ရွေးကောက်ပွဲနဲ့ မီဒီယာ

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းက သတင်းမီဒီယာသမားတွေ
အတွက်တော့ အထူးခြားဆုံးရွေးကောက်ပွဲတစ်ခုပါပဲ။

အကြောင်းကတော့ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ
ဆင်ဆာစနစ်မရှိဘဲ သတင်းတွေ ဖော်ပြခွင့်ရတဲ့ ပထမဦးဆုံးရွေးကောက်ပွဲ ဖြစ်နေလို့ပါပဲ။

အရင်ရွေးကောက်ပွဲတွေတုန်းကတော့ မြန်မာ စာနယ်ဇင်းသမားတွေဟာ စစ်တပ်ရဲ့ဆင်ဆာစနစ်
မပါဘဲ ရွေးကောက်ပွဲသတင်းတွေကို ဖော်ပြခွင့် မရခဲ့ကြပါဘူး။

ကံကောင်းချင်တော့ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပြီး သုံးလအကြာမှာ မီဒီယာဆင်ဆာ
စနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒါပေမဲ့ သတင်းဖော်ပြ ချက်တွေနဲ့ပတ်သက်တဲ့ အခက်အခဲအားလုံးတော့ မရှိတော့ဘူးလို့
မပြောနိုင်သေးပါဘူး။

ဘက်လိုက်ခြင်း

မြန်မာတိုင်း(မ်)ရဲ့ လေ့လာတွေ့ရှိချက်အရ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီ
ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပေမယ့် ပြည်တွင်းမီဒီယာတွေ အထူးသဖြင့် ပုဂ္ဂလိကသတင်းစာ
တွေဟာ အဓိကပြိုင်ဘက် ပါတီကြီးနှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြောင်းကိုပဲ မကြာခဏ ဖော်ပြလေ့ရှိကြပါတယ်။

မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာ ခုနစ်စောင်ရှိပေမယ့်
ဒီသတင်းစာတွေ အားလုံးဟာ အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုရဲ့ သတင်းတွေကိုပဲ
မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြလေ့ရှိကြပါတယ်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကလွဲလို့ တခြားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေရဲ့
သတင်းကိုတော့ ဘယ်တော့မှ မျက်နှာဖုံးမှာ ဖော်မပြကြပါဘူး။

"ကျွန်တော်တို့ မီဒီယာတွေဟာ ဘက်မလိုက်ရဘူးဆိုတဲ့ စံသတ်မှတ်ချက် ရှိပါတယ်။
ပုဂ္ဂလိကသတင်းစာ အများစုဟာ ဒီသတ်မှတ်ချက်ကို လိုက်နာကြတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒါပေမဲ့ ပုံနှိပ်မီဒီယာတွေမှာတော့ နေရာမလောက်တာမျိုးလို အခက်အခဲတွေ ရှိပါတယ်။
ပါတီတစ်ခုချင်းစီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖော်ပြနိုင်ရင်တောင် အမတ်လောင်းတစ်ဦးချင်းစီရဲ့
သတင်းကိုတော့ ဖော်မပြနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမတ်လောင်းက
၆,၀၀၀ ကျော်တောင် ရှိပါတယ်"လို့ မြန်မာသတင်းစာဆရာများအသင်း ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသီဟစောက ပြောပါတယ်။

"မီဒီယာရဲ့သဘောက သတင်းတန်ဖိုးရှိတဲ့ အဖြစ်အပျက်နဲ့ လူတွေကို မလွတ်တမ်း
လိုက်လံစုဆောင်း ဖော်ပြရတာပါ။ ဒါကြောင့် ပါတီငယ်လေးတွေဟာ သတင်းတန်ဖိုးရှိတဲ့
ဆောင်ရွက်ချက်မျိုးတွေ ပြုလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်"လို့လည်း ဦးသီဟစောက
ပြောပါတယ်။

တချို့နိုင်ငံတွေက နိုင်ငံပိုင်သတင်းမီဒီယာတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး
ကာလအတွင်းမှာ လက်ရှိအစိုးရရဲ့ဆောင်ရွက်ချက်တွေကို ၀ါဒဖြန့်တဲ့အနေနဲ့
ဖော်ပြတတ်ကြတာကို ကြုံတွေ့ထားဖူးတာကြောင့် တခြားမီဒီယာတွေဟာ နိုင်ငံပိုင်သတင်း
ရုပ်သံလိုင်းတွေကို စောင့်ကြည့်သင့်တယ်လို့ Democracy Reporting International (DRI) က
မီဒီယာစောင့်ကြည့်ရေးဆိုင်ရာ ကျွမ်းကျင်သူ Mr Rasto Kuzel က အကြံပေးပြောဆိုပါတယ်။

ဒါပေမဲ့ မြန်မာဘာသာနဲ့ ကြေညာတဲ့ တခြားရေဒီယိုနဲ့ ရုပ်သံလိုင်းတွေဟာ ပြည်ပအစိုးရရဲ့
အထောက်အပံ့နဲ့ လည်ပတ်နေကြတာဖြစ်သလို အရင်ကဆို ပြည်ပမှာပဲ အခြေစိုက်ပြီး
လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီသတင်းဌာနတွေမှာ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်းတွေကို
တွေ့ဆုံမေးမြန်းထားတာတွေ၊ မဲဆန္ဒရှင်တွေနဲ့ အမတ်လောင်းတွေရဲ့ တွေ့ဆုံဆွေးနွေးခန်းတွေကို
မကြာခဏ ဖော်ပြကြပါတယ်။

ဒါ့ပြင် နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)ဟာ နိုင်ငံရေးပါတီဥက္ကဋ္ဌ
တစ်ဦးချင်းစီရဲ့ ၁၅ မိနစ်ကြာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွေကို နှစ်ကြိမ်
ဖော်ပြပေးသွားဖို့ ရှိပါတယ်။

အရင်းအမြစ်

အများက အားကျရလောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကတော့
သူ့ရဲ့ အမတ်လောင်းတွေ မီဒီယာနဲ့ တွေ့ဆုံတာကို ပိတ်ပင်တားမြစ်ထားပါတယ်။

အင်န်အယ်လ်ဒီပါတီဟာ အမတ်လောင်းတွေကို မီဒီယာတွေရဲ့တွေ့ဆုံမေးမြန်းမှုတွေကို
မဖြေကြားဖို့ ကြေညာချက်ထုတ်ပြန်ထားပြီး နှစ်လအတွင်းမှာ သုံးကြိမ် ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုး ကန့်သတ်ထားတာကို ဘယ်လောက်ကြာကြာ လုပ်မလဲဆိုတာကိုလည်း ဘယ်သူမှ
မသိကြပါဘူး။

"အင်န်အယ်လ်ဒီက အမတ်လောင်းတွေကို မီဒီယာတွေနဲ့ မတွေ့ဖို့ ကြေညာချက်
ထုတ်ပြန်ထားတာကြောင့် ကျွန်တော်တို့ အခက်အခဲတချို့ တွေ့ရပါတယ်။ အခုအချိန်မှာ
ကျွန်တော်တို့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မပြတ်ဖော်ပြဖို့
ရှိနေကြတာကြောင့် သတင်းတွေကို တစ်ဖက်စောင်းနင်း မဟုတ်ဘဲ ဖော်ပြပေးရဖို့ ကျွန်တော်တို့
အခက်တွေ့နေရပါတယ်"လို့ ဒီဗီဘီသတင်းဌာနက သတင်းခန်းအရာရှိ ဖြစ်တဲ့ ကိုအောင်ထွန်းမြင့်
က ပြောပါတယ်။

"ဒါဟာ အင်န်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်တွေရဲ့ စိုးရိမ်စိတ်လွန်ကဲမှုကြောင့်လို့
ကျွန်တော်ထင်ပါတယ်။ အင်န်အယ်လ်ဒီဟာ 'မီဒီယာကို ကြောက်တယ်'လို့ ပြည်ပနိုင်ငံက
ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တချို့ ပြောတာကို ကျွန်တော် ကြားရပါတယ်"လို့ ဗီဒီယို
သတင်းထောက် ကိုဆန်းသာအောင်က မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

"အင်န်အယ်လ်ဒီဟာ မီဒီယာကိုရှောင်ဖို့ သူ့အမတ်လောင်းတွေကို အမိန့်ထုတ်မယ့်အစား
မီဒီယာ၊ ဒါမှမဟုတ် ပြည်သူ့ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးသင့်ပါတယ်"လို့
သူက ပြောပါတယ်။

အလားတူ ကလေးမြို့နယ်အခြေစိုက် မောရိယတိုင်းမ်ဂျာနယ်တိုက် ပိုင်ရှင်လည်းဖြစ်၊
သတင်းစာဆရာလည်းဖြစ်တဲ့ ကိုငြိမ်းသူမင်းက ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးကာလ
စတင်ခဲ့တာ ခုနစ်ရက်လောက် ရှိနေပြီဖြစ်ပေမယ့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့
မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ် လောင်းတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်
မရသေးဘူးလို့ ပြောပါတယ်။

"မဲဆွယ်-စည်းရုံးရေး လုပ်ကြတာ မတွေ့ရသေးပါဘူး။ အင်န်အယ်လ်ဒီပါတီရဲ့ မဲဆွယ်ပွဲတွေက
လွဲလို့ပေါ့။ ပြည်ခိုင်ဖြိုးပါတီတောင် မဲဆွယ်စည်းရုံးရေးလုပ်တာ မတွေ့ရဘူး။ ချင်းတိုင်းရင်းသားပါတီ
အားလုံးရဲ့ ရုံးခန်းတံခါးတွေလည်း ပိတ်ထားဆဲပဲ။ သူတို့ကို ဘယ်လိုဆက်သွယ်နိုင်မလဲ
ကျွန်တော် မသိတော့ပါဘူး။ ကျွန်တော် သူတို့အိမ်ကို လူကိုယ်တိုင် သွားရောက်ခဲ့ပေမယ့်လည်း
အမတ်လောင်းတွေနဲ့ တွေ့ခွင့် မရခဲ့ပါဘူး။ များသောအားဖြင့် အမတ်လောင်းတွေဟာ အိမ်မှာ
မရှိကြပါဘူး"လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

အခုအချိန်မှာ အင်န်အယ်လ်ဒီအပြင် တခြားပါတီတချို့လည်း မီဒီယာကို ရှောင်နေကြပြီး
ဒီလိုမလုပ်သင့်ဘူးလို့ ဦးသီဟစောက ဆိုပါတယ်။

"သတင်းအချက်အလက် ရယူဖို့အတွက် မီဒီယာမှာ အခွင့်အရေးရှိပါတယ်။ နိုင်ငံရေးပါတီတွေဟာ
မီဒီယာတွေကို တွေ့ဆုံမေးမြန်းခွင့် ပေးသင့်ပါတယ်။ တကယ်လို့ ပါတီတွေက မီဒီယာကို
သတင်းအချက်အလက် ရယူခွင့်ပေးလိုက်ရင် လူတွေ(မဲဆန္ဒရှင်တွေ)လည်း မီဒီယာကနေတစ်ဆင့်
သတင်းအချက်အလက်တွေ ရရှိနိုင်မှာပါ"လို့ ဦးသီဟစောက ပြောပါတယ်။

စည်းမျဉ်းများ

လူမျိုးရေးနဲ့ ဘာသာရေးအကြောင်းပြချက်တွေပေးပြီး မဲပေးသင့်၊ မပေးသင့်ကြောင်း ပြောဆိုတာမျိုး၊
ပုံနှိပ်ဖြန့်ချိတာမျိုး မလုပ်ရဘူး၊ မဲပေးခွင့်ကို ဆုံးရှုံးအောင် ပြောဆိုဖြန့်ချိတာမျိုး ဘယ်သူမှ မလုပ်ရဘူး
ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတချို့ကို ရွေးကောက်ပွဲကာလအတွင်းမှာ မီဒီယာသမားတွေ
သတိထားရှောင်ကြဉ်သင့်တယ်လို့ Myanmar Media lawyer's Network က အတွင်းရေးမှူး
ဖြစ်တဲ့ ရှေ့နေဦးသန်းဇော်အောင်က ပြောပါတယ်။

"ဒီစည်းမျဉ်းတွေက ကျယ်ပြန့်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့ မလွယ်ပါဘူး။ ဒါကြောင့် သတင်းထောက်တွေ
သတိထားသင့်ပါတယ်"လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတွေမှာ သတင်းမီဒီယာဥပဒေ မရှိသေးပါဘူး။ ဒီဥပဒေကို
၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တာပါ။

ဒါကြောင့် ဒီဥပဒေဟာ အရင်ကရွေးကောက်ပွဲတွေနဲ့ အခုလာမယ့်ရွေးကောက်ပွဲကြား အဓိက
ခြားနားချက်တစ်ခု ဖြစ်နေပါတယ်။

တကယ်လို့ သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ တရားစွဲလိုက်ရင် ပြစ်ဒဏ်ကြီးတွေ
ကျခံရတာမျိုး မရှိတော့ဘဲ ဒဏ်ငွေနဲ့တင် ပြီးနိုင်ပါတယ်။

ဒါပေမဲ့ သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ပဲ တရားစွဲရမယ်လို့တော့ ဒီဥပဒေထဲမှာ
ပြဋ္ဌာန်းမထားပါဘူး။

ဒါကြောင့် သတင်းသမားတွေဟာ ပြစ်မှုဆိုင်ရာဥပဒေလို တခြားပုဒ်မတွေ၊ ဥပဒေတွေနဲ့
တရားစွဲခံရနိုင်ပါတယ်။

ဒါ့ပြင် သတင်းစာတိုက်တစ်ခုဟာ မဲဆန္ဒနယ်တစ်ခုမှာ သတင်းထောက် အများဆုံး သုံးဦးသာ
သတင်းသွားရောက်ယူခွင့် ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
စည်းမျဉ်းထုတ်ထားပါတယ်။

ပြီးတော့လည်း သတင်းသမားတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနက အခါအားလျော်စွာ
ထုတ်ပြန်တဲ့ စည်းမျဉ်းတွေကိုလည်း လိုက်နာရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က
ကြေညာထားပါတယ်။

ဒီကြေညာချက်တွေကို သတင်းသမားတွေက ဝေဖန်ပြောဆိုနေကြပြီး စာနယ်ဇင်းကောင်စီ
(ယာယီ)ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သဘောတူညီမှု တချို့ရရှိခဲ့ပြီး
တကယ်လို့ သတင်းထောက်တွေဟာ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီးတစ်ခုက မဲဆန္ဒနယ်
အားလုံးရဲ့အကြောင်းကို သတင်းဖော်ပြချင်တယ်ဆိုရင် ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင်ရုံးကို
တင်ပြရမှာဖြစ်ပြီး အဲဒီအခါကျရင် ခွင့်ပြုပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
သဘောတူပေးခဲ့တယ်လို့ ဦးသီဟစောက မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

သတင်းသမားတွေဟာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာကြမှာဖြစ်ပေမယ့် ပြန်ကြားရေး
ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်မယ့် စည်းမျဉ်းတွေကိုတော့ မလိုက်နာနိုင်ဘူးလို့
စာနယ်ဇင်းကောင်စီ(ယာယီ)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသိပေးခဲ့ကြောင်းနဲ့
ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ဘာမှပြန်မပြောသေးဘူးလို့လည်း
ဦးသီဟစောက ပြောပါတယ်။

အခြားအချက်များ

နိုင်ငံတစ်ဝန်းလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပေမယ့် ဘယ်သတင်းစာတိုက်မှာမှ သတင်းထောက်
၂၀၀ ကျော် မရှိပါဘူး။

ဒါကြောင့် သတင်းတွေ စုံအောင် ဖော်ပြပေးနိုင်ဖို့ အခက်အခဲရှိလိမ့်မယ်လို့ စာနယ်ဇင်းသမား
တချို့က ခန့်မှန်းထားကြပြီး တချို့ကတော့ ကွန်ရက်လို အချင်းချင်းဆက်သွယ်ပြီး သတင်းတွေ
စုံလင်အောင် ဖော်ပြပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ကလေးမြို့နယ်က ကိုငြိမ်းသူမင်းက သူ့ရဲ့မြို့နယ်မှာ ကျွမ်းကျင်သတင်းထောက် နှစ်ဦးရှိပြီး
အနီးအနားမြို့နယ်တွေမှာ သတင်းထောက် ခုနစ်ဦး ရှိတယ်လို့ ဆိုပါတယ်။

တချို့မဲဆန္ဒနယ်တွေဟာ မိုဘိုင်းဖုန်းတို့၊ အင်တာနက်တို့နဲ့ ဆက်သွယ်လို့ မရဘူးလို့လည်း
သူကပြောပါတယ်။

ဒါကြောင့် သတင်းဖော်ပြဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးတော့ သူတို့နယ်က ရေလွှမ်းမိုးခံရတဲ့ဒေသတွေမှာ လမ်းတွေကို ကောင်းကောင်း
မပြင်ရသေးသလို အဲဒီဒေသက မဲပေးခွင့်ရှိတဲ့ ပြည်သူတွေဟာလည်း အခုအချိန်အထိ
နေရာအတည်တကျ မဖြစ်ကြသေးတဲ့အတွက် ရွေးကောက်ပွဲကို သိပ်စိတ်မ၀င်စားကြပါဘူးလို့
ကိုငြိမ်းသူမင်းက ပြောပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲဆိုတာကလည်း လာမယ့်ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့
အချက်တစ်ချက်ပါ။

သူတို့တွေကို ရက်တိုသင်တန်းပဲ ပေးထားတာကြောင့် သူတို့ရဲ့ ရဲလုပ်ငန်းစွမ်းရည်ကို စိုးရိမ်နေတဲ့
သူတွေလည်း ရှိပါတယ်။

"တစ်ခါတလေ ဒီအထူးရဲတွေရဲ့ ရဲလုပ်ငန်း မကျွမ်းကျင်မှုကြောင့် မီဒီယာသမားတွေမှာ
အခက်တွေ့စရာ ရှိလာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ဒီဗီဘီက ကိုအောင်ထွန်းမြင့်က
ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာမီဒီယာသမားတွေကတော့ မီဒီယာဆင်ဆာမရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို
စောင့်ကြည့်နေကြပါတယ်။

သူတို့အတွက် သမိုင်းမှတ်တိုင်ထူစရာ အတွေ့အကြုံတွေလည်း မြင်ကြရတော့မှာပါ။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း