စိတ်ဝင်စားဖွယ်များစွာနဲ့ ၂၀၁၅ ရွေးကောက်ပွဲ

လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကတော့ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တွေ
တုန်းကနဲ့ မတူဘဲ ပိုပြီးစည်ကားမယ်လို့ အားလုံးက ခန့်မှန်းနေကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ နှစ်၂၀ အတွင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပေမယ့်
မကန်ခင်က ရလဒ်ကြိုသိနေတဲ့ ဘောပွဲတစ်ပွဲကို ကြည့်ခဲ့ရသလို ဖြစ်ခဲ့တာကတစ်ကြောင်း၊
အာဏာရှင်စနစ်ရဲ့ အရှိန်မကုန်သေးတာက တစ်ကြောင်းကြောင့် လူတွေကြားမှာ
သိပ်လှုပ်လှုပ် ရှားရှားကြီး မဖြစ်ခဲ့ပါဘူး။

၂၀၁၂ ကြားဖြတ်မှာတော့ လူတွေ ရင်ခုန်လှုပ်ရှားခဲ့ကြ ပေမယ့် မဲဆန္ဒနယ် ၄၅ ခုတည်း
ကွက်ပြီးကျင်းပခဲ့တာမို့ အဲဒီရင်ခုန်မှုဟာ နိုင်ငံအ၀န်း မလွှမ်းခြုံမိခဲ့ပါဘူး။

ဒါကြောင့် ဒီတစ်ခေါက်ရွေးကောက်ပွဲကတော့ လူပိုစည်၊ ပိုစိတ်ဝင်စားမယ်လို့
ခန့်မှန်းနေကြတာလည်း ဖြစ်ပါတယ်။

မဲပေးခွင့်ရှိသူ စုစုပေါင်းကလည်း ၃၂ သန်းရှိပြီး နိုင်ငံတစ်ဝန်းမှာ မဲရုံပေါင်း ၄၆,၀၀၀ ကျော်ရှိမှာမို့
တကယ်စည်ကားမယ့်ပွဲကြီးပါ။

ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားပြီဆိုတာနဲ့ များပြားလှတဲ့ ပါတီတွေ၊
ရှုပ်ထွေးတဲ့ အချက်အလက်ကိန်းဂဏန်းတွေ၊ ထောင်ပေါင်းများစွာသော အမတ်လောင်းတွေရဲ့
နာမည်တွေကြောင့် လူတွေ အာရုံထွေပြားသွားစေလောက်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအတွက် တစ်နည်းတစ်ဖုံ အထောက်အကူပြုစေဖို့ မြန်မာတိုင်း(မ်)က
လေ့လာဆန်းစစ်မှုတစ်ခုလုပ်ပြီး အလွယ်မြင်သာအောင် စိတ်ဝင်စားဖွယ်အချက်တွေကို
ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

အသက်အကြီးဆုံး အမတ်လောင်း

ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေထဲမှာ အသက်အကြီးဆုံးဖြစ်ဖွယ်ရှိတဲ့
အမတ်လောင်းကတော့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ တီးတိန်ကနေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့်သူလည်းဖြစ်တဲ့ ပူကျင့်ရှင်းထန်
ဖြစ်ပါတယ်။

ဒီချင်းလူမျိုး တောင်ပေါ်သားကြီးဟာ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလမှာဆိုရင်
အသက် ၇၇ နှစ်နဲ့ ၇ လ ရှိမှာ ဖြစ်ပါတယ်။

အသက်အရွယ်ရလာပြီဖြစ်ပေမယ့် သူ့မဲဆန္ဒနယ်နဲ့ တောင်တန်းဒေသချင်းပြည်နယ် တိုးတက်ရေး
လုပ်ဆောင်ဖို့ လတ်ဆတ်နေပါတယ်လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သူဟာ စစ်အာဏာရှင်လက်ထက်တွင်းမှာ ၁၀ ကြိမ်ကျော် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်တွေထဲမှာ
စုစုပေါင်း ၁၀ နှစ်ကျော် ချုပ်နှောင်ခံခဲ့ရသူဖြစ်ပါတယ်။

ရေပန်းစားတဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)) ကလည်း သူဝင်ပြိုင်မယ့်
မဲဆန္ဒနယ်မှာ ၀င်မပြိုင်ဘဲ ရှောင်ပေးထားပါတယ်။

အကြောင်းက သူတို့ဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက မဟာမိတ်တွေဖြစ်ခဲ့လို့ပါပဲ။

ပူကျင့်ရှင်းထန်ဟာ ၁၉၉၀ ပြည့်နှစ်တုန်းက အဲဒီ ဒေသကပဲ အနိုင်ရခဲ့ဖူးပါတယ်။

ဒုသမ္မတနဲ့ ပခုံးချင်းယှဉ်မယ့်လူငယ်

ပဲခူးတိုင်းဒေသကြီးထဲက ဇီးကုန်းမဲဆန္ဒ နယ်ဟာ စိတ်ဝင်စားစရာပါ။

အဲဒီမှာ အသက် ၂၆ နှစ်သာရှိသေးတဲ့ လူငယ်နိုင်ငံရေးသိပ္ပံ ဆရာလေးတစ်ဦးဟာ
ဒုသမ္မတ ဦးဉာဏ်ထွန်း နဲ့ ယှဉ်ပြိုင်ပြီး အရွေးခံမှာ ဖြစ်ပါတယ်။

ကိုသူရိန်ရွှေလို့ အမည်ရတဲ့ အဲဒီလူငယ်ဟာ အမတ် လောင်းတွေထဲမှာ အသက်အငယ်ဆုံးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပြည်သူ့လွှတ်တော်အမတ်လောင်းဟာ အငယ်ဆုံး ၂၅ နှစ် ရှိရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့်
သူဟာ သတ်မှတ်ချက်ထက် တစ်နှစ်သာကြီးနေပါတယ်။

"ကျွန်တော်က ပြိုင်ဘက်ကောင်းကို ရှာခဲ့တာ။ ဒါကြောင့် ပွဲကျပ်တဲ့နေရာကို ရွေးဖြစ်တာ"လို့
ကိုသူရိန်ရွှေက ဆိုပါတယ်။

ကနဦးမှာတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကနေ
တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ပြိုင်ဖို့စဉ်းစားခဲ့ပြီး နိုဘယ်ဆုရှင်ကို မူဝါဒဆိုင်ရာစကား
စစ်ထိုးမှုတွေ လုပ်ချင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)က လာရောက်ကမ်းလှမ်းမှုနဲ့ ဒုသမ္မတနဲ့
ယှဉ်ပြိုင်ရမှာကိုလည်း စိတ်ဝင်စားတာကြောင့် တစညပါတီကိုဝင်ပြီး ဇီးကုန်းမြို့နယ်ကနေ
ယှဉ်ပြိုင်လိုက်တာလို့ သူက ရှင်းပြပါတယ်။

"ကျွန်တော်တို့ လူငယ်တွေ လုပ်နိုင်တယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီး မဲဆန္ဒရှင်တွေကို
ပွဲကြီးပွဲကောင်းတစ်ခုကို မြင်စေချင်တယ်"လို့ သူက အားမာန်နဲ့ပြောပါတယ်။

သူ့ရဲ့ မဲဆွယ်အစီအစဉ်တွေကတော့ လယ်သမားတွေများတဲ့ ဒေသမှာ ပြိုင်တာဖြစ်လို့
လယ်ယာမြေကိစ္စနဲ့ ပညာရေးကိစ္စတွေဖြစ်ပြီး သူအထက်သန်ဆုံးကတော့ လူငယ်တွေ နိုင်ငံရေးမှာ
ပါဝင်ပတ်သက်မှု မြင့်မားဖို့၊ လူငယ်ကဏ္ဍရှေ့ တန်းရောက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ အသက်ငယ်ရွယ်ပေမယ့် Myanmar Institute of Theology မှာ လူမှုဗေဒဆိုင်ရာ
ဧည့်ပါမောက္ခဖြစ်သလို၊ ရန်ကုန်အမေရိကန်စင်တာ မှာရှိတဲ့ နိုင်ငံရေးသင်တန်းတစ်ခုဖြစ်တဲ့
iPACE မှာလည်း ကျွမ်းကျင်သူအနေနဲ့ တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။

မဲအောင်နိုင်ရေးအဖွဲ့ကိုလည်း လူငယ်တွေနဲ့ ချည်းဖွဲ့စည်းမယ်လို့ သူက ကြုံးဝါးထားပါတယ်။

ပါတီတွေ

ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ပါတီက စုစုပေါင်း ၉၃ ပါတီ ရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက ပါတီ ၂၀၀ ကျော်ပြိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက ၃၆ ပါတီ
ပြိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီတစ်ကြိမ် အထွေထွေရွေးကောက်ပွဲဟာ
မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ ဒုတိယနိုင်ငံရေးပါတီ အများဆုံးဝင်ပြိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

အဲဒီ ၉၃ ပါတီထဲကမှ ၄၆ ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ အသစ် ထူထောင်ကြ၊
ပြန်လည်မှတ်ပုံတင်ကြတဲ့ပါတီတွေဖြစ်ပြီး ၁၁ ပါတီကတော့ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲ
နှစ်ခုကြားကာလမှာ ထူထောင်ခဲ့ကြ၊ ပြန်လည်မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပါတယ်။

သက်တမ်းအရင့်ဆုံး နိုင်ငံရေးပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD)၊ မွန်အမျိုးသားပါတီ (MNP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဒီမိုကရက်တစ်ပါတီ-
မြန်မာ (DPM)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ ဖြစ်ပါတယ်။

အဲဒီပါတီတွေဟာ ၁၉၉၀ ရွေးကောက်ပွဲဝင်ကာလက ထူထောင်ခဲ့ကြတာ ဖြစ်ကြလို့ သက်တမ်း
၂၅ နှစ်ရှိကြပါပြီ။

ဒါပေမဲ့ အဲဒီပါတီတွေထဲက NLD နဲ့ တစညကလွဲလို့ ကျန်ပါတီတွေဟာ အာဏာရှင်ခေတ်တုန်းက
ဖိအားပေးခံရပြီး တရားဝင်ရပ်တည်ခွင့်တွေ ရုပ်သိမ်းခံခဲ့ကြရ၊ ဖျက်သိမ်းခံခဲ့ကြရလို့ အခု အစိုးရ
လက်ထက်ရောက်မှ ပြန်လည် မှတ်ပုံတင်ထူထောင်ထားကြတာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေအနက် တစ်မူထူးတဲ့ ပါတီတစ်ခု တိုးလာတာကတော့ အမျိုးသမီးတွေချည်း
သီးသန့်ပါဝင်တဲ့ အမျိုးသမီးပါတီ (မွန်)ဆိုတဲ့ ပါတီဖြစ်ပါတယ်။

အဲဒီပါတီဟာ အမျိုးသမီးသီးသန့်ဖြစ်တဲ့အတွက် အမျိုးသားအရေအတွက်အများစု လွှမ်းမိုးတဲ့
နိုင်ငံရေး ဟန်ပန်ရှိတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေရဲ့ဝေဖန်မှုများစွာကို
ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူတို့ပါတီကနေ အမတ်လောင်း လေးဦးကို ရွေးထုတ်ပြီး
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာ ၀င်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဇာတ်လိုက်ကျော်တွေ ရွေးကောက်ပွဲရဲ့ ဇာတ်လိုက်တွေဖြစ်ကြတဲ့ ရွေးချယ်ခံမယ့်
အမတ်လောင်းတွေ စုစုပေါင်း ၆,၂၀၀ ဦးခန့် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က
ထုတ်ပြန်ကြေညာထားပါတယ်။

ဒီအရေအတွက်ဟာ မြန်မာ့သမိုင်းမှာ စံချိန်သစ်တင်လိုက်တဲ့ အရေအတွက်ပဲဖြစ်ပါတယ်။

၂၀၁၀ တုန်းက အမတ်လောင်း ၃,၀၀၀ ကျော်နဲ့ ၁၉၉၀ မှာတော့ ၂,၃၀၀ ကျော်
ဝင်ပြိုင်ခဲ့ကြပါတယ်။

ဒါကြောင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်
အရေအတွက်ဟာ ၁၉၉၀ တုန်းကထက် သုံးဆနီးပါးနဲ့ ၂၀၁၀ တုန်းကထက် နှစ်ဆကျော်
ပိုများပါတယ်။

အမတ်လောင်း ၆,၀၀၀ ကျော်ထဲမှာ ဘယ်ပါတီကိုမှ ကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလ၀င်ပြိုင်တဲ့
ကိုယ်စားလှယ် ၂၃၂ ဦး ပါဝင်ပါတယ်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတုန်းက ပါတီအရေအတွက် ၂၀၀ ကျော်ရှိခဲ့တာကြောင့်
သမိုင်းတစ်လျှောက် ပါတီအများဆုံးဝင်ပြိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပေမယ့် အမတ်လောင်း
နည်းခဲ့ပါတယ်။

အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ သူနဲ့ပြောင်းပြန်ဖြစ်ပြီး ပါတီမများပေမယ့်
ကိုယ်စားလှယ် အရေအတွက် အလွန်များပါတယ်။

ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲနှစ်ခုဟာ ကျင်းပတဲ့အခြေခံ စနစ်ချင်းတော့ မတူညီပါဘူး။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမတ်လောင်းအရေအတွက် အများဆုံးတင်သွင်းထားတာကတော့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပြီး ကိုယ်စားလှယ် ၁,၁၃၈ ဦး တင်သွင်းထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ၁,၁၃၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်နေပြီး
၁၉၉၀ တုန်းက အင်န်အယ်လ်ဒီရဲ့အဓိက ပြိုင်ဘက်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီ (တစည) က ၇၆၃ ဦး တင်သွင်းထားတာကြောင့် တတိယအများဆုံး ဖြစ်နေပါတယ်။

ထူးခြားတာက ရွေးကောက်ပွဲလုပ်မယ့် နိုဝင်ဘာလရောက်မှ ပါတီသက်တမ်း ငါးလသာရှိဦးမယ့်
အမျိုးသားတိုးတက်ရေးပါတီ (NDP) က အမတ်လောင်း ၃၅၄ ဦးနဲ့ စတုတ္ထအများဆုံးဖြစ်နေတာပါ။

အဲဒီ ပါတီက သမ္မတရဲ့အကြံပေးဟောင်း ဒေါက်တာ နေဇင်လတ်ဦးဆောင်တဲ့ ပါတီပဲဖြစ်ပါတယ်။

ပါတီသက်တမ်းနုပေမဲ့ အခုလို အမတ်လောင်း အများကြီးနဲ့ ၀င်ပြိုင်နိုင်တာက "ကျွန်တော်တို့
အများကြီး ကြိုးပမ်းအားထုတ်မှုကြောင့်ပါ" လို့ ပါတီဒုဥက္ကဋ္ဌ ဦးအောင်ထွေးက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

အမျိုးသမီးပါတီ(မွန်)မှအပ အမျိုးသမီး အမတ်လောင်းပါဝင်မှု အချိုးအစား အများဆုံး ပါတီကတော့
အမျိုးသားဒီမိုကရေစီအင်အား စုပါတီ (NDF) ပဲဖြစ်ကြပါတယ်။

NDF ကိုယ်စားလှယ် ၂၇၀ ကျော်အနက် ၂၀ ရာခိုင် နှုန်းက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

NLD ဟာ အမျိုးသမီး ဦးစားပေးရွေးချယ်ဖို့ စံသတ်မှတ်ထားခဲ့ပေမယ့် သူ့အမတ်လောင်းတွေရဲ့
၁၅ ရာခိုင်နှုန်းသာ အမျိုးသမီး ပါဝင်ပါတယ်။

အာဏာရပါတီကြီး ပြည်ခိုင်ဖြိုးမှာလည်း အမျိုးသမီးကိုယ်စားလှယ်လောင်း ရွေးချယ်ထားမှုက
၆ ဒသမ ၂ ရာခိုင်နှုန်းသာရှိပါတယ်။

မဲဆန္ဒနယ်တွေ

လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နယ်ရှိမှာ ဖြစ်ပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာနယ်မြေအတွင်းက ဒေသ
လေးခုနဲ့ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ထိန်းချုပ်ရာ
မိုင်းလားဒေသတို့မှာတော့ ရွေးကောက်ပွဲမကျင်းပဖြစ်ပါဘူး။

ဒေသငါးခုလုံးဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တည်ရှိကြပါတယ်။

မဲဆန္ဒနယ်နဲ့ အမတ်လောင်းအရေအတွက် အချိုးချကြည့်မယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုကို
ကိုယ်စားလှယ် ၅ ဒသမ ၃ ဦးနှုန်းလောက် ၀င်ရောက်ယှဉ် ပြိုင်ကြမှာဖြစ်ပါတယ်။

အမတ်လောင်း အများဆုံးပြိုင်ဆိုင်မယ့် မဲဆန္ဒနယ်ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက
အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁)ဖြစ်ပြီး အဲဒီနေရာမှာ အမတ်လောင်း ၁၅ ဦးတောင်
ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိပြည်ခိုင်ဖြိုးအမတ် ရှေ့နေကြီး ဦးတင်ယု၊ NLD က လှိုင်သာယာ အမေ့အိမ်ကျောင်း
အုပ်ထိန်းသူ ဦးအေးဗိုလ်နဲ့ ဟောဟောဒိုင်းဒိုင်းပြောတတ်သူ မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ
ဦးကောင်းမြတ်ထွဋ်တို့ဟာ အဲဒီမဲဆန္ဒနယ်မှာ ထိပ်တိုက် တွေ့ကြမှာပါ။

ဒုတိယအမတ်လောင်း အများဆုံးပြိုင်ဆိုင်မယ့် မဲဆန္ဒနယ်ကတော့ မြစ်ကြီးနား ပြည်နယ်လွှတ်တော်
မဲဆန္ဒနယ်အမှတ် (၂)ဖြစ်ပြီး အဲဒီနေရာမှာ ၁၄ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဝင်ပြိုင်မယ့်သူတွေထဲမှာ အသက် ၂၇ နှစ်သာရှိသေးတဲ့ လူငယ်ရှမ်းနီ အမျိုးသား စိုင်းအောင်မျိုး
ဆိုသူလည်း ပါဝင်ပါတယ်။

NLD က မဲဆန္ဒနယ် ၃၃ နေရာဝင်မပြိုင်ပါဘူး။

ဝ ဒေသနယ်မြေ၊ ကိုးကန့်ဒေသမဲဆန္ဒနယ် တွေနဲ့ မန်တုံ၊ မိုင်းလားဒေသတွေမှာ ၀င်မပြိုင်တာဖြစ်ပြီး
တီးတိန်က ပူကျင့်ရှင်းထန်ကိုလည်း ရှောင်ပေးထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြည်ခိုင်ဖြိုးပါတီက အမတ်လောင်း ၁,၁၃၄ ဦး ၀င်ပြိုင်တယ်လို့ ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာထားတဲ့အတွက် ကိန်းဂဏန်းအရဆိုရင် ပြည်ခိုင်ဖြိုးဟာ ၃၇ နေရာ
ဝင်မပြိုင်တဲ့ သဘောဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်ခိုင်ဖြိုးရဲ့ကိုယ်စားလှယ်စာရင်းကို အသေးစိတ်လေ့လာရာမှာ ၂၃ နေရာသာ
မပြိုင်တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းဇယား တစ်ခုတည်းမှာတင် အချက်အလက်
ကွဲလွဲနေတာဖြစ်ပါတယ်။

ကော်မရှင်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာလည်း တာဝန်ခံဖြေကြားမယ့်သူ
မရှိခဲ့ပါဘူး။

ပြည်ခိုင်ဖြိုးက ရန်ကုန်က ပြည်သူ့လွှတ်တော် တောင်ဒဂုံမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်က မဲဆန္ဒနယ်
၁၄ ခုနဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ရှစ်ခုမှာ ၀င်မပြိုင်တာဖြစ်ပါတယ်။

တစ်ခုထူးခြားတာက တောင်ဒဂုံကလွဲပြီး ပြည်ခိုင်ဖြိုး ၀င်မပြိုင်တဲ့နေရာတွေဟာ ပြည်ထောင်စု
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ရဲ့
မဲဆန္ဒနယ်တွေ ဖြစ်နေတာပါပဲ။

ပြည်ခိုင်ဖြိုးနဲ့ အဲဒီတိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့ထားဖွယ်ရှိပါတယ်။

NLD နဲ့ ပြည်ခိုင်ဖြိုး နှစ်ပါတီတည်း သီးသန့်ထိပ်တိုက်တွေ့မယ့် မဲဆန္ဒနယ်ပေါင်း ၂၃ နေရာ
ရှိနေပြီးတော့ ဖုန်ကြားရှင်တပ်နဲ့ စစ်ဖြစ်နေလို့ နယ်မြေ မငြိမ်းချမ်းတဲ့ လောက်ကိုင်နဲ့
ကုန်းကြမ်းဒေသရဲ့ မဲဆန္ဒနယ်သုံးခုမှာတော့ ပြည်ခိုင်ဖြိုးနဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
နှစ်ပါတီတည်းသာ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။

ထူးထူးခြားခြား

ရွေးကောက်ပွဲမှာ ထူးခြားတာတွေထဲက တစ်ခုက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ
တင်ခဲ့တဲ့ 'ကိုယ်ပျောက်ထီး' ဓာတ်ပုံကြောင့် နာမည်ကြီးခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်ဟာ ၂၀၁၀ တုန်းက
တောင်ဒဂုံကနေ ပြည်ခိုင်ဖြိုးအမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာ တော့ သူက အဲဒီနေရာမှာပဲ တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ချက်မှာတော့ တောင်ဒဂုံမှာ ဦးဌေးအောင်ဆိုသူက ပါတီ ကိုယ်စားပြု
ဝင်ပြိုင်မယ်လို့ဆိုထားပေမယ့် ကော်မရှင်ရဲ့ စာရင်းမှာတော့ သူဟာ တစ်သီးပုဂ္ဂလအဖြစ်
အမည်ပေါက်နေပါတယ်။

ဒါကြောင့် တောင်ဒဂုံမှာ ပြည်ခိုင်ဖြိုးမပြိုင်တဲ့ သဘောဖြစ်နေတာပါ။

အဲဒီလိုပဲ လက်ရှိသမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ပြည်ခိုင်ဖြိုး
အမတ်လောင်းအနေနဲ့ ၀င်ပြိုင်မှာမဟုတ်ဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်မှာကလည်း
တစ်မူထူးပါတယ်။

သူတို့တွေ ပြိုင်ကြမှာကတော့ လူဦးရေလေးထောင်ကနေ ရှစ်ထောင်အထိသာရှိတဲ့
ကယားပြည်နယ်က အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

ထပ်ထူးခြားတာက သူတို့ပြိုင်မယ့်နေရာမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေလည်း ၀င်ပြိုင်မှာမို့
မိခင်ပါတီဟောင်းနဲ့ ၀န်ကြီးတွေဟာ ထိပ်တိုက်ပြိုင်ကြမယ့်သဘောဖြစ်ပါတယ်။

ဝင်းမြင့်များ

စာဖတ်ပရိသတ်အနေနဲ့ ဒီရွေးကောက်ပွဲ ၀င်တဲ့ အမတ်လောင်းတွေဟာ ဘယ်လိုနာမည်တွေ
အများဆုံးရှိကြတယ်လို့ ယူဆပါသလဲ။

ရယ်ရွှင်ဖွယ်ကောင်းတဲ့ လေ့လာတွေ့ရှိချက်အရ ရွေးကောက်ပွဲဟာ '၀င်းမြင့်' နာမည်ပါသူတွေ
လွှမ်းမိုးထားတာကို တွေ့ရပါတယ်။

ဒီရွေးကောက်ပွဲမှာ နာမည်မှာ '၀င်းမြင့်' ဆိုပြီးပါတဲ့ ကျား/မ အမတ်လောင်း ၅၄ ဦးတောင်ရှိတာကို
တွေ့ရပါတယ်။

ပြည်ခိုင်ဖြိုးက အများစုဖြစ်ပါတယ်။

နောက်ထပ်များပြားတဲ့ နာမည်တွေကတော့ 'ကျော်ထွန်း' နဲ့ 'တင်ဦး' ဖြစ်ပါတယ်။

SNLD ပါတီမှာဆိုရင် စိုင်းတင်ဦးနဲ့ နန်းတင်ဦးဆိုပြီး 'ကျား'ရော၊ 'မ'ပါ တင်ဦးပါတဲ့
အမတ်လောင်းနှစ်ဦး ရှိပါတယ်။

'တင်ဦး' ပါသူ ရှစ်ဦးနဲ့ 'ကျော်ထွန်း' ဆိုတဲ့ စကားလုံး နာမည် မှာပါသူကတော့ ကိုးဦးအထိ
ရှိပါတယ်။

တပ်မတော်သားပါဝင်မှု

ရွေးကောက်ပွဲမှာ အမတ်လောင်းအများဆုံးဝင်ပြိုင်မယ့် ပါတီကြီးလေးခုကို အထက်မှာဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ တစညနဲ့ အမျိုးသားတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီဟာ အတိုက်အခံဒီမိုက ရက်တစ်တပ်ဦးအဖြစ် အားလုံးကသမုတ်ကြပေမယ့်
ပါတီစတင်တည်ထောင်စဉ်က တပ်မတော်သား အများအပြားက ဦးစီးခဲ့ပါတယ်။

ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဦးအောင်ရွှေ၊ ဦးလွန်းတင်စတဲ့ တပ်မတော်မှာ ထိပ်တန်းရာထူးတွေ
ရရှိခဲ့တဲ့သူတွေဟာ အင်န်အယ်လ်ဒီကို ထူထောင်စဉ်က ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ဗဟိုအလုပ်အမှုဆောင်ထဲမှာ ဦးဝင်းထိန်လို တပ်မတော်သားဟောင်းတွေ
ပါဝင်နေဆဲဖြစ်သလို တစ်နိုင်ငံလုံးမှာရှိတဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင် အမတ်လောင်းတွေကို
မဲဆွယ်ပေးမယ့်အခရာကျတဲ့ ဗဟိုအောင်နိုင်ရေးကော်မတီမှာ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးဟာ
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးမှာဆိုရင်တော့ ဗဟိုအလုပ်အမှုဆောင် ၅၃ ဦးမှာ ၄၂ ဦးက အငြိမ်းစား
စစ်တပ်အရာရှိကြီးတွေ ဖြစ်ပါတယ်။

၇၉ ရာခိုင်နှုန်းကျော် ပမာဏဖြစ်ပါတယ်။

ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့်အမတ်လောင်းတွေထဲမှာလည်း တပ်မတော်မှာ
ထိပ်တန်းရာထူးရခဲ့သူ ၁၀၀ ကျော်ပါဝင်ပါတယ်။

၂၀၁၀ တုန်းက အရပ်ဘက်ပြောင်းလဲသူတွေထဲမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း
ဦးရွှေမန်းက ရာထူးအကြီးဆုံးဖြစ်ပြီး လောလောလတ်လတ် စစ်တပ်က ထွက်ပြီး ပြည်ခိုင်ဖြိုးကို
ကူးပြောင်းလာသူတွေထဲမှာ ရာထူးအကြီးဆုံးသူက ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း
ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဖြစ်ပါတယ်။

တစည ပါတီကလည်း တပ်မတော်ကနေ အသွင်ပြောင်းလိုက်တဲ့ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီက ဆင်းသက်လာတာဖြစ်ပြီး ၁၉၉၀ မတိုင်မီက တပ်မတော်ကအရာရှိတွေနဲ့
ဖွဲ့စည်းထားတဲ့ပါတီကြီး ဖြစ်ပါတယ်။

ထိုနည်းတူ ပါတီသစ်ဖြစ်တဲ့ အမျိုးသားတိုးတက်ရေး ပါတီမှာလည်း ပါတီဦးဆောင်သူ
သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်ဟာ တပ်မတော် အရာရှိဟောင်းဖြစ်သလို၊ အဲဒီပါတီမှာ
တပ်မတော်သားတွေပါဝင်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဓိကပါတီကြီးတွေလို ရွေးကောက်ပွဲရဲ့ အခရာကစားသမားတွေအပြင် ရွေးကောက်ပွဲမှာ
ဒိုင်လူကြီးလုပ်မယ့် ရွေးကောက်ပွဲကော်မရှင်ဟာလည်း ဥက္ကဋ္ဌ ဦးတင်အေးကစလို့
အဆင့်ဆင့်သော ကော်မရှင် အရာရှိအများစုဟာ တပ်မတော်ကနေ အငြိမ်းစားယူလာကြသူတွေ
ဖြစ်ပြီး အဲဒီအတွက်တောင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ တပ်မတော်အရိပ်အယောင်တွေ လွှမ်းမိုးနေမှာလား ဆိုတာတော့
စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း