စိန်ခေါ်မှုဆိုတာတော့ အများကြီးပဲ

ဒေါ်ခင်စောဝေ၊ ရခိုင်အမျိုးသားပါတီ
ရသေ့တောင် မဲဆန္ဒနယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

* ဘယ်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မလဲ။

အန်တီက ရသေ့တောင် မဲဆန္ဒနယ်ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင် သွားမှာပါ။ အခု ကိုယ်စားပြုနေတဲ့ မဲဆန္ဒနယ်ပါပဲ။ အပြောင်းအလဲ မရှိပါဘူး။

* လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလ
အတွင်းမှာ
ကိုယ့်မဲဆန္ဒနယ်က ပြည်သူလူထုအတွက် ဘာတွေများ ထူးထူးခြားခြား
လုပ်ပေးဖြစ်လဲ။

အဓိက လုပ်ပေးတာကတော့ အောက်ခြေနဲ့ ပြည်သူ လူထုရဲ့ လိုအပ်ချက်တွေကို အုပ်ချုပ်ရေး
အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဖြည့်စည်းပေးတာပါပဲ။ ဒီနှစ်တွေအတွင်းမှာ လုပ်ပေးခဲ့တာတွေက
ဒေသခံ ၄,၀၀၀ လောက်ကို မျက်စိခွဲစိတ်ကုသနိုင်အောင် လုပ်ပေးခဲ့တယ်။ နယ်စပ်စည်ပင်နဲ့
ပေါင်းပြီး အမျိုးသမီးတွေအတွက် စက်ချုပ်သင်တန်း ဖွင့်ပေးတယ်။ ရခိုင်ပြည်နယ်က ပညာရေးက
တော်တော်လေး နိမ့်ကျတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ အဲဒီအတွက်
အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲတွေ ဖွင့်နိုင်အောင် လွှတ်တော်မှာ မေးခွန်းတွေ
မေးမြန်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ကျန်းမာရေးမှာလည်း တိုက်နယ်ဆေးရုံဖွင့်နိုင်ဖို့
မေးခွန်းမေးခဲ့တယ်။ ဒီနှစ်ဘတ်ဂျက်ထဲမှာ ထည့်ပေး ထားတယ်လို့ သိရတယ်။
တတ်နိုင်သလောက်တော့ လုပ်ပေးခဲ့ပါတယ်။

* ပါတီဘက်ကရော ဘယ်လိုပံ့ပိုးကူညီမှုတွေရခဲ့လဲ။

ပါတီက ၂၀၁၀ ရွေးကောက်ပွဲနီးမှပဲ အလျင်စလို ဖွဲ့လိုက်တာဆိုတော့ အမှန်အတိုင်းပြောရရင်
ကူညီပံ့ပိုး ပေးနိုင်တာ မရှိပါဘူး။ ပါတီဘဏ္ဍာငွေအတွက်တောင် အန်တီတို့လစာထဲက
၁၀ ရာခိုင်နှုန်း ပြန်သွင်းပြီး လည်ပတ်နေတာ။ ဒါကြောင့် ပါတီပိုင်းကတော့ တော်တော့်ကို
အထောက်အကူ မရခဲ့ပါဘူး။ ဒါပေမဲ့ ရှေ့နှစ်တော့ တောင်းဆိုရမယ်။ ဘာကြောင့်လဲဆိုတော့
လွှတ်တော်က တစ်နှစ်မှာ ရှစ်လလောက် တက်ရတာလေ။ အခု လုပ်ပေးနေတယ်ဆိုတာက
အန်တီတို့ ကိုယ်တိုင် တတ်နိုင်သလောက် ကွင်းဆင်း၊ အချက်အလက်ကောက်ပြီး လုပ်ရတာ။
လွှတ်တော်တက်တဲ့ အချိန်မှာ ပါတီက ဒေသလိုအပ်ချက်တွေကို အချက်အလက်ကောက်ပေးပြီး
တင်ပြပေးနိုင်ရင်တော့ အန်တီတို့ အခုထက် ပိုလုပ်ပေးနိုင်မှာပေါ့။

* ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ကြုံရတဲ့ အခက်အခဲ၊ စိုးရိမ်ပူပန်မှုတွေက
ဘာများဖြစ်မလဲ။

အခု သဘာဝဘေးအန္တရာယ်တွေ ဖြစ်နေတာလေ။ အန်တီတို့ ရခိုင်ဒေသလည်း ပါတယ်။
အဲလိုမျိုးတွေ ထပ်မဖြစ်ဖို့လိုတယ်။ အဓိကပူပန်မှုကတော့ ရွေး ကောက်ပွဲ ရွှေ့ဆိုင်းလိုက်မှာကိုပဲ။
နောက်တစ်ချက်ကတော့ ပြိုင်ဆိုင်မှုများတာပေါ့။ အရင် ၂၀၁၀ ရွေးကောက် ပွဲတုန်းကတော့
ပြိုင်မယ့်လူမရှိတော့ ကိုယ့်ပဲ ပေးဖို့ သေချာတယ်လေ။ အခုတော့ အန်တီက အင်န်အယ်လ်ဒီ၊
ပြည်ခိုင်ဖြိုး၊ တစည စတဲ့ ပါတီတွေနဲ့ ပြိုင်ရမှာဆိုတော့ အရင်လို ကိုယ့်တစ်ယောက်တည်းကို
မဲပေးဖို့ မလွယ်တော့ပါဘူး။ ပြည်သူက သူတို့ ကြိုက်တဲ့သူပဲ ရွေးချယ်မှာပေါ့။ စိန်ခေါ်မှုဆိုတာတော့
အများကြီးပဲ။

* မဲဆွယ်စည်းရုံးရေးကာလက စတော့မှာဆိုတော့ ဘယ်လို ပုံစံမျိုးနဲ့ မဲဆွယ်ဖို့
စီစဉ်ထားလဲ။

တခြားပါတီတွေလည်း သူတို့ပုံစံနဲ့ သူတို့ မဲဆွယ်ကြမှာပေါ့။ အန်တီကတော့ ၉ ရက်နေ့
ရသေ့တောင် ပြန်မယ်။ ပါတီကော်မတီတွေနဲ့ တိုင်ပင်ပြီး မဲဆွယ်စည်းရုံးမှု လုပ်မယ်။
အဓိကကတော့ ဒီနှစ်အတွင်းမှာ ကိုယ့်အနေနဲ့ ဒေသအတွက် လက်တွေ့ကျကျ
ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကို ရှင်းပြပြောဆိုပြီး စည်းရုံးမယ်။ ပြည်သူတွေက အန်တီ့ကို
ဘာကြောင့် မဲပေးသင့်တယ်လို့ ထင်လဲ။ ၂၀၁၀ တုန်းကတော့ လူထုက အန်တီ့အကြောင်း
ဘာမှ မသိဘဲ မဲပေးခဲ့တာလေ။ အခုတော့ သူတို့ သိပါတယ်။ ကိုယ်တိုင်နယ်ဆင်းပြီး သူတို့
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အားကိုးမှုလည်း ရရှိခဲ့တယ်။ အခုလည်း ထပ်ပြီး
ရခိုင်ပြည်နယ်နဲ့ ဒေသခံတွေအတွက် အကျိုးပြုတဲ့အလုပ်တွေ လုပ်ပေးချင်တယ်။ ကိုယ်တိုင်
ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် လူထုအတွက် လိုအပ်တာ ဖြည့်ဆည်းပေးချင်တဲ့စိတ်ကို
အဓိကထားတဲ့အတွက် မဲပေးသင့်တယ်လို့ ထင်ပါတယ်။

* မဲဆန္ဒရှင်တွေကို အဓိကပေးချင်တဲ့ အမှာစကားက ဘာများဖြစ်မလဲ။

အဓိကပေးချင်တဲ့ အမှာစကားကတော့ ၂၀၁၅ အလွန်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်
ဖြစ်လာခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်နဲ့ လူထုအကျိုးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်
လုပ်ပေးမယ်ဆိုတာပါပဲ။

* အနိုင်ရခဲ့မယ်ဆို ဘယ်လိုပုဂ္ဂိုလ်မျိုးကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့
စဉ်းစားထားလဲ။

သမ္မတဆိုတာ အရမ်းအရေးကြီးတယ်။ အဲဒီလို လူမျိုးဟာ အုပ်စုတစ်ခုတည်းက
ရွေးချယ်ထွက်လာတဲ့သူ မဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တကယ့်ကို လက်တွေ့ကျကျ
လုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ။

* နိုဝင်ဘာရွေးကောက်ပွဲက တိုင်းပြည်အပြောင်းအလဲအတွက် မှတ်ကျောက်တင်မယ့်
ရွေးကောက်ပွဲလို့ ပြောဆိုနေတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အန်တီ့ရဲ့
မျှော်လင့်ချက်ကကော ဘာများဖြစ်မလဲ။

အခုကတော့ တရားမျှတပြီး သမာသမတ်ကျအောင် လုပ်မယ်ပြောနေပေမယ့် ၂၀၁၀ တုန်းကလို
မဲမသမာမှုတွေ မရှိအောင် ကျွန်မတို့အားလုံး ၀ိုင်းပြီးစောင့်ကြည့်ဖို့ လိုပါတယ်။ ကြိုတင်မဲတွေနဲ့
အနိုင်မယူနိုင်အောင် တော်တော်သတိထားရမယ်။ ဒီတော့ မှတ်ကျောက်တင်မယ့်
ရွေးကောက်ပွဲဖြစ်၊ မဖြစ်၊ မျှော်လင့်ချက်ဆိုတာ ရွေးကောက်ပွဲပြီးမှပဲ ပြောလို့ရမှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း