ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတဲ့ မျက်လုံးများ

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲရုံတစ်ရုံ၌ လေ့လာနေကြသည့် သံတမန်များ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲရုံတစ်ရုံ၌ လေ့လာနေကြသည့် သံတမန်များ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

အထွေထွေရွေးကောက်ပွဲနေ့ ရောက်ဖို့ နီးကပ်လာတာနဲ့အမျှ နေ့နေ့ညည မနားတမ်း
အလုပ်လုပ်နေကြတဲ့သူတွေဟာ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေပဲ
မဟုတ်ကြပါဘူး။

သူတို့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မလွတ်တမ်း လေ့လာစောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲ
လေ့လာစောင့် ကြည့်သူတွေလည်း ရှိပါသေးတယ်။

နိုင်ငံတိုင်းက သမ္မတရွေးကောက်ပွဲတွေကို မှန်မှန်ကန်ကန် ကျင်းပနိုင်စေဖို့အတွက်
ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ခြင်းကို ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေက ထုံးစံအတိုင်း ဆောင်ရွက်ကြပါတယ်။

ပြီးခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် မြန်မာနိုင်ငံက နည်းဥပဒေတွေဟာ နိုင်ငံသားရွေးကောက်
ပွဲလေ့လာစောင့်ကြည့်သူတွေ ထွက်ပေါ်လာဖို့တောင် ခွင့်မပြုခဲ့ပါဘူး။

ဒါပေမဲ့ မကြာသေးခင်က အပြောင်းအလဲတစ်ရပ်ကတော့ သူတို့အတွက် လမ်းဖွင့်ပေးလိုက်ပါပြီ။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်ဟာ မဲဆန္ဒရှင်စာရင်း၊
မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ရွေးကောက်ပွဲနေ့ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့
အစီရင်ခံစာတွေနဲ့ အချက်အလက်တွေကို ထုတ်ပြန်နိုင်စေတာကြောင့် နိုင်ငံသားတွေနဲ့
နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ရွေးကောက်ပွဲတစ်ရပ်ဟာ တရားမျှတ မှန်ကန်ပြီး
အများယုံကြည် လက်ခံနိုင်မှု ရှိမရှိကို သိရှိနိုင်စေပါတယ်။

"စောင့်ကြည့်မယ့်သူမရှိဘဲ ကိုယ့်ဘာသာကိုယ် လုပ်နေတာထက် တစ်စုံတစ်ယောက်က
စောင့်ကြည့်နေရင် ပိုကောင်းအောင် လုပ်မယ်လို့ ထင်ရတဲ့ပုံပေါက်ပါတယ်"လို့ လွတ်လပ်သော
ရွေးကောက်ပွဲဆိုင်ရာ အာရှကွန်ရက် (Asia Network for Free Elections - ANFREL) က
အမှုဆောင်ဒါရိုက်တာ Ichal Supriadi က ပြောပါတယ်။

"ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲရဲ့ အများယုံကြည် လက်ခံနိုင်မှုကို
ရရှိစေဖို့ တော်တော်လေး အသုံးဝင်ပါလိမ့်မယ်"လို့လည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အမှန်တိုင်းဖြစ်တာ သေချာစေဖို့နဲ့ ဘက်လိုက်မှုရှိတယ်ဆိုတဲ့
အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ မရှိရလေအောင် နိုင်ငံတကာစောင့်ကြည့်သူတွေ
လိုအပ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြီးခဲ့တဲ့
ဇွန်လက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့ပါတယ်။

"ရွေးကောက်ပွဲဆိုတာ သရေရလဒ်မျိုး ထွက်လာမှာမျိုး မဟုတ်ဘူး။ နိုင်တဲ့သူက ကျွန်တော့်ကို
တော်တယ်လို့ပြောလိမ့်မယ်၊ ရှုံးတဲ့သူကတော့ ကျွန်တော့်ကို အပြစ်တင်လိမ့်မယ်။ ဒါကြောင့်
ဘယ်သူက မှန်ပြီး၊ ဘယ်သူက မှားတယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် စောင့်ကြည့်သူတွေကို
စီစဉ်ရတာပါ။ ကျွန်တော် ဘက်လိုက်မှုရှိလား၊ မရှိဘူးလားဆိုတာကို သူတို့ဆုံးဖြတ်ပါလိမ့်မယ်"လို့
ဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့သုံးဖွဲ့နဲ့ ပြည်တွင်း အဖွဲ့အစည်း အနည်းဆုံး ခုနစ်ခုလောက်က
စောင့်ကြည့် ကြမယ်လို့ ခန့်မှန်းရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ 
Carter Center ၊ ဥရောပသမဂ္ဂ၊ International Republican Institute နဲ့ နယ်သာလန်
အခြေစိုက် Gender Concerns International ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း လေးခုကို
အစပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအဖွဲ့လေးဖွဲ့မှာ ကာတာစင်တာနဲ့ ဥရောပသမဂ္ဂတို့ပဲ သတ်မှတ်ထားတဲ့ နားလည်မှု
စာချွန်လွှာတွေကို လက်မှတ်ရေးထိုးထားပါတယ်။ ဒီနှစ်ဖွဲ့ကို ANFREL ကလည်း
ပူးပေါင်းဆောင်ရွက်နေပါတယ်။

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကတော့ နားလည်မှုစာချွန်လွှာ ရေးထိုးဖို့
မလိုပါဘူး။

အနည်းဆုံး အဖွဲ့အစည်းခုနစ်ဖွဲ့လောက်ဟာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရယူထားပါတယ်။

အဲဒီ အဖွဲ့အစည်းတွေကတော့ PACE၊ ဖန်တီးအိမ်၊ အမျိုးသား လူငယ်ကွန်ဂရက်၊ Ethnic Youth
Network Group ၊ နယူးမြန်မာဖောင်ဒေးရှင်း၊ Forward Institute နဲ့ Charity Oriented
Myanmar တို့ပဲ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့အတွက်၊ ဒါမှမဟုတ် တရားဝင် အသိအမှတ်ပြုမှု
ရယူထားတဲ့အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေဟာ ရွေးကောက်ပွဲစောင့်ကြည့်ရေး
လုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် စတင်နိုင်ပါတယ်။

တိကျတဲ့ လုပ်နည်းစနစ်တော့ မရှိပါဘူး။

ဥပမာ - ကာတာစင်တာဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ကတည်းကစပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ
ရွေးကောက်ပွဲ ရေရှည်လေ့လာစောင့်ကြည့်သူ ခြောက်ဦးနဲ့ စောင့်ကြည့်မှုတွေကို အလှည့်ကျ
ဆောင်ရွက်နေပါတယ်။

ဒါပေမဲ့ ဥရောပသမဂ္ဂကတော့ စက်တင်ဘာ ၂၆ ရက်နေ့ကမှ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့
ရေရှည်လေ့လာစောင့်ကြည့်သူ အယောက် ၃၀ ကို အောက်တိုဘာ ၁၁ ရက်နေ့ကစတင်ပြီး
ဖြန့်ကြက် ဆောင်ရွက်စေခဲ့ပါတယ်။

ANFREL ကလည်း အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး ရေရှည်လေ့လာစောင့်ကြည့်သူ
အယောက်၂၀ နဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါပြီ။

ရွေးကောက်ပွဲ ရေရှည်လေ့လာစောင့်ကြည့်သူတွေဟာ မဲဆွယ်ပွဲတွေ သွားကြည့်တာ၊
နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံတာ၊ ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲတွေနဲ့ ထိုင်ပြီးဆွေးနွေးတာတွေကို ဆောင်ရွက်ပြီး မဲဆွယ်ပွဲကို ဘယ်လိုလုပ်ကြသလဲ၊
ကိုယ်စားလှယ်လောင်းတွေ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ရကြရဲ့လား၊ ရွေးကောက်ပွဲက
တရားမျှတရဲ့လား၊ ဘာတွေ ဖြစ်နေသလဲဆိုတာကို မဲဆန္ဒရှင်တွေက နားလည်ရဲ့လားဆိုတဲ့
အရေးပါတဲ့ အချက်အလက်တွေကို စုဆောင်းကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ကာလတို ဆောင်ရွက်ပေးမယ့်သူတွေကတော့
ရွေးကောက်ပွဲ တကယ် ကျင်းပမယ့်နေ့ကျရင် မဲရုံတွေမှာ မဲဆန္ဒရှင်တွေကို တူညီတဲ့မေးခွန်းတွေ
မေးမြန်းပေးကြမှာပါ။

ဒီလိုဆောင် ရွက်ပေးမယ့် သူအရေအတွက်ကတော့ ထောင်ဂဏန်းလောက် ရှိပါတယ်။

ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့
PACE ကတော့ ကာလတိုရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူပေါင်း ၂,၀၀၀ လောက်နဲ့
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီနှုန်းထားကတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ အားလုံးထဲမှာ အများဆုံးပဲ
ဖြစ်ပါတယ်။

အခုအချိန်အထိ တရားဝင်အသိအမှတ်ပြုမှု ၉၀၀ လျှောက်ထားပြီး သွားပါပြီ။

ဒါပေမဲ့ ကာတာစင်တာကတော့ မြန်မာနိုင်ငံတစ်ဝန်းက မဲရုံတွေမှာ နိုင်ငံတကာက ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်သူ ၁၅ စုံ(တစ်စုံလျှင် နှစ်ဦး) ဖြန့်ကြက်ချထားဖို့ ရှိပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တိုင်းဟာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကို
မြန်မာနိုင်ငံတစ်ဝန်းလုံး နှံ့နှံ့စပ်စပ် ဆောင်ရွက်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၄၀,၀၀၀ ရှိတာကြောင့် သူတို့ တစ်တွေ သွားရမယ့်
နေရာတွေက အများကြီးပါပဲ။

ကာလတိုရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ လွတ်လပ်ပြီးမျှတတဲ့
ရွေးကောက်ပွဲဖြစ်ကြောင်း ပိုမိုခိုင်မာတဲ့ အထောက်အထားတွေကို မျှော်လင့်ထားကြပါတယ်။

မဲရုံတွေကို အချိန်မှန်ဖွင့်ရဲ့လား၊ မဲရုံကော်မရှင်အဖွဲ့ ၀င်တွေက မဲပုံးဟာ အလွတ်ဖြစ်နေကြောင်း
မဲရုံစဖွင့်တဲ့ အချိန်မှာ ပြရဲ့လား၊ မဲဆန္ဒရှင်တွေကို အကြမ်းဖက်တာတို့၊ ခြိမ်းခြောက်တာမျိုးတို့
ရှိလား၊ မဲဆန္ဒရှင်တစ်ဦးတည်း အကြိမ်ကြိမ်မဲလာထည့်နေသလား၊ မိသားစုဝင်တွေအတွက်
ကိုယ်စားမဲထည့်ပေးနေတာမျိုး ရှိလားစတဲ့ အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးကြမှာပါ။

ကာလတိုရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကတော့ ဒေသခံတွေပဲဖြစ်တယ်လို့
PACE ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

သူတို့ တစ်တွေက လူငယ်တွေဖြစ်ပြီး သူတို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက
ညှိနှိုင်းရေးမှူးတွေ၊ ဒါမှမဟုတ် ကာလရှည် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက
စုဆောင်း ရွေးချယ်ထားတာပါ။

သူတို့ကို ရွေးချယ်စုဆောင်းထားတဲ့ အဖွဲ့အစည်းတွေကပဲ သူတို့ကို လေ့လာစောင့်ကြည့်ရေးနဲ့
ပတ်သက်တဲ့ သင်တန်းတွေ စီစဉ်ပေးပါတယ်။

PACE၊ အမျိုးသားလူငယ်ကွန်ဂရက်၊ Ethnic Youth Network Group နဲ့ ပန်းသီးအိမ်တို့ကတော့
သူတို့ရဲ့ ရက်တို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေအတွက် သင်တန်းကို ရန်ကုန်မှာရှိတဲ့
National Democratic Institute (အင်န်ဒီအိုင်) ကတစ်ဆင့် ပြန်လည်သင်ကြားပေးတာလို့
ပြောပါတယ်။

အင်န်ဒီအိုင်ဟာ အဲဒီ အဖွဲ့လေးဖွဲ့အတွက် နည်းပညာအကူအညီတွေ ပေးထားသလို
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးပညာတွေ ပြန်လည်သင်ကြားပေးနိုင်ဖို့ အဲဒီအဖွဲ့လေးဖွဲ့က
နည်းပြတွေကိုလည်း သင်တန်းပို့ချ ပေးခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာက ကာလတို ရွေးကောက်ပွဲလေ့လာစောင့် ကြည့်သူတွေကတော့
ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပိုအကျွမ်းတ၀င် ရှိကြပါတယ်။

ANFREL၊ ကာတာစင်တာနဲ့ ဥရောပသမဂ္ဂတို့ကတော့ အတွေ့အကြုံရှိပြီးသား ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်သူတွေကို အားထားပြီးဆောင်ရွက်မှာဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့မှာ လူနှစ်ဦးပဲ ပါပေမယ့် အတွေ့အကြုံကြွယ်ဝကြတာကြောင့် သူတို့ရဲ့
တစ်ခုတည်းသော ရည်မှန်းချက်အတွက် မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ
ဆောင်ရွက်ပေးနိုင်ကြပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းရဲ့ အဓိကရလဒ်ကတော့ အဖွဲ့တစ်ဖွဲ့စီကပြုစုထားတဲ့
အစီရင်ခံစာပါပဲ။

PACE နဲ့ ကာတာ စင်တာလို အဖွဲ့တချို့ကတော့ အစီရင်ခံစာတော်တော်များများ
ထုတ်ပြန်ထားကြပါတယ်။

ဒါပေမဲ့ ဥရောပသမဂ္ဂနဲ့ ANFREL လို တခြားအဖွဲ့တွေကတော့ ရွေးကောက်ပွဲအပေါ်
လွှမ်းမိုးမိတာမျိုး မဖြစ်ရအောင် ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှ အစီရင်ခံစာတွေ ထုတ်ပြန်ဖို့
စောင့်ဆိုင်းနေကြပါတယ်။

အဖွဲ့အစည်းတော်တော် များများကတော့ ရွေးကောက်ပွဲ ကျင်းပပြီး နှစ်ရက်အကြာ နိုဝင်ဘာ
၁၀ ရက်နေ့မှာ ကနဦးအစီရင်ခံစာ ထုတ်ပြန်ပေးနိုင်အောင်နဲ့ အပြီးသတ်အစီရင်ခံစာကို
ရွေးကောက်ပွဲအပြီး လအနည်းငယ်အတွင်းမှာ ထုတ်ပြန်ပေးဖို့ စီစဉ်ထားကြပါတယ်။

"ရွေးကောက်ပွဲအပြီး နောက်ပိုင်း လုပ်ငန်းစဉ်တွေကို ကောက်ချက် ချပြီးတဲ့အခါ ထုတ်ပြန်မယ့်
အပြီးသတ် အစီရင်ခံစာထဲမှာ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့အားသာချက်နဲ့
ရာထူးအပ်နှင်းပွဲ အပါအ၀င် ရလဒ်တွေအားလုံး စုပေါင်းဖော်ပြထားမှာပါ" လို့ ကာတာစင်တာက
မြန်မာနိုင်ငံရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ လက်ထောက်ဒါရိုက်တာ
Jonathan Stonestreet က ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဟာ အချင်းချင်း အဆက်အသွယ်ရှိကြပြီး
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ဆုံဖြစ်ကြကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဟာ အခုအချိန် အထိတော့ ပူးပေါင်းပါဝင်မှုရှိပြီး ပြောပြောဆိုဆိုလည်းရှိကြောင်း
နိုင်ငံတကာအဖွဲ့ သုံးဖွဲ့က ပြောပါတယ်။

"ကာတာစင်တာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ရန်ကုန်နဲ့ နယ်တွေမှာရှိတဲ့
နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေက ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပုံမှန်တွေ့ဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်နေရာတွေမှာ
လေ့လာစောင့်ကြည့်မှုတွေ လုပ်နေတယ်ဆိုတာကို အချင်းချင်း အသိပေးနိုင်တဲ့အတွက် တစ်ဖွဲ့က
လုပ်ပြီးသားနေရာတွေမှာ နောက်တစ်ဖွဲ့က ထပ်လုပ်ဖြစ်ကြတာမျိုး မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်နည်းစနစ်နဲ့အညီ လေ့လာစောင့်ကြည့်သူတွေကို
ဖြန့်ကြက်ချထားတဲ့ အစီအစဉ်ကို အဖွဲ့အားလုံး လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ကြပါတယ်"လို့
ဂျွန်နက်သန်စတုန်း စထရိက ပြောပါတယ်။

တွေ့ကြုံရတဲ့ အခက်အခဲတွေ

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရာမှာ ထူးခြားတဲ့ အခက်အခဲ တချို့တော့ ရှိပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ
တရားဝင် အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်မှာ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ အချိတ်အဆက်မရှိတာဟာ
ခေါင်းခဲစရာ ကိစ္စတစ်ခုပါပဲလို့ PACE က ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင် လေ့လာစောင့်ကြည့်မှု ပြုလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်က အသိအမှတ်ပြုထားတာကို မသိတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက
လူတွေဟာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကို မြို့နယ် မဲဆန္ဒရှင်စာရင်း
ထုတ်ပြန်ထားတဲ့နေရာမှာ စောင့်ကြည့်တာကို နှင်ထုတ်တာမျိုး ဖြစ်ခဲ့ပါတယ်။
ဒီလိုဖြစ်တာကလည်း PACE က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ပြီး
နောက်ပိုင်းမှ ဖြစ်ခဲ့တာပါ။ ဒီလေ့လာစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲကော်မရှင်
တာဝန်ရှိသူက မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ထားတဲ့ နေရာတွေမှာ လေ့လာစောင့်ကြည့်ဖို့
ခွင့်ပြုပေးထားပြီးသားပါ။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်ခွဲတွေနဲ့
အဆက်အသွယ် မရှိတဲ့အတွက် အခုလိုဖြစ်ရတာပါ"လို့ ဦးစိုင်းရဲကျော်စွာမြင့်က ရှင်းပြပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း