ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် တိုင်းရင်းသားပါတီများသာ အနိုင်ရနိုင်ချေရှိဟု ကျားဖြူဥက္ကဋ္ဌ ပြောကြား

ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဒေသခံပါတီဝင် တစ်ဦး ယခုလ အစောပိုင်းက မဲဆွယ်စည်းရုံးနေစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဒေသခံပါတီဝင် တစ်ဦး ယခုလ အစောပိုင်းက မဲဆွယ်စည်းရုံးနေစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)

ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အများစု၌ ထိပ်တန်းပါတီကြီးနှစ်ခုအပါအ၀င် အတိုက်အခံပါတီနှင့်
တိုင်းရင်းသားပါတီများစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း တိုင်းရင်းသားပါတီများသာ
အနိုင်ရနိုင်ချေရှိကြောင်း ရှမ်းတိုင်းရင်သား ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)ပါတီ ဥက္ကဋ္ဌ
ဦးစိုင်းအိုက်ပေါင်းက သုံးသပ်သည်။

"အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)ကိုလည်း အင်အားကောင်းလာမယ်လို့
ကျွန်တော်တို့ ထင်ထားတယ်။ ထင်သလောက် အားကောင်းလာတာ မတွေ့ရဘူး။ ကျွန်တော်
၂၀၁၅ အလွန် ရွေးကောက်ပွဲ ရလဒ်ကို ခန့်မှန်းသုံးသပ်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်
မဲဆန္ဒနယ်မှာတော့ တိုင်းရင်းသားပါတီတွေကို ပါတီကြီးတွေက ကျော်ဖို့ မဖြစ်နိုင်ဘူး။
သေချာပြောနိုင်တာ တစ်ခုကတော့ ၁၉၉၀ တုန်းကလို ဘယ်ပါတီမှ ဘယ်လိုမှ အပြတ်အသတ်
မနိုင်နိုင်ဘူး။ မြေကြီး လက်ခတ်မလွဲဘဲ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြီးခဲ့သည့်
ရက်သတ္တပတ်က ပြောသည်။

ကျားဖြူပါတီ၏ ကိုယ်စားလှယ်လောင်း ၂၀၆ ဦးက ပြည်ယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့်အနက် ရှမ်းပြည်နယ်တွင်း မဲဆန္ဒနယ် ၄၃ နေရာပါဝင်သည်။

"၈၀ ရာခိုင်နှုန်းလောက် သေချာပေါက်နိုင်မယ်လို့ တွက်ဆထားပါတယ်။ ရှမ်းမြောက်၊ ရှမ်းရှေ့၊
ရှမ်းတောင် အဲဒီနေရာတွေကတော့ မကြောက်ပါဘူး။ ကျွန်တော်တို့နိုင်ချေ အများဆုံးနေရာတွေပဲ။
ကျားဖြူပါတီအနေနဲ့ စိုးရိမ်ရတာက တောင်ကြီးမြို့နယ် တောင်ကြီးခရိုင်အတွင်းမှာတော့ ဗမာနဲ့
ပအိုဝ်းများတဲ့အတွက် စိုးရိမ်ရဖွယ်ရှိတယ်။ ရှမ်းက လူဦးရေအနေနဲ့ တတိယလောက်ပဲ ရှိတယ်။
တစ်သိန်း ခြောက်သောင်းက ဗမာတွေ၊ ပအိုဝ်းက တစ်သိန်း၊ ရှမ်းက နှစ်သောင်း ငါးထောင်ပဲ
ရှိပါတယ်။ ဗမာနဲ့ ပအိုဝ်းကနေ မဲပြန့်မှသာ နိုင်နိုင်မှာပါ။ ဒီတော့ တောင်ကြီးမှာတော့
အင်န်အယ်လ်ဒီပဲ အားကောင်းလိမ့်မယ်လို့ တွက်ဆထားခဲ့ပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီ
ကလည်း ထင်သလောက် အားကောင်းလာတာမျိုး မတွေ့ရပါဘူး" ဟု ဦးစိုင်းအိုက်ပေါင်းက
ပြောသည်။

ရှမ်းအင်အားကြီး ပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၊
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) တို့သည် ယခုရွေးကောက်ပွဲတွင်
အင်အားကောင်းသော တိုင်းရင်းသားပြိုင်ဘက်ပါတီ နှစ်ခုအနေဖြင့် ရပ်တည်နေသည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီ (ကျားခေါင်းပါတီ)၏ တောင်ကြီးမြို့နယ် ပြည်သူ့လွတ်တော်
ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းမြတ်က ၎င်းတို့ ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်
၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့သည့်အတွက် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့သော်လည်း
ယခုအခါ ရှမ်းပြည်နယ်လူထု၏ တောင်းဆိုမှုကြောင့် ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း
ပြောသည်။

"လင်းခေးခရိုင်တို့၊ လွယ်လင်ခရိုင်တို့ဆိုရင် တိုင်းရင်းသားပါတီတွေက အင်အားပိုသာမှာ
ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသားတွေကတော့ ဒီရွေးကောက်ပွဲမှာ
အင်အားကောင်းမှာပါပဲ"ဟု ၎င်းက ပြောသည်။

"မဲဆွယ်မှုတွေမှာ အဓိကက ကျွန်တော်တို့ပါတီ ၂၀၁၀ မှာ အရွေးမခံခဲ့တော့
ပြန်မိတ်ဆက်နေရတယ်။ တချို့နေရာတွေကဆို သိပ်မသိကြတာရှိတယ်။ ၁၉၉၀ မှာတော့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ကျွန်တော်တို့ ကျားခေါင်းပါတီဟာ တစ်နိုင်ငံလုံးမှာ
ဒုတိယလိုက်ခဲ့တယ်။ ခုက ပြန်မိတ်ဆက်နေရတာရှိတယ်။ နောက်တစ်ခုက မဲစာရင်း ကိစ္စပေါ့။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မယ့် ကျွန်တော့် မဲစာရင်းကကို မှားနေတာဗျာ။
ကိုယ်တောင်ဝင်ပြိုင်ရဖို့ မဲစာရင်း အမှန်ဖြစ်အောင် ပြန်လုပ်နေရတဲ့အချိန်မှာ ပြည်သူတွေ
မဲစာရင်းမှန်အောင်လုပ်ဖို့ကို ဘာမှ လုပ်မပေးနိုင်ဘူးဖြစ်နေတယ်။ ဒါက တော်တော် ဆိုးရွားတဲ့
ကိစ္စပဲ"ဟု ၎င်းက ပြောသည်။

ကျားခေါင်းပါတီသည် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ်နှစ်ဦးစီ ၀င်ရောက်
ယှဉ်ပြိုင်မည်ဖြစ်ကာ တစ်ပြည်လုံး အတိုင်းအတာအရ မဲဆန္ဒနယ် ၅၁ နေရာတွင်
ကိုယ်စားလှယ်လောင်း ၁၅၈ ဦး ၀င်ပြိုင်မည်ဖြစ်သည်။

ရှမ်းပြည်နယ်၏ တောင်ပိုင်းတွင် ကျားဖြူ ပါတီအင်အားကောင်းပြီး ရွေးကောက်ပွဲတွင်
အောင်နိုင်မည်ဖြစ်သော်လည်း ကျေးလက်ဒေသများတွင်သာ ပိုမိုအားကောင်းနိုင်ကြောင်း
နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင်က ပြောသည်။

"ကျားဖြူက ရှမ်းတောင်ပိုင်းမှာ အင်အားကောင်းတာ မှန်ပေမယ့်လည်း ကျေးလက် ဒေသတွေ၊
မြို့ငယ်တွေမှာဖြစ်လိမ့်မယ်။ အာစီအက်စ်အက်စ်အဖွဲ့နဲ့လည်း ကျားဖြူ က မဟာမိတ်ဖြစ်တဲ့
အခါကျတော့ အဲဒီက ထောက်ပံ့မှုတွေနဲ့ ကျေးလက်တွေကတော့ မဲပေးမှာသေချာပါတယ်။
တောင်ကြီး၊ လားရှိုးဘက်တွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်လိမ့်မယ်။
မြို့ကြီးတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျော်ဖို့သိပ်မလွယ်ဘူး။ အဲဒီနေရာတွေမှာ
၁၉၉၀ တုန်းကလည်း နိုင်ခဲ့တာပဲ။ ရှမ်းမြောက်မှာတော့ ကျားခေါင်းပါတီကပဲ နိုင်ချေများလိမ့်မယ်။
ရှမ်းပြည်နယ်ရဲ့ အင်အား အကောင်းဆုံး၊ လူထုထောက်ခံမှု အများဆုံး ပါတီကတော့
ကျားခေါင်းပါတီပဲ။ ဒုတိယကတော့ ကျားဖြူပါတီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့
တတိယလိုက်မယ့် အနေအထားတွေ့နေရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့
တိုင်းရင်းသားအများ စုပြီး နေထိုင်တဲ့ ရွာငံ၊ ပင်းတယလို နေရာတွေမှာတော့ လူမျိုးအလိုက်
ပအိုဝ်းဆိုပအိုဝ်၊ ဓနုဆို ဓနုနိုင်သွားပါလိမ့်မယ်။ အဓိကကတော့ ကျားခေါင်းပါတီက ရှမ်းမြောက်မှာ
အားကောင်းတယ်။ ရှမ်းတောင်မှာကျတော့ ကျားဖြူက အားကောင်းတယ်။ ရှမ်းပြည်မှာ
တတိယ အားအကောင်းဆုံးက အင်န်အယ်လ်ဒီဖြစ်မှာပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီကတော့ ကြားထဲကဖျန်ဖြေတဲ့ အဆင့်လောက်ပဲ ရှိမှာပါ။ မဲရဖို့မလွယ်ကူပါဘူး" ဟု
၎င်းက ပြောသည်။

ကျေးလက်ဒေသများတွင် ပါတီကြီးနှစ် ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ရွေးကောက်ပွဲတွင် ယတိပြတ်နိုင်မည်ဟု မျှော်လင့်၍
မရနိုင်သော အခြေအနေတွင် ရှိနေသည်။

"ကျွန်တော်ကတော့ ကိုယ့်တိုင်းရင်းသားလည်းဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီကို
မဲပေးမယ်။ အရင်တစ်ခါကတော့ ကျားဖြူကိုမဲပေးခဲ့ပေမယ့် ကျွန်တော့် အမြင် ကျွန်တော်တို့ဒေသကို
ထင်သလောက် မလုပ်ပေးနိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ ကျားခေါင်းပါတီကို ပြောင်းပေးမယ်လို့
ကျွန်တော်တွေးထားတယ်။ ကိုယ့်တိုင်းရင်းသားကိုပဲပေးမယ်"ဟု တောင်ကြီးဒေသခံတစ်ဦး
ဖြစ်သည့် ဦးစိုင်းအောင်အောင်က ပြောသည်။

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကမူ ၎င်းတို့၏ အဓိက
ပြိုင်ဘက်ပါတီမှာ ပြည်ခိုင်ဖြိုးသာ ဖြစ်သည်ဟု ပြောသည်။

"တချို့ကတော့ တိုင်းရင်းသားပါတီတွေကို မကျော်နိုင်လောက်ဘူးလို့ သုံးသပ်နေကြပေမယ့်လည်း
တကယ်တန်းက တိုင်းရင်းသားပါတီတွေကလည်း ညီညွတ်မှုပျက်ပြားနေတဲ့ အနေအထားတွေ
ရှိနေတယ်။ ရှမ်းက လေးပါတီ၊ ဓနုနှစ်ပါတီ၊ ပအိုဝ်းနှစ်ပါတီ၊ ကျန်တဲ့ တိုင်းရင်းသားတွေလဲ
အဲဒီလိုပဲ။ ပြီးတော့ ကျွန်တော်တို့က နိုင်ငံတော်ကိုပြောင်းလဲချင်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
မဲပေးမှဖြစ်ပါမယ်လို့ဆိုတဲ့ ဒီစာတမ်းနဲ့ပဲ အဓိကမဲဆွယ်နေပါတယ်။ ပြည်နယ်တွေမှာလည်း
အရင်လို မဟုတ်ပါဘူး။ မျက်စိကိုဖွင့် နားကို စွင့်နေကြပါပြီ။ နိုင်ငံရဲ့အခြေနေ ဘယ်လို
ဖြစ်နေပြီလည်းဆိုတာကို သိနေကြပါတယ်။ ဒါကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာမှာလို
ခြိမ်းခြောက်မှုတွေရှိတဲ့နေရာတွေမှာသာ ကျွန်တော်တို့ အင်အားနည်းနိုင်တာပါ။
တခြားနေရာတွေမှာတော့ ကျွန်တော်တို့အတွက် အင်အားမနည်းပါဘူး။ တိုင်းရင်းသားတွေက
ထင်သလောက်လဲ မဟုတ်ပါဘူး။ ရှမ်းတောင်နဲ့ အရှေ့ကြားမှာလည်း လက်နက်ကိုင်အဖွဲ့က
ငါးဖွဲ့ခြောက်ဖွဲ့လောက်ရှိနေတယ်။ တချို့အဖွဲ့အစည်းတွေကျတော့လည်း ကျွန်တော်တို့ကို
အားပေးနေတာ ရှိပါတယ်။ အနှောင့်အယှက်ပေးတာလည်း အများကြီးရှိတယ်။ နမ့်ဆမ်၊ မိုးနဲလို
နေရာတွေမှာဆိုရင် ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာရှိတယ်။ လက်နက်နဲ့ ခြိမ်းခြောက်ပြီး
မဲထည့်ခိုင်းထားတာတွေရှိတယ်။ ဒီနေရာတစ်ဝိုက်မှာ တစ်ပြည်လုံးကို ခြုံပြီးပြိုင်မယ့်ပါတီက
လေးခုပဲ ရှိပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုရေးပါတီပဲ
ဖြစ်ပါတယ်။ ကျန်တဲ့ပါတီလေးတွေက သေးပါတယ်။ ပြိုင်ဘက်ပါတီကိုနိုင်ဖို့ပဲ အရေးကြီးတာပါ"ဟု
ဦးတင်မောင်တိုးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း