"တိုင်းဒေသကြီး လွှတ်တော်အမတ်အနေနဲ့ ဆောင်ရွက်နိုင်မှုက သိပ်မထိရောက်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်"

ဒေါ်ညိုညိုသင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်
ဗဟန်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်

* ခုဝင်ပြိုင်မယ့် မဲဆန္ဒနယ်က ၂၀၁၀ တုန်းက အန်တီ ပါဝင်အရွေးခံခဲ့ပြီး အောင်နိုင်ခဲ့တဲ့
မဲဆန္ဒနယ်နဲ့ အတူတူပဲနော်။
ဒါပေမဲ့ ၂၀၁၀ တုန်းက တိုင်းဒေသကြီးအတွက် ပြိုင်ခဲ့ပြီး
ဒီတစ်ကြိမ်မှာတော့ ဘာကြောင့် ပြည့်သူလွှတ်တော်ကိုသွားဖို့
ရွေးချယ်ခဲ့တာလဲ။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဗဟန်းမဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ မဲဆန္ဒနယ်အပြောင်းအလဲ မရှိပါဘူး။ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်အနေနဲ့ ပြင်ဆင်စရာဥပဒေတွေ တင်ပြတဲ့အခါ၊ မေးခွန်းတွေ မေးမြန်းတဲ့အခါ
တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ မဆောင်ရွက်နိုင်ပါဘူး။

ပြည်ထောင်စုလွှတ်တော်ကသာ အခွင့်ရှိတာပါဆိုတဲ့ ပြန်ကြားမှုတွေ မကြာခဏ ရပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အမတ်အနေနဲ့ ဆောင်ရွက်နိုင်မှုက သိပ်မထိရောက်တဲ့အတွက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယခင် ဗဟန်းမဲဆန္ဒနယ်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ အစိုးရသက်တမ်းတစ်လျှောက်
ဆောင်ရွက်ခဲ့ပါတယ်။

* လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လက်ရှိ အစိုးရလက်ထက်
တစ်လျှောက်မှာ
ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေအတွက် ထူးထူးခြားခြား
လုပ်ပေးဖြစ်ခဲ့တာတွေကို ပြောပြပေးပါလား။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ အစိုးရဖြစ်စေဖို့
အတိုက်အခံအမတ်တစ်ဦးအဖြစ် ဆက်တိုက် ဖိအားပေးခဲ့ပါတယ်။ မေးခွန်းပေါင်း ၄၀၀ ကျော်၊
အဆိုပေါင်း ၄၀ ကျော် အများဆုံးတင်သွင်းနိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှစ်စဉ်
သုံးစွဲတဲ့ ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုတွေကို နှစ်စဉ် တစ်ဦးတည်း ဒိုင်ခံ
ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုလျော့နည်းတဲ့ ခုံးကျော်တံတားစီမံကိန်းတွေအပါအ၀င် လူထုကို
နစ်နာစေတဲ့ မြို့သစ်စီမံကိန်း၊ ရွှေတိဂုံစေတီတော်ကာကွယ်ရေးနဲ့ ဒဂုံစီးတီး စီမံကိန်း၊ ကျိုက္ကဆံကွင်း
စီမံကိန်း၊ မြကျွန်းသာစီမံကိန်း၊ သိမ်ဖြူကွင်းနှင့် ပြည်သူ့ဥယျာဉ်အစရှိတဲ့ ပြည်သူ့ပိုင်ဆိုင်မှုတွေကို
လူတစ်စုက ၎င်းတို့အကျိုးအတွက် အသုံးချဖို့ ကြိုးစားမှုကို ပြည်သူ့အကျိုးအတွက် မားမားမတ်မတ်
ရပ်တည်ပြီး ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဗဟန်းမြို့နယ်အတွင်း ပြည်သူလူထုတွင်
လိုအပ်ချက်တွေ၊ နစ်နာမှုတွေ ပေါ်ပေါက်လာပါက ကြားသိတာနဲ့ အတတ်နိုင်ဆုံး
ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

* လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေက
ဘာတွေ ဖြစ်မလဲ။

အခက်အခဲတွေကတော့ အများကြီးပါပဲ။ အခု လောလောဆယ် ကြုံတွေ့နေရတာကတော့
မဟုတ်တဲ့ မျှော်လင့်ချက်တွေပေးပြီး မဲဆွယ်တာ၊ မမှန်သတင်းတွေ ဖြန့်ချိနေတာတွေကြောင့်
စိတ်အနှောင့်အယှက် အရမ်းဖြစ်ရပါတယ်။ ဖြစ်ရပ်မှန်နဲ့ လွဲမှားနေတာကို လိုက်ပြောနေတယ်။
ဒီကိစ္စတွေ လူတိုင်းကို လိုက်လံရှင်းပြဖို့ မဖြစ်နိုင်ပါဘူး။ ပြောလည်း မပြောချင်ဘူး။
နိုင်ငံရေးသမားဆိုတာ ပြည်သူကို မညာရဘူး။

* ခုက မဲဆွယ်စည်းရုံးရေးကာလဆိုတော့ ဘယ်လိုပုံစံနဲ့ စည်းရုံးရေး ပြုလုပ်နေပါသလဲ။

မဲဆွယ်စည်းရုံးရေးကာလမှာ ဗီနိုင်းထောင်မယ်။ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှင်းပြ
စည်းရုံးမယ်။ ကားတွေနဲ့ လှည့်လည်စည်းရုံးတာတွေ လုပ်မယ်။ တစ်လမ်းစီ စကားဝိုင်းဖွဲ့
ဆွေးနွေးတဲ့ပုံစံမျိုး မေး၊ဖြေကဏ္ဍလို ပုံစံမျိုးလည်း လုပ်သွားမယ်။ လူထု ဟောပြောပွဲလိုမျိုးတွေလည်း
စီစဉ်ပြီး မဲဆွယ် စည်းရုံးသွားပါမယ်။

* ပြည်သူတွေက အန်တီကို ဘာကြောင့် မဲပေးသင့်တယ်လို့ ထင်လဲ။

အန်တီက လွှတ်တော်ထဲမှာ အသံမထွက်ဘဲ ပြည်သူ့အတွက် ဘာမှမလုပ်ဘဲနေမယ့်သူ
မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်သွားမယ်။ ပြည်သူ့ဘဏ္ဍာငွေဖြုန်းနေတဲ့
စီမံကိန်းတွေကို ပယ်ဖျက်ရုပ်သိမ်းနိုင်ရေး ကြိုးပမ်းသွားမှာပါ။ အန်တီကို မဲပေးခြင်းကြောင့်
ပြည်သူတွေ ထိခိုက် နစ်နာမှုမရှိဘူး။ အကျိုးမယုတ်ခဲ့ဘူးဆိုတာ ပြီးခဲ့တဲ့ ကာလမှာ
သက်သေပြပြီးဖြစ်ပါတယ်။ စနစ်ရဲ့ သားကောင်ဖြစ်နေကြတဲ့ ပြည်သူတွေအတွက် အမှားတွေကို
အမှန်ဖြစ်အောင် ပြင်ဖို့အတွက် ရွေးကောက်ပွဲကို ၀င်ရောက်ရခြင်းပါ။ ကျွန်မကို မဲပေးခြင်းဖြင့်
ထိခိုက်နစ်နာမှု မရှိစေရဘူးလို့ ကတိပေးပါတယ်။

* ရွေးကောက်ပွဲအတွက် ကိုယ့်ရဲ့မဲဆန္ဒရှင်တွေကို ပေးချင်တဲ့ သတင်းစကားက
ဘာများဖြစ်မလဲ။

မဲဆန္ဒရှင်တွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စား စေချင်ပါတယ်။ မဲသုံးမဲ ပေးရမယ်ဆိုတာ
သိစေချင်ပါတယ်။ ရွေးချယ်စရာမရှိဘဲ တစ်ခုတည်းမဟုတ်ပါဘူး။ ရွေးချယ်စရာတွေ ရှိပါတယ်။
နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ ကိုယ့်ကိုအုပ်ချုပ်မယ့်သူ ကိုယ့်ရွေးချယ်ခွင့်ကို အရယူစေချင်ပါတယ်။

* ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် သမ္မတလောင်းကို ဘယ်လိုရွေးချယ်ဖို့
ဆုံးဖြတ်ထားလဲ။

ပြည်သူကိုချစ်တဲ့ သမ္မတ၊ ပြည်သူအကျိုးကို လိုလားတဲ့ သမ္မတကို ရွေးချယ်သွားမှာပါ။

* လာမယ့်နိုဝင်ဘာရွေးကောက်ပွဲက တိုင်းပြည်အပြောင်းအလဲအတွက်
မှတ်ကျောက်တင်မယ့်
ရွေးကောက်ပွဲလို့ ပြောဆိုနေတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့
အန်တီ မျှော်လင့်ချက်က
ဘာများဖြစ်မလဲ။

ရွေးကောက်ပွဲအပြီးမှာ လူကတော့ အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မူတွေအနေနဲ့ကတော့ ဆက်လက်တည်ရှိနေဦးမှာပါ။ မူပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်ဖို့
အရည်အချင်းရှိပြီး စေတနာမှန်တဲ့ ကိုယ်စားလှယ်အရေအတွက်များများ လွှတ်တော်ထဲရောက်ဖို့
လိုအပ်ပါတယ်။ ဒါကတော့ ကိုယ်စားလှယ်ရွေးချယ်ပေးဖို့ အခွင့်အရေးရှိတဲ့ ပြည်သူတွေ
အပေါ်မှာလည်း တာဝန်ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း