ကိုကိုးကျွန်းကိစ္စ၌ ဘက်မလိုက်ရန် အစိုးရကို ကော်မရှင် တိုက်တွန်း

ကိုကိုးကျွန်း မဲဆန္ဒနယ်မြေတွင် အစိုးရက အာဏာရပါတီဘက်လိုက်ပြီး လုပ်ဆောင်နေမှုများနှင့်
ပတ်သက်၍ ကြားသိရသည့်အပေါ် စိတ်မကောင်းဖြစ်ရပြီး အစိုးရက မျှမျှတတ ကူညီဆောင်ရွက်
ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် (ယူအီးစီ)ဥက္ကဋ္ဌ ဦးကိုကိုက
မြန်မာတိုင်း(မ်)ကိုပြောသည်။

"ယူအီးစီက နိုင်ငံရေးပါတီတွေအားလုံးကို မျှမျှတတ ယှဉ်ပြိုင်ခွင့်ပေးထားပြီးသား၊ အခုဟာ
အစိုးရက လုပ်နေတာဆိုတော့ မကောင်းဘူးပေါ့။ ကိုယ့်တစ်ယောက်တည်း အမြင်ကို
ပြောရမယ်ဆိုရင် ဒါမျိုးဖြစ်တာ မနှစ်မြို့ဘူး" ဟု ၎င်းကပြောသည်။

ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် မျှတစွာ ယှဉ်ပြိုင်နိုင်ခြင်းမရှိစေရန် အစိုးရတာဝန်ရှိသူများက
တားဆီးပိတ်ပင်ခဲ့မှုများကို သက်သေနှင့်တကွ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က တင်ပြမည်ဆိုပါက ကော်မရှင်က
စုံစမ်းစစ်ဆေး အရေးယူသွားမည်ဟု ၎င်းကပြောသည်။

"တိုင်ကြားမှုတွေရှိရင်တော့ ယူအီးစီဘက်က စုံစမ်းစစ်ဆေးပြီး တိကျတဲ့ အဖြေတစ်စုံတစ်ရာ
ထုတ်ပြန်ပေးကို ပေးရမှာဖြစ်ပါတယ်။ အကယ်၍ အင်န်အယ်လ်ဒီက မတိုင်ရင်တော့ ဘာမှ
တတ်နိုင်မှာတော့မဟုတ်ဘူး"ဟု ဦးကိုကို ကပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီတစ်ခုခုကို မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိစေရန်
ဟန့်တားနှောင့်ယှက်ခြင်းခံရကြောင်း ထင်ရှားသည့် သက်သေပြနိုင်ပါက ရွေးကောက်ခံ
ကိုယ်စားလှယ်ကို အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာနိုင်ပြီး ရွေးကောက်ပွဲ
ထပ်မံပြုလုပ်နိုင်ကြောင်း အင်န်အယ်လ်ဒီရှေ့နေ ဦးကိုနီကပြောသည်။

"ရွေးကောက်ပွဲဥပဒေ ချိုးဖောက်တဲ့သူတွေကိုလည်း ဥပဒေအရေ ပြစ်မှုပြစ်ဒဏ်တွေ
ပြဋ္ဌာန်းထားပါတယ်။ ဘယ်လိုအပြစ်ပေးခံရမယ်ဆိုတာကတော့ တွေ့ရှိချက်အဖြေအပေါ်
မူတည်ပါတယ်"ဟု ၎င်းကဆိုသည်။

ရက်ပေါင်း ၂၀ ကျော်သာ ကျန်တော့သည့် ရွေးကောက်ပွဲမဲဆွယ်ရေးအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ မဲဆွယ်စည်းရုံးရေး သွားရောက်နိုင်ခြင်း မရှိစေရန်
အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးခံနေရကြောင်း အောက်တိုဘာလ ၁၂ ရက်က
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အင်န်အယ်လ်ဒီ၏
ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း ကပြောသည်။

"ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးရေးသွားဖို့ ကျွန်တော်တို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အခုထိ
အစိုးရဘက်က အကြောင်းအမျိုးမျိုးနဲ့ ပိတ်ပင်မှုတွေ ရှိနေတာကြောင့် ရှင်းလင်းပွဲ
လုပ်ရခြင်းပါတယ်" ဟု ၎င်းကပြောသည်။

မဲဆွယ်စည်းရုံးရေး သွားရောက်လိုကြောင်း တင်ပြရာတွင် အစိုးရက ပိတ်ပင်ထားခြင်း
တစ်စုံတစ်ရာ မရှိသလို သင့်လျော်သော အစီအစဉ်ဖြင့် သွားရောက်နိုင်ကြောင်း
အကြောင်းပြန်ကြားခဲ့သော်လည်း ဒုတိယ ထုတ်ပြန်စာတွင် သက်ဆိုင်ရာဝန်ကြီးဌာန
လုပ်ထုံလုပ်နည်း ဥပဒေများနှင့်အညီ တင်ပြရန် ထပ်မံအကြောင်းကြားခဲ့သည်။

"၀န်ကြီးဌာနအဆင့်ဆင့် လုပ်ထုံးလုပ်နည်းတွေက ရှုပ်ထွေးပြီး သွားလို့မရအောင်
ကန့်သတ်ထားသလိုဖြစ်နေတယ်။ ကျွန်တော်တို့ဘက်က ခွင့်ပြုဖို့ တင်ပြတာကိုလည်း
အကြောင်းအမျိုးမျိုးနဲ့ ခွင့်ပြုဖို့ ငြင်းဆန်နေကြတယ်"ဟု ဦးဝင်းမင်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်းစာရင်းအရ ကိုကိုးကျွန်းတွင်
ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာနှင့် တိုင်းဒေသကြီး
လွှတ်တော်အတွက် နှစ်နေရာရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီတို့က နေရာအားလုံး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီမိုကရေစီပါတီသစ်က
တိုင်းဒေသကြီးအဆင့်၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးသက်ဆွေနှင့်
အဖွဲ့မှာ တပ်မတော်လေယာဉ်ဖြင့် ကိုကိုးကျွန်းသို့ စည်းရုံးရေး သွားရောက်ခဲ့ကြပြီးဖြစ်သည်။

"တပ်က သူ့လေယာဉ်နဲ့ ကျွန်တော်တို့ကို လိုက်ခွင့်မပေးသလို၊ သူတို့ ပစ္စည်းတင်သင်္ဘောနဲ့
လိုက်ပါခွင့်ကို ပစ္စည်းတွေ အကုန်တင်ပြီးမှ အကြောင်းရှာပြီး ငြင်းပယ်ခဲ့တယ်"ဟု
ဦးဝင်းမင်း ကပြောသည်။

ကိုကိုးကျွန်း ဒေသခံပြည်သူများကို ပြည်ခိုင်ဖြိုးကိုသာ မဲထည့်ရန် အစိုးရတာဝန်ရှိသူများက
ပြောဆိုထားသလို၊ အစိုးရ၀န်ထမ်းများ၊ နေ့စားအလုပ်သမားများ ပြည်ခိုင်ဖြိုးကို မဲမထည့်က
လစာဖြတ်တောက်မည်ဖြစ်သလို ရာထူးနေရာ ပြောင်းရွေှ့မည်ဟု ခြိမ်းခြောက် ပြောဆိုမှု
ရှိနေကြောင်း အမည်မဖော်လိုသော ဒေသခံတစ်ဦးက အင်န်အယ်လ်ဒီ သတင်းစာရှင်းလင်းပွဲ
ကျင်းပစဉ် တယ်လီဖုန်းဖြင့် ပြောသည်။

"လက်ရှိ ကိုကိုးကျွန်းရဲ့ အခြေအနေက ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေ၊ ခေါင်းပုံဖြတ်တာတွေ ရှိနေဆဲပါ။
အာဏာပိုင်တွေက လူထု ဘာလိုသလဲဆိုတာ စိတ်မ၀င်စားကြဘူး၊ သူတို့ကို မဲထည့်ရမယ်လို့ပဲ
ပြောနေကြတာ"ဟု ၎င်းဒေသခံက ပြောသည်။

အစိုးရသန်းခေါင်စာရင်းအရ ကိုကိုးကျွန်းတွင် လူဦးရေ ၁,၇၀၀ နီးပါးရှိသည့်အနက် အစိုးရ၀န်ထမ်း
၃၂၆ ဦးရှိသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှိအဖွဲ့ခွဲ စာရင်းအရ မဲပေးနိုင်သူ ၁,၅၇၀ ဦးရှိသည်။

ဒေသခံများ ပြောဆိုချက်အရ အမှတ် ၂၇ တပ်ခွဲနှင့် ဆိပ်ကမ်းတည်ဆောက်ရေးအတွက်
အင်ဂျင်နီယာတပ်သားများနှင့် ရေတပ်အပါအ၀င် စုစုပေါင်း ၁,၂၀၀ ကျော် ရှိသည်။

"မဲပေးနိုင်တဲ့ စစ်သားဦးရေ အပြောင်းအလဲက ကျွန်တော်တို့ရထားတဲ့ စာရင်းနဲ့ ကွဲလွဲနေပါတယ်။
ဒီနယ်မြေမှာ သူတို့ဘက် မနိုင်နိုင်အောင်ကို နည်းမျိုးစုံသုံးမယ့် အခြေ အနေမှာရှိပါတယ်" ဟု
အင်န်အယ်လ်ဒီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးက ပြောသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကိုကိုး ကျွန်း၌ အင်န်အယ်လ်ဒီက အပြတ်အသတ်
အနိုင်ရခဲ့သည်။

ကိုကိုးကျွန်း၌ အဖွဲ့ချုပ်ရုံးကို ၂၀၁၄ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့ပြီး ပါတီဝင် ၅၀ ကျော်ရှိနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း