"လွတ်လပ်မှုတော့ရှိတယ်၊ သိပ်ပြီး လုံခြုံမှု မရှိဘူး"

ကိုနေဘုန်းလတ်၊ အင်န်အယ်လ်ဒီအဖွဲ့ဝင်၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း။ကိုနေဘုန်းလတ်၊ အင်န်အယ်လ်ဒီအဖွဲ့ဝင်၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း။

နိုင်ငံရေးနည်းပညာနှစ်ခုအကြား ကွဲလွဲဆန့်ကျင်မှုတွေဖြစ်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့
ပတ်သက်ပြီး ကိုနေဘုန်းလတ်က ဆွေးနွေးပေးထားပါတယ်။

သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တတိယမျိုးဆက် အဖွဲ့ဝင်တစ်ဦးပါ။ အင်န်အယ်လ်ဒီ
အဖွဲ့ဝင်တစ်ဦးအနေနဲ့ သူဟာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာအတွက်
ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူလည်း ဖြစ်ပါတယ်။

နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သူ စတင်ပါဝင်ဖြစ်တာကတော့ အသက်ရှစ်နှစ်အရွယ်
၁၉၈၈ လူထုဆန္ဒပြပွဲမှာ ပါဝင်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဘွဲ့ရပြီးတဲ့နောက် ကိုနေဘုန်းလတ်ဟာ စင်ကာပူနိုင်ငံမှာ ဘလော့ဂါပညာကို
သွားရောက်လေ့လာခဲ့ပါတယ်။

ရန်ကုန်ပြန်ရောက်လာတဲ့အခါ အင်တာနက်ကဖေးဖွင့်ခဲ့ပြီး သံဃာ့လှုပ်ရှားမှုဖြစ်ပွားတဲ့အချိန်မှာ
မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကို ဘလော့ဂါတွေ အချိန်နဲ့ တစ်ပြေးညီ ရေးတင်နိုင်အောင်
သူ့ရဲ့အင်တာနက်ကဖေးက အထောက်အကူပေးနိုင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ကိုနေဘုန်းလတ်ကို အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေအပါအ၀င်
တခြားစွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်အနှစ် ၂၀ကျော် ချခဲ့ပြီး ဘားအံထောင်ကို ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေက အခုအချိန်မှာ ပိုကောင်းလာပေမယ့် ဥပဒေတွေက
အရင်အတိုင်း သူ့နေရာနဲ့သူ ရှိနေဆဲပါပဲလို့ ကိုနေဘုန်းလတ် က ပြောပါတယ်။

"ကျွန်တော်တို့မှာ လွတ်လပ်မှုတော့ ရှိတယ်။ ဒါပေမဲ့ သိပ်ပြီးလုံခြုံမှု မရှိပါဘူး"လို့ သူက
ပြောပါတယ်။

အခုတော့ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (အမ်အိုင်ဒီအို) တည်ထောင်သူ
ကိုနေဘုန်းလတ်က မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ်ရွေးကောက်ပွဲပြီးကတည်းက ဖြစ်ပေါ်ခဲ့တဲ့
အပြောင်းအလဲတွေနဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ်
လူမှုရေးမီဒီယာတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး မြန်မာတိုင်း(မ်)သတင်းထောက်
ကက်သရင်းထရော့ဝိန်း ကို ပြောပြထားပါတယ်။

* နည်းပညာနဲ့ ပတ်သက်ပြီး ဒီနှစ်ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့
ဘာတွေကွာခြားသွားနိုင်သလဲ။

၂၀၁၀၊ ၂၀၁၂ ခုနှစ်လောက်ကနဲ့ ယှဉ်လိုက်ရင် နည်းပညာက တော်တော်လေးပြောင်းလဲသွားပါပြီ။
ဒါပေမဲ့ ခက်တာတစ်ခုက ဒီနည်းပညာကို အသုံးပြုတဲ့သူတွေက မပြောင်းလဲကြသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းပညာကိုအသုံးချဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ကော်မရှင်ရဲ့အားနည်းချက်တွေနဲ့ စီမံခန့်ခွဲမှု သိပ်မကောင်းတာတွေကြောင့် နည်းပညာရဲ့
အကျိုး ကျေးဇူးကို မခံစားနိုင်ခဲ့ပါဘူး။ စစ်ဗိုလ်ချုပ်ဟောင်းတွေကတော့ သူတို့ ဘာမဆို
လုပ်နိုင်တယ်လို့ ထင်ကြတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်လိုက်တဲ့အခါမှာ
စစ်ဗိုလ်ချုပ်ဟောင်းတွေ အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူးဆိုတာမျိုး ဖြစ်လာပါတယ်။

နည်းပညာဆိုင်ရာ ပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေကို သူတို့ တန်ဖိုးထားရမှာပါ။

* မိုဘိုင်းဖုန်း အသုံးပြုတဲ့ သူတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ ကြီးကြီးမားမားတွေ
အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေက ရွေးကောက်ပွဲ
စည်းရုံးလှုံ့ဆော်ရေးနဲ့ ရွေးကောက်ပွဲကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ။

အခုအချိန်မှာ လူတော်တော်များများက မိုဘိုင်းဖုန်းတွေရှိကြပြီး အင်တာနက်ချိတ်ဆက်မှုလည်း
ရှိကြပါတယ်။ ဒါပေမဲ့ အမတ်လောင်းတချို့နဲ့ လွှတ်တော်အမတ် တချို့တလေလောက်ပဲ
နည်းပညာကို ဘယ်လိုထိထိရောက်ရောက် အသုံးချလို့ရတယ်ဆိုတာကို သိကြတာပါ။
မဲဆန္ဒရှင် စာရင်းကိုသွားကြည့်ဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တယ်လီနောဆီက ပို့လိုက်တဲ့
မက်ဆေ့ခ်ျတွေ ရပါတယ်။

"ရွေးကောက်ပွဲ ရောက်ရန် နှစ်ရက်သာ လိုပါတော့သည်" "ယနေ့ ရွေးကောက်ပွဲ မဲပေးရမည့်
နေ့ဖြစ်သည်" စတာမျိုးတွေ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူတိုင်းဆီ ပို့ပေးဖို့ တယ်လီနောကို
ကျွန်တော်လည်း ပြောဖြစ်ခဲ့ပါတယ်။

ဒီလိုလုပ်ပေးတာဟာ လူတွေ ရွေးကောက်ပွဲကို ပိုစိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးနိုင်ပြီး
မဲပေးသူအရေအတွက်လည်း တိုးလာနိုင်ပါတယ်။

"အင်န်အယ်လ်ဒီ ကို မဲပေးစို့"လို့ မက်ဆေ့ခ်ျပို့ မဲဆွယ်စည်းရုံးရေးလုပ်တာမျိုးလည်း ကျွန်တော်
လုပ်ဦးမှာပါ။

* ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံမှာ အသုံးပြုတဲ့သူ တော်တော်များပါတယ်။ မဲဆွယ်ဖို့
ဖေ့စ်ဘွတ်ခ်ကို ဘာကြောင့် အသုံးချတာလဲ။

ဖေ့စ်ဘွတ်ခ်ကို ကျွန်တော် အသုံးချဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက ကျွန်တော့်ကို
နည်းပညာရှင်တစ်ဦးအနေနဲ့ သိထားကြတယ်လေ။ ဒီနည်းပညာကို မဲဆွယ်စည်းရုံးရေး
ကိရိယာတစ်ခုအဖြစ် အသုံးချနိုင်တယ်ဆိုတာကို တခြားအမတ်လောင်းတွေ သိနိုင်အောင်
ကျွန်တော်လည်း ရှေ့ဆောင် လမ်းပြလုပ်ပေးချင်တယ်။

ကျွန်တော့် ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ၀က်ဘ်ဆိုက်ကို ကြည့်ဖြစ်လိုက်တဲ့သူတိုင်း သူတို့လည်း
ဒီလိုလုပ်လို့ရပါလားဆိုတဲ့ အသိလေးရသွားအောင် ကျွန်တော်က လုပ်ပြပေးချင်တာပါ။

ပြီးတော့ မက်ဆေ့ခ်ျတွေနဲ့ ပို့စ်တွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ ကျန်နေခဲ့တာ မဟုတ်ပါဘူး။
ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရတဲ့ ပို့စ်တွေ၊ မက်ဆေ့ခ်ျတွေကို ဖတ်လိုက်ရတဲ့သူက အင်တာနက်
မသုံးဖြစ်တဲ့ တခြားသူတွေကို ပြန်ပြောပြတာ မျိုးလည်း ရှိပါတယ်။

ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကနေ မဲဆွယ်စည်းရုံးတာဟာ အင်တာနက် အသုံးမပြုဖြစ်တဲ့
သူတွေကိုလည်း သက်ရောက်မှုရှိပါတယ်။

အခု ကျွန်တော် မြို့ထဲလှည့်ပြီး မဲဆွယ်စည်းရုံးတဲ့အခါ လူတချို့က ကျွန်တော့်ကို ထွက်လာပြီး
ကြိုဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို ဖေ့စ်ဘွတ်ခ်ကနေ
သိထားကြလို့ပါ။

* ကိုနေဘုန်းလတ်ကို လူတွေက အွန်လိုင်းကနေ ဘာတွေမေးကြသလဲ။

သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူတချို့ကတော့ သူတို့ရပ်ကွက်ကို ဘယ်တော့ လာမလဲလို့
မေးကြပါတယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးအကြောင်းတွေ
မေးကြပါတယ်။ မဲဆန္ဒရှင်တွေက ကျွန်တော့်ကို မေးခွန်းတွေအများကြီး မေးထားကြပါတယ်။
မေးခွန်းအားလုံးကို ပြန်ဖြေကြားပေးနိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။

ဒါကြောင့် ဖေ့စ်ဘွတ်ခ်ဟာ မြို့ထဲက လူတွေနဲ့ တရင်းတနှီးဖြစ်စေတာမျိုး၊ ရွေးကောက်ပွဲဆိုင်ရာ
အသိပညာနဲ့ မဲဆန္ဒရှင်စာရင်း စတာတွေကို ပြည်သူတွေသိအောင် လုပ်တာမျိုးတွေအတွက်
အကျိုးရှိပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ရတွေမျိုးရော ရှိပါသလား။

ဒေါက်တာစိုးမိုးသူဆိုတဲ့ အမတ်လောင်းတစ်ဦးကတော့ သူ့ရဲ့အကောင့်ကို ရီပို့တ်ထုခံရပြီး
ဖေ့စ်ဘွတ်ကလည်း သူ့အကောင့်ကို ပိတ်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်က သူ့ကို မေးခွန်းတွေ
အများကြီးမေးပါတယ်။

အဲဒီတော့ သူတော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။ ပြီးတော့ အင်န်အယ်လ်ဒီ
ကိုယ်စားလှယ်လောင်း ဇေယျာသော်ရဲ့ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ခ်အကောင့်အတု ဖွင့်ထားတာ
ခံရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲဒီအကောင့်နဲ့ ပတ်သက်ပြီး ရီပို့တ်တင်ခဲ့ပါတယ်။ အခုတော့
အဲဒီအကောင့် မရှိတော့ပါဘူး။ ဒီလိုအခက်အခဲမျိုးတွေတော့ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်လောင်းတွေဟာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ အွန်လိုင်းမှာ ဘေးကင်းအောင်
ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို ကြိုတွေးထားသင့်ပါတယ်။

* ဒီရွေးကောက်ပွဲမှာ တခြားရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေရော
ဖေ့စ်ဘွတ်ခ်ကို စသုံးနေကြတာကို တွေ့မိပါသလား။

အင်န်အယ်လ်ဒီမှာ ကိုယ်စားလှယ်လောင်း ၁,၁၃၈ ဦးလောက် ရှိပါတယ်။ သူတို့ထဲမှာမှ
လူငယ်ပိုင်းက ၁၁၅ ယောက် ပါပါတယ်။ ကိုယ်စားလှယ်လောင်း အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းပေါ့။
လူငယ်တော်တော်များများကတော့ ဖေ့စ်ဘွတ်ခ်ကို ထိထိရောက်ရောက် အသုံးပြုကြပါတယ်။

ဒါပေမဲ့ ခက်တာက ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ပတ်သက်ပြီး သူတို့ သိပ်မသိကြပါဘူး။ ဒါကြောင့်
သူတို့တွေ အခက် အခဲတော်တော်များများ တွေ့ကြရပါတယ်။ မှန်းခြေအားဖြင့် ၂၀၂၀ ပြည့်နှစ်မှာ
ဖေ့စ်ဘွတ်ခ်ဟာ အရမ်းကို အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။

အင်တာနက် အသုံးပြုတဲ့နှုန်းထားက အလျင်အမြန် တိုးတက်လာပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်ကတော့
အစမ်းစာမေးပွဲလိုဖြစ်နေပါတယ်။ အခုတော့ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းကိုပဲ ကျွန်တော်တို့
အားကိုးလို့မရသေးပါဘူး။ ဒါပေမဲ့ ၂၀၂၀ လောက်ကျရင်တော့ တော်တော်လေး
ပြောင်းလဲသွားပါလိမ့်မယ်။

* ဆိုရှယ်မီဒီယာမှာ အဆက်အသွယ်ရှိနေတဲ့ သူကိုပဲ လူတွေက
ပိုပြီး မဲပေးကြလိမ့်မယ်လို့ ထင်ပါသလား။

ဒါကတော့ ပရိသတ်ပေါ် မူတည်ပါတယ်။ ကျွန်တော်တို့မှာ အမာခံမဲဆန္ဒရှင်တွေ ရှိပါတယ်။
သူတို့ကတော့ ဘာပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီကို မဲပေးကြမှာပါ။ ဒါပေမဲ့ တခြားသူတွေကတော့
ချီတုံချတုံ ဖြစ်နေကြမယ့်သူတွေပါ။

အဲဒီလို မဲဆန္ဒ ရှင်တွေအတွက်ကတော့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ပို့စ်တွေက သက်ရောက်မှု
ဖြစ်စေမှာပါ။ ကျွန်တော်တို့ပုံတွေ တင်ထားမယ်။ မြို့ထဲလှည့်လည်ပြီး မဲဆွယ် စည်းရုံးမယ်။
ကိုယ်တိုင် လူတွေနဲ့ လိုက်မိတ်ဆက်မယ်။

ဒီတော့ အနည်းဆုံး ကျွန်တော်တို့ကြိုးစားတာကို သူတို့တွေ့ကြမှာပါ။ ကျွန်တော်တို့ ပါတီရဲ့
ကိုယ်စားလှယ်လောင်းတွေကို မူဝါဒနဲ့ ကတိပြုချက်တွေလည်း ဖေ့စ်ဘွတ်ခ်မှာ
ရေးသားဖော်ပြစေချင်တယ်။

ဝေခွဲမရဖြစ်နေတဲ့ မဲဆန္ဒရှင်တချို့ဟာ ကိုယ်စားလှယ် လောင်းတွေရဲ့ဓာတ်ပုံကို မြင်ချင်ကြသလို
မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ကြပါတယ်။

ဒါကြောင့် မူဝါဒနဲ့ ကတိပြုချက်တချို့ကို ဖေ့စ်ဘွတ်မှာ ကျွန်တော်တို့ ဖော်ပြသင့်ပါတယ်။
အဲဒီလိုမျိုး ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် ဝေခွဲမရဖြစ်နေတဲ့ မဲဆန္ဒရှင်တွေ အင်န်အယ်လ်ဒီဘက်
ရောက်လာပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ပြောင်းလဲလာနိုင်တဲ့ မဲဆန္ဒရှင်တွေပါ။ သူတို့က
ပြည်ခိုင်ဖြိုးကိုပဲ မဲပေးမယ်လို့ အစကတည်းက ဆုံးဖြတ်ချက် ချထားတဲ့သူတွေပါ။

တကယ်လို့ ကျွန်တော်တို့သာ သူတို့ကို အခိုင်အမာ မဲဆွယ်နိုင်မယ်ဆိုရင် သူတို့တွေလည်း
အင်န်အယ်လ်ဒီဘက် ရောက်လာနိုင်ပါတယ်။ သူတို့လို မဲဆန္ဒ ရှင်တွေကို မဲဆွယ်ဖို့က
ဓာတ်ပုံတွေလောက်နဲ့ မလုံလောက်ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်စည်းရုံးဖို့ လိုပါတယ်။
ဓာတ်ပုံတွေအပြင် မူဝါဒတွေလည်း ဖော်ပြပေးဖို့လိုပါတယ်။ ပြီးတော့ သူတို့ဘ၀အခြေအနေနဲ့
ဘာကြောင့် ပြည်ခိုင်ဖြိုးကို မဲပေးဖို့ ဆုံးဖြတ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း
ကျွန်တော်တို့ လေ့လာသင့်ပါတယ်။

* ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ မျှော်လင့်ထားပါသလဲ။

ကျွန်တော်တို့ကတော့ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့
ဒါကလည်း ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး
ဆောင်ရွက်ကြရမှာပါ။ အခုတော့ မဲဆန္ဒရှင်စာရင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခက်အခဲ
ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ တခြားအခက်အခဲတွေလည်း ရှိလာနိုင်ပါတယ်။
ဘာသာရေးကိစ္စလည်း တစ်ခု အပါအ၀င်ပေါ့။

ကြိုတင်မဲတွေကလည်း အခက်အခဲကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီတော့ လွတ်လပ်ပြီးမျှတတဲ့
ရွေးကောက်ပွဲဖြစ်ဖို့ လူတိုင်း တာဝန်ယူသင့်ပါတယ်။ မဲဆန္ဒရှင်စာရင်းကို ကျွန်တော်တို့ သွားပြီး
ကြည့်သင့်ပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်သင့်ပါတယ်။ ပြီးတော့ မဘသအဖွဲ့က
နေရာတိုင်းမှာ ရှိနေပါတယ်။ သူတို့အဖွဲ့က မြို့တိုင်းသွားပြီး အင်န်အယ်လ်ဒီကို တိုက်ခိုက်ပြီး
ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်စည်းရုံးနေပါတယ်။ အဲဒါမျိုးလေးတွေလည်း အခုအချိန်မှာ
တွေ့နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း