပွန်းတတီးလုပ်ခဲ့တာ။ ရုံးအနေနဲ့ မဟုတ်ဘူးနော်
အတူတူသွားလုပ်ခဲ့တာ။ အကုန်လုံး နားလည်တယ်။ အခြေအနေကို သူတို့ နားလည်ပါတယ်။

ကျွန်တော်တို့ အရင်တုန်းက နာယကကြီးက နာယကတာဝန်လည်း ထမ်းဆောင်ရတယ်၊
ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင်ရတယ်ဆိုတော့ ဒီတာဝန်တွေ ပိနေတဲ့အချိန်မှာ ဖိဖိစီးစီး
ဘယ်ဆောင်ရွက်နိုင်မလဲ။ ဒါကြောင့် ကျွန်တော်တို့ လဲလိုက်တယ်ဆိုတာလည်း သူတို့
နားလည်ပါတယ်။ အဲဒီတော့ ပထမဆုံးလုပ်တဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ အဟောင်းနဲ့
အစည်းအဝေးလုပ်တယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။

ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းထဲမှာ ပါတယ်။ ဒီလိုတော့ ဖြစ်နေပြီ ကျွန်တော်တို့ ပိုပြီးစည်းလုံး
ညီညွတ်မှုကောင်းအောင် ကျွန်တော်တို့ ဖြည့်ချင်တယ်၊ လူတွေ ဖြည့်ချင်တယ်။ တချို့လည်း
အစိုးရပိုင်းက ရွေးကောက်ပွဲအတွက် နုတ်ထွက်လာတဲ့ လူတွေရှိတယ်။ တချို့လည်း
တပ်မတော်ကနေ နှုတ်ထွက်လာတာ ရှိတယ်။ ဒီလူတွေကလည်း တကယ်စွမ်းရည်ရှိတဲ့လူတွေ၊
ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ အခြေအနေရှိတဲ့ လူတွေချည်းပဲဆိုတော့ သူတို့ကို အားဖြည့်ပြီး ထည့်ပေးရင်
ကောင်းမလားဆိုပြီး တိုးချဲ့ဖွဲ့စည်းတယ်။ ပြောင်းလဲတာ မဟုတ်ဘူးနော်။ တိုးချဲ့ဖွဲ့စည်းတာ။

အဲဒီထဲမှာ ၅၃ ယောက် ရှိတဲ့အထဲမှာ ၄၀ က အဟောင်း၊ ၁၃ ယောက်က အသစ်၊ ၁၃ ယောက်
ကလည်း အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေက ကျွန်တော်တို့ရဲ့
ဗဟိုအလုပ်အမှုဆောင်တွေပဲ။ ကျွန်တော်တို့ လူတွေပဲ။ သို့သော် တပ်မတော်ကတော့
တချို့ပါတာပေါ့။ သို့သော်လည်းပဲ နည်းပါတယ်။ အားလုံးက သိနေတာပဲ။ အတူလက်တွဲ
လုပ်ခဲ့တာပဲ။ သိနေကြတဲ့အတွက် သူတို့ လာပြီး အားဖြည့်ပြီး စည်းလုံးညီညွတ်မှုရှိအောင်၊
ပိုပြီး စွမ်းရည်ရှိအောင် လုပ်တယ်ဆိုတာကို အကုန်လုံးက သဘောတူကြတယ်။

အဲဒီထဲမှာ အဓိက အကျဆုံးကတော့ တိုင်းနဲ့ ပြည်နယ် ဥက္ကဋ္ဌတွေ။ သူတို့လည်း
အကုန်သဘောတူတယ်။ သို့သော်လည်း ဒီကိစ္စက စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။
တချို့ကလည်း သို့လော၊ သို့လောနဲ့ မြင်မှာစိုးလို့။ တကယ်တော့ စိတ်ဝမ်းကွဲမှုက မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ စီအီးစီ အဟောင်းကိုက ၄၀ ပါတာပဲ။ အသစ်အကုန်ပါတာမှ မဟုတ်ဘဲ။

မေး။ ကျွန်မတို့ မရှင်းတာက အခုနောက်ဆုံးလုပ်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့
သတင်းစာရှင်းလင်းပွဲမှာ သူရ ဦးရွှေမန်းက ဗဟိုကော်မတီဝင်အနေနဲ့ ရှိနေသေးတယ်လို့
ပြောခဲ့တယ်။ ဒါပေမဲ့ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ
၅၃ ဦးကော်မတီပေါ့ အဲဒီထဲမှာတော့ သူ့နာမည် မတွေ့ဘူး။ ဒါနဲ့ ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်းသိအောင် ပြောပေးပါလား။

ဖြေ။ ပါတီမှာ ရိုးရိုးပါတီဝင်ရှိတယ်။ နောက်တစ်ခါ ဗဟိုကော်မတီအစည်းအဝေးကို တက်လို့ရတဲ့
ဗဟိုကော်မတီဝင် ရှိတယ်။ အဲဒီ ဗဟိုကော်မတီက ထပ်ရွေးတဲ့အခါ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဆိုတာ ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲမှာ အလုပ်များလို့ မထည့်တာက
လွဲလို့ ဗဟိုကော်မတီထဲမှာ ရှိတယ်။ ဗဟိုကော်မတီမှာက အဖွဲ့ဝင် ၂၅၀၊ ၃၀၀ လောက် ရှိတယ်။

မေး။ အခုလည်း အပြင်မှာ ပြောနေကြတယ်ပေါ့ သူရဦးရွှေမန်းက ပါတီကနေ
သူ့သဘောဆန္ဒအရ နုတ်ထွက်မယ်ဆိုပြီး ပြောနေကြတယ်။ ဒီလိုသာ
ထွက်သွားမယ်ဆိုရင် ပါတီတွင်း အကွဲအပြဲတွေ ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲမှာလည်း
ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြတယ်။ လက်တွေ့မှာကော
ဒီလို ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေလား။

ဖြေ။ ကျွန်တော် ထင်ပါတယ်။ မရှိပါဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ ပါတီဆိုတာ ယုံလို့
ဝင်လာကြတာပဲ။ အကုန်လုံး အတူလက်တွဲ လုပ်နေကြတယ်။ တကယ်လို့ နုတ်ထွက်မယ်
ဆိုလည်း ပါတီကို အကျိုးယုတ်အောင် မလုပ်ဘူးလို့ ကျွန်တော်တော့ ယူဆတာပါပဲ။

မေး။ အခု ရွေးကောက်ပွဲမှာ တပ်မတော်က ဗိုလ်ချုပ် ၅၀ လောက်က ပြည်ခိုင်ဖြိုးပါတီ
ကနေ ၀င်ပြိုင်ကြမယ်။ တကယ်တမ်း တပ်မတော်သားတွေက ပါတီနိုင်ငံရေးမှာ
အတွေ့အကြုံလည်း မရှိသလို လူထုနဲ့လည်း မရင်းနှီးတဲ့ အခြေအနေရှိတော့ သူတို့
အောင်နိုင်ရေးအတွက် ပါတီက ဘယ်လို ပံ့ပိုးပေးမှာလဲ။

ဖြေ။ မှန်တယ်၊ ဒီစကားက သာမန်ကြည့်ရင် မှန်တယ်။ သို့သော်လည်း တပ်မတော်မှာ
တပ်မတော်စည်းရုံးရေးကော်မတီဆိုတာ ရှိတယ်။ တပ်မတော်က စစ်တိုက်စရာရှိရင် စစ်တိုက်မယ်။
တိုက်စရာ မရှိရင် လေ့ကျင့်မယ်။ လေ့ကျင့်စရာ မရှိရင် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်မယ်။
ပြည်သူ့အကျိုးလုပ်မယ် ဆိုတာသည် တပ်မတော်စည်းရုံးရေးကော်မတီရဲ့ အောက်ထဲမှာ ရှိတယ်။
ဒါကလည်း ဖွဲ့စည်းထားတာပဲ။ ဒီလုပ်ငန်းတွေနဲ့ဆို ကျွန်တော်တို့နဲ့ အတူတူပဲ။ မစိမ်းပါဘူး။

နောက်တစ်ခါ သူတို့နဲ့ နီးစပ်တဲ့ နေရာထားတာပဲ။ သူတို့ အမျိုးများတဲ့နေရာတွေ။ သူတို့လည်း
တကယ်တော့ တပ်မတော်သား ဆိုပေမယ့် ကောင်းကျိုး ဖြစ်အောင် လုပ်နေတဲ့သူ များပါတယ်။
မစိမ်းပါဘူး။ ကျွန်တော်တို့နဲ့လည်း နဂိုကတည်းက လက်တွဲလုပ်လာတာ။
အခု သူတို့လာတော့လည်း ပါတီကလူတွေက ၀ိုင်းကူပေးနေပါတယ်။

မေး။ မဲဆွယ်စည်းရုံးရေး ကာလမှာကော သူတို့အတွက် ဘယ်လိုပုံစံနဲ့
မဲဆွယ်စည်းရုံးမှုတွေလုပ်ဖို့ ပါတီက စီစဉ်ထားလဲ။

ဖြေ။ တစ်အချက်က တပ်မတော်သားတွေကို ကျွန်တော်တို့ ရွေးကတည်းက နယ်မြေလူထုက
သိသလားဆိုတာ အရင်ကြည့်တယ်။ အဲဒါ အရေးအကြီးဆုံးပဲ။ မသိရင် မရွေးဘူး။
ကင်းကွာနေတဲ့သူ မရွေးဘူး။ လူထုက လက်မခံရင် မရွေးဘူး။ ဒါကြောင့် တစ်ရာကျော်ထဲမှာ
ငါးဆယ်ကျော် ဖြစ်တာပေါ့။ အောင်နိုင်ရေးကော်မတီရဲ့ မဲဆွယ်စည်းရုံးရေးကို သူတို့နဲ့
အတူတူလုပ်သွားမှာပဲ။ အားလုံးတူတူပါပဲ။

မေး။ ပါတီကြီးတစ်ခုအနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်က ဘယ်ကနေ ရရှိနေလဲ။
မေးချင်တာတော့ ပါတီအတွက် သုံးနေတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ အဓိကရလဲ
ဆိုတာပါ။

ဖြေ။ ဘတ်ဂျက်နဲ့ပတ်သက်ပြီး ပါတီမှာ ငါးမွေးမြူရေးကန်တွေ ရှိတယ်။ ကျွန်တော်တို့က
တစ်ချိန်ကျရင် ပါတီဖြစ်မှာပဲ ဆိုပြီး နှစ် ၂၀လောက်ကတည်းက ကြိုစုထားတယ်။

မေး။ အဲဒါက တပ်မတော်အစိုးရလက်ထက်က စုထားတဲ့ ပိုက်ဆံလား။

ဖြေ။ တပ်မတော်အစိုးရ လက်ထက်ပဲ ဖြစ်မှာပေါ့။ သူ့လက်ထက်မှာ ကျွန်တော်တို့ ဖွဲ့တာကိုး။
၉၃ ခုနှစ် ဖွဲ့တာ။ အဲဒီတုန်းကတည်းက အစိုးရနဲ့မပတ်သက်ဘဲနဲ့ သူများရသလို ရတဲ့
ပိုက်ဆံတွေကို အဲဒီကတည်းက စုထားတယ်။ ပါတီကျရင်တော့ လိုမှာပဲ ဆိုပြီး စုထားတာ။
အဲဒါတွေက ဘဏ်မှာ ရှယ်ယာဝင်တာတို့ ဘာတို့လုပ်ထားတော့ ထိုက်သင့်တဲ့ အတိုးရပါတယ်။

မေး။ အဲဒါနဲ့ လုံလောက်တယ်ပေါ့။

ဖြေ။ သုံးတယ်ဆိုရင်တော့ ဘာမှ မလုံလောက်ဘူးပေါ့။ သို့ပေမဲ့လည်း မဆိုးဘူးပေါ့။ သုံးနိုင်တာပေါ့။

မေး။ အခု ရွေးကောက်ပွဲအတွက်ကော ဘက်ဂျက်ဘယ်လောက် သုံးမယ်လို့
စီစဉ်ထားလဲ။ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအတွက် ဘယ်လို ထောက်ပံ့ပေးမလဲ။

ဖြေ။ ရွေးကောက်ပွဲ ဘတ်ဂျက်ကတော့ ကော်မရှင်က သတ်မှတ်ထားတာ မကျော်ဘူးပေါ့။
များသောအားဖြင့်တော့ ကိုယ်စားလှယ်တွေလည်း သူတို့ဘာသာ သုံးနိုင်ပါတယ်။

မေး။ တချို့ပါတီတွေဆို ဥပမာ - ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးကို
စိုက်ပေးတာမျိုး။ တခြားလိုအပ်တာ ပံ့ပုံးပေးတာမျိုး ရှိတယ်လေ။ ပါတီကကော
အဲဒီလိုမျိုး လုပ်ပေးလား။

ဖြေ။ မှန်တယ်။ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးတော့ ပါတီက ထည့်ပေးထားပြီးပြီ။
ဒါပေမဲ့ ကိုယ်စားလှယ်က သိပ်များတော့ မဲဆွယ်ရေးအတွက်တော့ ကျွန်တော်တို့ နိုင်သလောက်
ပေးမှာပေါ့။ သို့သော်လည်း ကျွန်တော်ထင်ပါတယ်။ မြို့နယ်ပါတီအဆင့်တွေကလည်း စည်းရုံးရေး
လုပ်ငန်းတွေ လုပ်နေတော့ သူတို့နဲ့အတူ တွဲလုပ်လို့်ရင်ကို အဆင်ပြေပါတယ်။
သူတို့ကိုယ်တိုင်လည်း တတ်နိုင်ကြပါတယ်။

မေး။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲပေါ့ ပြည်ခိုင်ဖြိုးပါတီက ၀င်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်းက အင်န်အယ်လ်ဒီပါတီထက် နည်းတယ်။ တစ်ဖက်မှာတော့
ပါတီဝင်ဟောင်းတွေက ပါတီက ထွက်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြတာ
များတယ်။ နောက်တစ်ချက်က မိတ်ဖက်တိုင်းရင်းသားပါတီတွေ အခြေပြုတဲ့
ဒေသတွေမှာ ၀င်မပြိုင်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တစ်သီးပုဂ္ဂလတွေ၊
မိတ်ဖက်တိုင်းရင်းသားပါတီတွေရဲ့ အနိုင်ရမဲတွေက ပြည်ခိုင်ဖြိုးပါတီနဲ့
ပေါင်းသွားမှာလား။

ဖြေ။ ကျွန်တော် ထင်ပါတယ်။ သူယုံလို့ရှိရင် ကျွန်တော်တို့ ပါတီဝင်လာမှာပေါ့။ သူ့အပေါ်မှာ
မူတည်တယ်။ အဓိက ကျွန်တော်တို့ နည်းသွားတဲ့ အကြောင်းရင်းက တိုင်းရင်းသား ဒေသတွေ
ထဲက ဥပမာ - ၀ တို့ ပအို့ဝ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ကျွန်တော်တို့ မရွေးဘူး။
ဒါကြောင့် နည်းနေတာ။

မေး။ နောက်ထပ်သိချင်တာက ပါတီတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲ လုပ်တဲ့
ကိစ္စတွေနဲ့ ၁၂ ရက်ညက ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ

ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုနေတာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး
ဟုတ်၊ မဟုတ် အတည်ပြုပေးနိုင်မလား။

ဖြေ။ မရှိပါဘူး။ ဗိုလ်ချုပ်မ-းကြီးနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။

မေး။ ဒါဆိုရင် သာမန်အချိန်မှာကော ထိတွေ့ဆက်ဆံမှုရှိလား ရှင့်။

ဖြေ။ ကိုယ့်လူကြီးပဲ သီတင်းကျွတ်တို့ ဘာတို့ သွားကန်တော့ ကြတာပေါ့။ နောက်တစ်ခါ
လူကြီးလေ လူကြီးဆိုတော့ အချိန်အားရင် သွားစကားပြောတာပေါ့။ ဒါပဲပေါ့။ ပါတီနဲ့
မပတ်သက်ပါဘူး။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီအပေါ်မျှော်လင့်ချက်ကကော
ဘယ်လောက်နိုင်မယ်လို့
မျှော်လင့်ထားလဲ။

ဖြေ။ ကျွန်တော်ကတော့ ရာနှုန်းပြည့်နိုင်မယ်လို့ ယုံတယ်။

မေး။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မှာလဲ။

ဖြေ။ လက်ရှိ ကိုယ်စားပြုနေတဲ့ ဟင်္သာတမြို့နယ်ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့
ပြိုင်မှာပါ။

မေး။ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလမှာကော ကိုယ့်မဲဆန္ဒနယ်အတွင်း
ဘာတွေလုပ်ပေးဖြစ်ခဲ့လဲ။

ဖြေ။ ပါတီဆိုတာ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ဖို့ပဲ။ တစ်နိုင်ငံလုံးအတွက်
လုပ်မပေးနိုင်သေးဘူးဆိုရင်တောင် ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့ပေါ့ တက်နိုင်သလောက်ပေါ့။
ကျွန်တော်ဆိုလည်း ကျွန်တော့်မြို့နယ်၊ ဇာတိလည်း ဇာတိဖြစ်တဲ့ ဟင်္သာတပေါ့ မဲဆွယ်စည်းရုံးတဲ့
ပုံစံမျိုး မဟုတ်ဘူး။ သူတို့လိုအပ်တာတွေကို အစဉ်တစိုက်လုပ်ပေးခဲ့တာ။ တောက်လျှောက်
လုပ်တယ်။ အခုလည်း လုပ်တယ်။

မေး။ အခု မဲဆွယ်စည်းရုံးရေးကာလလည်း စတော့မှာဆိုတော့ စက်တင်ဘာ ၈ ရက်နေ့
နောက်ပိုင်းမှာ ဘယ်လို ပုံစံနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်သွားမလဲ။

ဖြေ။ အခုအချိန်မှာ ၈ ရက်နေ့ မဟုတ်သေးတဲ့အတွက် ကျွန်တော့်ကို မဲထည့်ပါလို့ မပြောဘူး။
ပါတီကို မဲထည့်ပါလို့လည်း မပြောဘူး။ သို့သော်လည်းပဲ သူတို့ လိုအပ်တာတွေကို ကျွန်တော်တို့
လုပ်ပေးနေတယ်။ ဒါဆိုရင် သူတို့ ကျွန်တော်တို့ကို ယုံကြည်မှုတစ်ခုတော့ ရှိမယ်လို့ မြင်တယ်။

၈ ရက်နေ့နောက်ပိုင်း အတွက်တော့ ကျွန်တော်တို့ ကြိုပြင်ထားတာ ရှိတယ်။ ဘာလဲဆိုတော့
ကျွန်တော်တို့ဒေသမှာ ကျွန်တော် ယုံတယ် မဲပေးနိုင်တဲ့ပြည်သူတွေက သူတို့ ယုံကြည်တဲ့သူကို
မှန်မှန်ကန်ကန်ပေးတတ်ဖို့ဆိုတာတော့ ကျွန်တော်တို့ ပြောပေးတယ်။ လိုက်သင်ပေးနေတယ်။
မဲပေးပိုင်ခွင့်ရှိသားနဲ့ မှတ်ပုံတင်တို့ ဘာတို့ မရှိတဲ့သူတွေ တချို့လည်း ဒီအတိုင်းနေနေကြတာပဲ။

မဲစာရင်းမှာ မပါတာတွေ လိုက်လုပ်ပေးနေတယ်။ ကော်မရှင်က ထုတ်ပြန်ထားတဲ့
စည်းကမ်းတွေနဲ့အညီ ပါတီဝင်တွေကော လူထုကော လိုက်နာနိုင်အောင် သင်တန်းတွေ
ပေးနေတယ်။ ဒါက ရွေးကောက်ပွဲကို အထောက်အကူပေးနေတာ။ သို့သော်လည်း
မဲဆွယ်တာတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့သူ ထည့်ပေါ့။ ဘာမှ ပြောစရာမရှိဘူး။

ကြိုက်တဲ့သူထည့်ပါ။ သို့သော် ကိုယ့်ရဲ့အခွင့်အရေး မဆုံးရှုံးအောင် လိုက်လုပ်ပေးပါတယ်ဆိုပြီး
Door to Door စနစ်နဲ့ သွားတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ပါတီဝင်တွေ
အားလုံး ဖြန့်သွားနေကြတယ်။ အခုလည်း သွားနေတယ်။ အဲဒါ မဲဆွယ်တာတော့ မဟုတ်ဘူး။
နယ်လှည့်ဆေးကုအဖွဲ့တွေကလည်း နေရာအနှံ့ သွားနေတယ်။ ဒါတွေကတော့ နယ်မြေနဲ့
ပတ်သက်လို့ ပိုနီးစပ်တာပေါ့။

မေး။ အန်ကယ့် မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့ဦးရေ ဘယ်လောက်ရှိလဲ။

ဖြေ။ တစ်သိန်းနဲ့ ရှစ်သောင်းလောက် ရှိမယ်။ ကျွန်တော် သေချာမသိဘူး။ စာရင်းတော့ ရှိပါတယ်။

မေး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လူထုကို အဓိက လုပ်ပေးချင်ဆုံးဆန္ဒ
ဘာများဖြစ်မလဲ။

ဖြေ။ ။ကျွန်တော်လုပ်ပေးချင်တာ အလုပ်အကိုင် ရရှိစေချင်တယ်။ လူတိုင်းက သူလုပ်နိုင်တဲ့
အတိုင်းအတာပေါ် မူတည်ပြီးတော့မှ ထိုက်သင့်တဲ့ဝင်ငွေ ရစေချင်တယ်။ အခုလည်း လုပ်နေတယ်။
မိန်းကလေးတွေ စက်ချုပ်သင်တန်းဖွင့်နေတယ်။ ဘာသာရပ် ၁၅ မျိုးကို အခမဲ့ သင်ပေးနေတယ်။
ဒီတော့ သူတို့တွေမှာလည်း မျှော်လင့်ချက်တွေ အများကြီးရှိလာတယ်။ ကျွန်တော်တို့ဆီကတော့
လယ်ပေါတော့ လယ်စိုက်မှာပေါ့။ ကောက်စိုက်မှာပေါ့။ ကျွန်တော်ကတော့ စား၊ ၀တ်၊ နေရေးကို
အထောက်အကူပြုတဲ့ အလုပ်အကိုင်ရရှိရေး လုပ်ပေးချင်တယ်။ ဒုတိယကတော့ ပညာရေး။
ပြောရမယ်ဆို အများကြီးပေါ့။

မေး။ ဒါဆို ဒီနှစ်တွေအတွင်းမှာကော ကိုယ်မျှော်မှန်းသလောက် လူထုအတွက်
လုပ်ပေးနိုင်ခဲ့ရဲ့လား။

ဖြေ။ လုပ်ပေးချင်သလောက် လုပ်မပေးနိုင်သေးဘူး။ သို့သော်လည်းပဲ အများကြီး လုပ်ပေးနိုင်တယ်။
စိတ်ထဲရှိသလောက် လုပ်မပေးနိုင်သေးဘူး။ ဥပမာ - မျက်စိခွဲတဲ့ဟာ ဟင်္သာတမှာ
ထောင်ထားတယ်။ တစ်နှစ်ကို ၇၀၀၀၊ ၈၀၀၀ လောက် ရှိတယ်။ ခု သောင်းကျော် ခွဲပြီးပြီ။
အဲဒါက တိုင်းမှူးတုန်းက ပန်းတနော်မှာ မျက်စိခွဲတာလေး မြင်ပြီး လုပ်ချင်တာ။
တကယ်တမ်းပြောရင် အခုမှ လုပ်ဖြစ်တာပေါ့။ လုပ်ချင်တာတွေတော့ ရှိတယ်။ သို့သော် ချက်ချင်း
အကောင်အထည်မဖော်နိုင်တာပေါ့။ တချို့ကိစ္စတွေက ချက်ချင်း အကောင်အထည်မဖော်နိုင်ဘူးပေါ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း