ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မကွေးတိုင်းရှိ မြစ်ကမ်းဘေးကျေးရွာများ ဒုတိယအကြိမ် ရွှေ့ပြောင်း

ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ
ကျေးရွာများတွင် ဒုတိယအကြိမ်ရေနစ်မြုပ်မှုများ ဖြစ်ပွားလျက်ကြောင်း ရေကြီးမှုဖြစ်နေသော
ဒေသများမှ ဒေသခံများက စက်တင်ဘာလ ၉ ရက်နေ့ကပြောသည်။

မြစ်ရေတက်မှုကြောင့် ဇူလိုင်လကုန်ပိုင်းက ရေဘေးသင့်ခဲ့ကြရသော မကွေးတိုင်းဒေသကြီး၊
ပွင့်ဖြူမြို့နယ်အတွင်းနှင့် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒုတိယအကြိမ်
မြစ်ရေတက်ခြင်းကို ရင်ဆိုင်နေကြရပြီး ဧရာဝတီမြစ်နှင့် မုန်းချောင်းဆုံရာဒေသမှ ကျေးရွာများ
ပြောင်းရွှေ့နေထိုင်ကြရကြောင်း ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ
ဦးမြင့်သန်း မှပြောသည်။

"ဒီတခါကတော့ မြစ်ရေက တအိအိတက်လာတော့ ပြင်ချိန်ရတယ်။ နွားတွေလည်း ရွှေ့ပြီးနေပြီ။
တချို့ကလည်းရွှေ့ကြတုန်း။ ဒါပေမယ့် ဒီနားတ၀ိုက်ရွာတွေက ပြင်ဆင်ပြီးပါပြီ" ဟု
၎င်းမှပြောသည်။

မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံတွေ့ရာဖြစ်သော ဆူးလေကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊
ခုံစုကျေးရွာ၊ ဆည်မုန်းကျေးရွာနှင့် အခြားကျေးရွာများသည် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေကြီးမှုကို
နှစ်စဉ်ကြုံတွေ့ရလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပခုက္ကူမြို့တွင် ယခုလ ၆ ရက်နေ့မှ စတင်၍ မြစ်ရေမြင့်တက်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့က
တစ်ပေခန့် ပိုမိုမြင့်တက်ခဲ့သည်ဟု ပခုက္ကူမြို့ခံတစ်ဦးဖြစ်သူ ကိုဟိန်းစိုး ကပြောသည်။

"အရင်တခါတက်တဲ့ ရေထက်စာရင် ဒီရေကကြည်ပါတယ်၊ နောက်ပြီး ရေစီးလည်းနှေးတယ်။
ကယ်ဆယ်ရေးလုပ်ဖို့ မလိုသေးပါဘူး။ တချို့က ပြီးခဲ့တဲ့ ရေဘေးကတည်းက ပြောင်းနေကြတဲ့
သူတွေကတော့ အခုထိ ပြန်မလာသေးကြဘူး။ တချို့ကတော့ ပြောင်းနေကြရတာပေါ့" ဟု
ကိုဟိန်းစိုး ကပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း
ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ်အထက်
ပေ၀က်ခန့်ကျော်နေကာ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေမည်
ဖြစ်သဖြင့် ပခုက္ကူနှင့် ညောင်ဦးခရိုင်များရှိ ကမ်းနားနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများကို
သတိထားနေထိုင်ရန် အကြံပြုထားသည်။

ဇူလိုင်လကုန်ပိုင်းက မြစ်ရေကြီးမှုနှင့် ချောင်းရေလျှံမှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းတွင်
လူနေအိမ် ၄၀၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၆၃,၆၉၃ ရေဘေးသင့်ခဲ့ရကြောင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင်
ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း