ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွက် လူမှုကွန်ရက်က လက်နက်တစ်ခုလား

သူရဦးရွှေမန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖတ်ရှုနေသူတစ်ဦးကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)သူရဦးရွှေမန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖတ်ရှုနေသူတစ်ဦးကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

လွန်ခဲ့သည့်နှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမှုအဖြစ်
ပြည်ပတယ်လီဖုန်း အော်ပရေတာနှစ်ခုကို လုပ်ကိုင်ခွင့်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်
မိုဘိုင်းဖုန်းပိုင်ဆိုင်သူ အရေအတွက် တစ်ဟုန်ထိုး တိုးတက်လာသည်။

ထို့အတူ အင်တာနက် မှာလည်း လူတိုင်း လက်လှမ်းမီနိုင်သည့် အနေအထားသို့ ရောက်ရှိလာကာ
လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲသူ များပြားလာသည်။

မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အောင်နိုင်ရန် အပြိုင်အဆိုင်မဲဆွယ်
စည်းရုံးနေကြသည့် ကိုယ်စားလှယ်လောင်းများအတွက်လည်း ဖေ့စ်ဘွတ်ခ်က မဲဆွယ်စည်းရုံးရေး
လက်နက်တစ်ခု ဖြစ်လာသည်။

ယခုနှစ် နည်းပညာကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်ကထက် ၁၀ ဆမက ဖွံ့ဖြိုးတိုးတက်
လာသည့်အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် နည်းပညာကို
အသုံးပြုကာ မဲဆွယ်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း Myanmar ICT for Development
(MIDO) ပရိုဂရမ်ဒါရိုက်တာ မထိုက်ထိုက်အောင် က ပြောသည်။

"အခုဖေ့စ်ဘွတ်ခ်သုံးတဲ့သူ အရေအတွက်က ခြောက်သန်း ရှိနေပါပြီ။ မိုဘိုင်းအင်တာနက်
အသုံးပြုတဲ့သူက ၁၈ သန်း ရှိနေပြီဖြစ်တဲ့အတွက် အားလုံးနီးပါးရဲ့လက်ထဲကို အင်တာနက်
ဆက်သွယ်မှုတွေ ရနေပြီ။ နည်းပညာအသိ ဉာဏ်တွေကလည်း ပွင့်လန်းပြီဖြစ်တော့
ဒီပါတီဝင်တွေရဲ့ သတင်းအချက်အလက်တွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ
လေ့လာနိုင်မယ်။ ၂၀၁၀ တုန်းကထက်စာရင် နည်းပညာက ၁၀ ဆမက တိုးတက်လာပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် အခုချိန်က
အရမ်းကို အကျိုးရှိလာပါတယ်" ဟု ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့ကလည်း ဖေ့စ်ဘွတ်ခ်တွင် မိမိတို့၏ ကိုယ်ပိုင်စာမျက်နှာ
ပြုလုပ်ကာ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူအများ သိရှိစေရန် အသိပေး
ကြေညာကာ မဲဆွယ်စည်းရုံး လာကြသည်ကို တွေ့ရသည်။

"ဖေ့စ်ဘွတ်ခ်တွေမှာ မဲဆန္ဒနယ်အလိုက်
စာမျက်နှာတွေ ဖွင့်လာကြတာတော့
တွေ့တယ်။ ဒါပေမဲ့ မဲဆန္ဒရှင်တွေအနေနဲ့
ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး
မဲဆွယ်တာတော့ မရှိပါဘူး။ သူတို့ရဲ့
လှုပ်ရှားဆောင်ရွက်မှုတွေကိုပဲ တင်တာ
တွေ့ပါတယ်။ အခုလောလောဆယ်တော့
ပါတီကြီးတွေကပဲ စာမျက်နှာတွေ ထောင်တာ
တွေ့တယ်။ တိုင်းရင်းသားပါတီတွေ၊
တစ်သီးပုဂ္ဂလပါတီတွေ စာမျက်နှာထောင်
တာတော့ မတွေ့သေးဘူး။ အဲဒီတော့
ဖေ့စ်ဘွတ်ခ် သုံးတဲ့သူတွေကလည်း သူတို့
ရွေးချယ်ချင်တဲ့ ပါတီရဲ့စာမျက်နှာတွေကို
လိုက်ခ်(Like)တွေ လုပ်ထားကြတာကို
တွေ့ရပါတယ်" ဟု ဒို့မြန်မာလူမှုကွန်ရက်
စာမျက်နှာ၏ နည်းပညာဆိုင်ရာ ဒါရိုက်တာ
ဦးသန်းထိုက်စိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယကလည်း
ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့်
သူရ ဦးရွှေမန်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ
ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။

သူရဦးရွှေမန်းသည် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ
တစ်ဆင့် ၎င်း လွှတ်တော်တာဝန် ထမ်းဆောင်
နေမှုများနှင့် ပြည်သူ့အကျိုးသယ်ပိုးနေမှုများကို
ပုံမှန်လွှင့်တင်ကာ ၎င်းကို ထောက်ခံသူများ
ပိုမို များပြားလာစေရန် ဆောင်ရွက်နေသည်။

သို့သော် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို
လိုက်ခ်လုပ်ထားသူ အရေအတွက်
၁၈၀,၀၀၀ မှာ ဒေါ်အောင်ဆန်းစုကြည်၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လိုက်ခ်လုပ်ထားသူ
အရေအတွက်နှင့် နှိုင်းယှဉ်ပါက
မပြောပလောက်ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်
ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လိုက်ခ်လုပ်ထားသူ
၁ ဒသမ ၃ သန်းရှိကာ အဆိုပါ စာမျက်နှာတွင်
လွှင့်တင်ထားသော ရွေးကောက်ပွဲတွင်
မည်သို့ မဲပေးရမည်ကို ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင် သရုပ်ပြ ရိုက်ကူးထားသည့်
ဗီဒီယိုကိုလည်း ကြိုက်နှစ်သက်သူ များပြားပြီး
ထပ်ဆင့်ဖြန့်ဝေသူ အများအပြားရှိသည်ကို တွေ့ရသည်။

သို့သော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများကို အသုံးပြု၍ မိမိတို့၏
လှုပ်ရှားမှုများကို ပြည်သူများ သိရှိစေရန်ဆောင်ရွက်သလို မိမိ၏ ဖေ့စ်ဘွတ်ခ် ကိုယ်ပိုင်စာမျက်နှာ၏
လုံခြုံရေးကိုလည်း အထူးဂရုစိုက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေဘုန်းလတ်က ပြောသည်။

"အခု မိုဘိုင်းဆင်းကတ်တွေကလည်း လူတွေရဲ့ လက်ထဲကို အားလုံး ရောက်နေကြပြီ။
အင်တာနက်တွေကို အသုံးပြုလာကြတဲ့အတွက် ဒီပေါ်ကနေ မဲဆွယ် စည်းရုံးမှုလုပ်တာ
အကောင်းဆုံးအချိန်ပဲ။ ဒီဖေ့စ်ဘွတ်ခ်ကနေ မဲဆွယ်တာကတော့ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေကို
အဓိကရည်ရွယ်ပြီး မဲဆွယ်တာပါ။ ဒါပေမဲ့ မိမိရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာရဲ့ လုံခြုံရေးကို
ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်တို့ဆို ဇေယျာသော်ရဲ့ အကောင့်တုတစ်ခု
ထွက်လာတယ်လေ။ အဲဒီအတွက် အားလုံး Report ၀ိုင်းလုပ်ပြီး ဖြတ်လိုက်ရတယ်။
အဲဒီတော့ ကိုယ့်အကောင့်ရဲ့ဖေ့စ်ဘွတ်ခ် password ကို မကြာမကြာ ပြောင်းပေးတာတို့
လုပ်ပေးသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

"ဖေ့စ်ဘွတ်ခ်ကလည်း သက်ရောက်မှု ပြင်းထန်တယ်။ ကျွန်တော်ဆို အပြင်မှာ စည်းရုံးရေးထွက်ရင်
ပြည်သူတွေက ကျွန်တော့်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ သိနေကြပြီး အခုမှ အပြင်မှာ မြင်ရတယ်ဆိုပြီး
လာနှုတ်ဆက်တယ်ဗျ။ ကြိုတင်မဲတွေ ဘယ်လို ပေးရမလဲ စသဖြင့်ပေါ့။ ဖေ့စ်ဘွတ်ခ်သုံးတဲ့
သူတွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးတင်ထားတာတွေ အကုန်လုံးကို မှတ်ထားကြတာလေ။
မဟုတ်တာတွေ ရေးတင်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ပုံရိပ်ကို လာပြီးထိခိုက်နိုင်တာပေါ့နော်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဆိုလည်း ရေးတာပဲဖြစ်ဖြစ်၊ ကလစ်နှိပ်တာပဲဖြစ်ဖြစ်
အရမ်း ဂရုစိုက်သင့်တယ်။ နည်းပညာကြောင့် အကျိုးဖြစ်ထွန်းမှုဆိုတာ လူတွေရဲ့ အသုံးချမှုပေါ်
မူတည်တယ်။ အဲဒီပေါ်မှာ ထိထိရောက်ရောက် အသုံးချနိုင်လေလေ ဆိုးကျိုးက လျော့လျော့
သွားလေဖြစ်မှာပဲ"ဟု ၎င်းက ပြောသည်။

သို့သော် ရွေးကောက်ပွဲတွင် လူငယ်များ မဲပေးကြရေး လှုပ်ရှားမှုကို ဆောင်ရွက်နေသည့်
Pandita Development Institute ၏ ရွေးကောက်ပွဲဆိုင်ရာ အစီအစဉ်များအတွက် တာဝန်ရှိသူ
ကိုဖြိုးတင်ဦးကမူ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်လျှင် အင်တာနက်သုံးသူ အရေအတွက်မှာ
နည်းပါးနေသေးသဖြင့် လူမှုကွန်ရက်အသုံးပြု မဲဆွယ်ခြင်းက ပြောပလောက်အောင်
ထိရောက်နိုင်ဖွယ်မရှိဟု ပြောကြားသည်။

ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု ခြင်းမှာ မည်မျှထိရောက်မှု ရှိသည်မှာမူ
ကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာဒေသပေါ်တွင် မူတည်နေသည်။

မြို့ပြဒေသ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက်သာ
ဖေ့စ်ဘွတ်ခ်က မဲဆွယ်စည်းရုံးမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ထိုအချက်ကို ကိုယ်စားလှယ်လောင်းများက သိရှိထားသော်လည်း ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းက
ကောင်းကျိုးများစွာ ရရှိနိုင်သည်ဟု ပြောကြားကြသည်။

"ဆိုးကျိုးကတော့ ဖေ့စ်ဘွတ်ခ်မှာ လူတွေက ဆဲဆိုတာတွေ၊ အကောင်းပြောတာတွေ
တင်နိုင်တယ်။ ကောင်းတဲ့အချက်တွေကတော့ ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတာ
ပြောလို့ရတယ်။ ဖေ့စ်ဘွတ်ခ်မှာ လိမ်ညာပြီး ရေးသားတင်ပြနေရင်တော့ ရလဒ် ကောင်းမှာ
မဟုတ်ဘူး" ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

"မြို့ပေါ်တွေမှာဆိုရင် ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ မဲရဖို့အတွက် ဖေ့စ်ဘွတ်ခ်က
ကူညီနိုင်တယ်။ သူ တစ်အိမ်တက်ဆင်း မသွားနိုင်တဲ့အခါ သူ ဘယ်သူလဲဆိုတာနဲ့ သူ့ရဲ့
ပေါ်လစီတွေကို ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လူတွေ သိနိုင်မယ်" ဟု ၎င်းက ပြောသည်။

သို့သော် ရှမ်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြုကာ သီပေါမဲဆန္ဒနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရဲထွန်းကမူ ဖေ့စ်ဘွတ်ခ်သည် သတင်းစကားများ
လွှင့်ထုတ်ရန်အတွက်သာ သင့်တော်သည်ဟုပြောသည်။

"ကျွန်တော့်မှာ ဂျာနယ်လစ်အသိတွေ အများကြီး ရှိတယ်။ သူတို့က လူမှုကွန်ရက် အသုံးပြုကြတော့
ကျွန်တော် သူတို့နဲ့ အလွယ်တကူ ပြောဆိုဆက်သွယ်လို့ရတယ်။ သတင်းစကားတွေက
တစ်နိုင်ငံလုံးကို အချိန်တိုအတွင်း အလွယ်တကူ ပြန့်သွားနိုင်ပေမယ့် ကျွန်တော့် မဲဆန္ဒနယ်ကိုတော့
မရောက်ပါဘူး" ဟု ၎င်းကပြောသည်။

၎င်းယှဉ်ပြိုင်မည့် နယ်မြေတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ နည်းပါသည်ဟုလည်း ဆိုသည်။

"ရွာကလူတွေက ကျွန်တော့်လုပ်ဆောင်မှုတွေကို ရေဒီယိုကနေ ကြားသိကြတာပါ။ ဖေ့စ်ဘွတ်ခ်က
မဟုတ်ပါဘူး" ဟု ဦးရဲထွန်းက ပြောသည်။

ထို့ပြင် ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ရန်အတွက်လည်း နေရာကောင်းတစ်ခု မဟုတ်ဟု
၎င်းကပြောသည်။

"ဥပမာ - ဖက်ဒရယ်စနစ်အတွက် ကျွန်တော်တို့ ဆွေးနွေး ငြင်းခုံကြတယ်ဆိုရင် ဖေ့စ်ဘွတ်ခ်ကနေ
အကုန်လုံး ပြန်လည် ရှင်းလင်းဖို့ မဖြစ်နိုင်ပါဘူး" ဟု ၎င်းကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက နိုင်ငံလူဦးရေ၏ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိသာ
အင်တာနက်ရရှိသော်လည်း ယခုအချိန်တွင် အင်တာနက်ချိတ်ဆက်ထားသူ ၁၈ သန်းရှိနေခြင်းက
ကြီးမားသော အပြောင်းအလဲဖြစ်သည်ဟု မထိုက်ထိုက်အောင်က ပြောသည်။

"ဒါက အတော်များပြားတဲ့ အရေအတွက်ပါ။ ပြီးတော့ အင်တာနက် အသုံးပြုသူအများစုက
မဲပေးသူများမယ့် ဒေသတွေမှာ နေထိုင်ကြသူတွေဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။ လူမှုကွန်ရက်က
သူတို့အတွက် ကြားခံတစ်ခုဖြစ်မယ်ဆိုတာကလည်း ထင်ရှားပါတယ်" ဟု ၎င်းကပြောသည်။

ကက်သရင်းထရော့ဝိန်းနှင့် ၀လုံး ကူညီရေးသားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း