KNLA ၏ ထိပ်ပိုင်းစစ်ခေါင်းဆောင်သုံးဦး ထုတ်ပယ်ခံရသည် ဆိုခြင်းမှာ ကောလာဟလများသာဖြစ်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏
ထိပ်ပိုင်းစစ်ခေါင်း ဆောင်သုံးဦးအား ထုတ်ပယ်လိုက်ပြီ ဆိုသော လက်ရှိထွက်ပေါ်နေသည့်
သတင်းမှာ ကောလာဟလများသာဖြစ် ပြီး KNU နှင့် ဆက်ဆံရေးအခြေအနေမှာလည်း ကောင်းမွန်
aနဆဲပင်ဖြစ် ကြောင်း KNLA တပ်မဟာ(၆)မှ ဗိုလ်မှူး စောရှီးရှိုက ပြောသည်။

KNU အနေဖြင့် KNLA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ဗဟို တရားရေးဌာနမှ
ပဒိုဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို KNU ၏
စည်းမျဉ်းများဖောက်ဖျက်မှုဖြင့် ယခုလ ၂ ရက်တွင် တာဝန်မှရပ်စဲလိုက်ကြောင်း သတင်းများ၌
ဖော်ပြထားသော်လည်း ယင်းတို့မှာတရားဝင်ထုတ်ပြန်ချက်များမဟုတ်ကြောင်း ဗိုလ်မှူး စောရှီးရှိုက
ငြင်းဆိုလိုက်သည်။

"ကျွန်တော်တို့ အထက်လူကြီးကို ထုတ်လိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ဘာမှ
တရားဝင်အသိပေး တာမျိုးမရှိဘူး။ ကျွန်တော်တို့ဘက်က လည်း အတည်ပြုထားတာမျိုးမရှိဘူး။
အပြင်မှာ ပြောနေကြတာတွေကလည်း သတင်းအရင်းအမြစ်ကို ခိုင်ခိုင်လုံလုံ ပြောထားတာမရှိဘူး။
အားလုံးက ကောလာဟလတွေပါပဲ"ဟု ဗိုလ်မှူး စောရှီးရှိုက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးဦးဆောင်
ကာ ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်သည့် အပေါ် KNU အနေဖြင့် ဆောင်ရွက်ခြင်း
မဟုတ်သည့်အပြင် KNLA ဗဟို စစ်ဌာန ချုပ်၏ အစီအစဉ်မဟုတ်ကြောင်း၊ KNU ဗဟိုကော်မတီ
ဝင်များနှင့် တိုင်ပင်ခြင်းမရှိခဲ့ကြောင်း KNU မှ ကြေညာချက်ထုတ် ပြန်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့
သတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့ပြင် KNU သည် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနေရာတွင် KNLA တပ်မဟာ(၅) ၏ တပ်မဟာမှူး
ဗိုလ်မှူးချုပ် ဘောကျော် ဟဲကို အစားထိုးခန့်ထားလိုက်ပြီဖြစ် ကြောင်း KNU နှင့် နီးစပ်သူများကို
ကိုးကား၍ ဧရာဝတီသတင်းတွင် ယခုလ ၄ ရက်နေ့က ဖော်ပြခဲ့သည်။

"တကယ်တော့ ဘားအံ ဆက်ဆံရေး ရုံးဖွင့်မယ့်ကိစ္စက အစည်းအဝေးမှာ သဘောတူထားပြီးသား။
ကျွန်တော်တို့ ကလည်း ကျွန်တော်တို့အထက်လူကြီး တွေရဲ့ ညွှန်ကြားချက်အတိုင်း ဆောင် ရွက်
ရတာပဲလေ။ အခုဆက်ဆံရေးရုံးက လည်း ဗဟိုရုံးအနေနဲ့မဟုတ်ပါဘူး။KNLA တပ်မဟာတွေ
အချင်းချင်း ဆက် သွယ်ရအောင်။ တပ်တွေနဲ့ဆိုင်တဲ့ရုံးပါ။ အခုက အစိုးရနဲ့လည်း သဘောတူထား
တဲ့ အပစ်အခတ်ရပ်စဲမှုကို ခိုင်မာအောင် ပေါ့"ဟု ဘားအံဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောရှီးရှိုက
ပြောသည်။

ထို့ပြင် KNU ၏ အထွေထွေအတွင်း ရေးမှူးဖြစ်သူ နော်စီဖိုးရာစိန်ကလည်း KNU နှင့် KNLA အကြား
ကွဲနေပြီဆို သည့် သတင်းများမှာ မှန်ကန်မှုမရှိ ကြောင်း၊ လတ်တလောဖြစ်နေသည့် ပြဿနာမှာ
ခေါင်းဆောင်ပိုင်း သဘော ထားကွဲလွဲခြင်းသာဖြစ်ကြောင်း ကရင် သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

"လက်ရှိပြဿနာတွေကို စနစ်တကျ ဖြေရှင်းဖို့ ခေါင်းဆောင်ပိုင်းအစည်း အဝေးကို ဒီလ ၁၀ ရက်
နောက်ပိုင်း လုပ်ဖြစ်မှာပါ။ အားလုံးမျက်နှာချင်းဆိုင် ထိုင်ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ"ဟု
ဗိုလ်မှူးစောရှီးရှိုက ပြောသည်။

KNU သည် ၁၉၄၉ ခုနှစ်မှ စတင်ခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အဖြစ် နှစ်ပေါင်း ၆၀
ကျော်ကြာ ရပ်တည် ခဲ့သည်။

KNLA သည် KNU၏ဌာန ၁၄ ခုတွင် ကရင်အမျိုးသားကာကွယ်ရေးဌာန၊ အုပ်ချုပ်မှုနှင့် ဦးဆောင်မှု
အောက် တွင် ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း