ရေဘေးသင့် ကျွဲနွားနှင့် ပြည်သူများကို ကန် ဒေါ်လာ ၇၀၀၀၀ ဖိုး လှူဒါန်း

စက်တင်ဘာလ ၂ ရက်နေ့က ရေဘေးသင့်ပြည်သူများအတွက် သွားရောက်ကူညီထောက်ပံ့နေစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)စက်တင်ဘာလ ၂ ရက်နေ့က ရေဘေးသင့်ပြည်သူများအတွက် သွားရောက်ကူညီထောက်ပံ့နေစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်တိရစ္ဆာန်များနှင့် ဆင်းရဲနွမ်းပါးပြည်သူများကို
နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း သုံးခုတို့က မင်္ဂလာမြန်မာအဖွဲ့နှင့်အတူ
ပူးပေါင်းလှူဒါန်းပေးနေသည်ဟု မင်္ဂလာမြန်မာမှ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဒေါက်တာဘုန်းဝင်းက
ပြောသည်။

စက်တင်ဘာ ၂ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေးဘေးသင့်သည့် ငါးမြို့နယ်
အတွင်းရှိ တိရစ္ဆာန်များနှင့် ဆင်းရဲနွမ်းပါးသူများ တိရစ္ဆာန်အစာ၊ ဆေးဝါးနှင့် ဆန်အိတ်တန်ဖိုးပေါင်း
အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ကျော်ဖိုးအထိ လှူဒါန်းပေးနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

"လောလောဆယ်တော့ ဧရာဝတီတိုင်းဒေသကြီးအတွက် ကျွန်တော်တို့ လှူဒါန်းမှု ခွင့်ပြုချက်
ရထားပြီး လှူဒါန်းနေတယ်။ ပြီးရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးဘက်ကို လှူဒါန်းဖို့
လုပ်ဆောင်သွားမှာပါ။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆို ရင် ဒီလိုသဘာဝဘေးအန္တရာယ်တွေကို
ပြန်လည်ကူညီထူထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ရေဘေးကို
ဝိုင်းဝန်းလုပ်ဆောင် ပေးနေတာပါ"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာအဖွဲ့များဖြစ်သည့် Four Faws၊ Red Star နှင့် Singapore Association for
Myanmar (SAM)တို့က မင်္ဂလာမြန်မာအသင်းအဖွဲ့နှင့်အတူ ပူးပေါင်း၍ တိရစ္ဆာန်အစာ၊ ဆေးဝါးနှင့်
ဆန်အိတ်များ လှူဒါန်းခြင်းနှင့် ရေဘေးကြောင့် အနာရောဂါနှင့် ဖျားနာမှု ဝေဒနာခံစားနေရသည့်
ကျွဲ၊ နွားတို့ကို ဆေးဝါးကုသခြင်းများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

"ကျွန်တော်တို့ ရေဘေးအတွက် ဘယ်လောက်လှူမယ်ဆိုပြီး အကန့်အသတ် မထားထားဘူး။
ရေဘေးကျရောက်ခဲ့တဲ့ နေရာတွေမှာ လိုအပ်ချက်တွေကို ရှေ့ပြေး အချက်အလက်ကောက်ယူပြီး
လိုအပ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေထံ အလှူခံပြီး ပူးပေါင်းလှူဒါန်းနေတာပါ"ဟု
ဒေါက်တာဘုန်းဝင်းက ပြောသည်။

အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များအတွင်းရှိ
ရေးဘေးသင့်ကျေးရွာပေါင်း ၁၄၁ ရွာရှိ ကျွဲနွားပေါင်း ၁၅၄၄၄ ကောင်ရေအတွက်
စီပီတိရစ္ဆာန်အစာအိတ် ၂၇၅၈ အိတ်ကို လည်းကောင်း၊ မရှိဆင်းရဲနွမ်းပါးသူများအတွက်
ဆန်အိတ်ပေါင်း ၇၇၈ အိတ်ထိ လှူဒါန်းခဲ့သည်ဟု မင်္ဂလာမြန်မာမှ ရေးဘေးသင့်လှူဒါန်းရေး
ဌာနမှူး မယဉ်ယဉ်ထွေးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း