"လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမရှိဘူး"

မြန်မာတိုင်း(မ်)က မေးမြန်းသည်များကို ကိုလွမ်းဇောင်း ဖြေကြားနေစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)မြန်မာတိုင်း(မ်)က မေးမြန်းသည်များကို ကိုလွမ်းဇောင်း ဖြေကြားနေစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

အသက် ၂၇ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုလွမ်းဇောင်းဟာ ကချင်ဒီမိုကရက်တစ်ပါတီရဲ့
အသက်အငယ်ဆုံးအမတ်လောင်း ဖြစ်ပြီး ကချင်ပြည်နယ်လွှတ်တော်၊ မြစ်ကြီးနား
မဲဆန္ဒနယ်အမှတ်(၂)ကနေ ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။

ကချင်တစ်မျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်သမဂ္ဂမှာ အထွေထွေအတွင်းရေးမှူး
လုပ်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး၊ ကချင်နိုင်ငံရေးပါတီတွေ
ပေါင်းစည်းရေး၊ ဥပဒေအထောက်အကူပြု လူထုပညာပေးရေးစတဲ့ လုပ်ငန်းတွေမှာလည်း
တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူ့ကို မြန်မာတိုင်း(မ်)နိုင်ငံရေးသတင်းထောက်ချုပ် အိအိတိုးလွင် က မြစ်ကြီးနားမြို့မှာ
လွန်ခဲ့တဲ့ရက်သတ္တပတ်က အခုလို မေးမြန်းထားပါတယ်။

* လူငယ်ရှေ့နေတစ်ယောက်အနေနဲ့ နိုင်ငံရေးလောကထဲဝင်ဖို့ ဆုံးဖြတ်စေခဲ့တဲ့
အဓိကတွန်းအားက ဘာများဖြစ်မလဲ။

အဓိကတွန်းအားကတော့ ပထမအချက်က ဒီဒေသရဲ့ အခြေအနေအစစ်အမှန်ကို အမှန်တကယ်
ကိုယ်စားပြု နိုင်တဲ့ ဒေသခံစစ်စစ်ဖြစ်တယ်။ ဒီဒေသရဲ့အဖြစ်အပျက် တွေကို နားလည်
သဘောပေါက်တယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ရလာတဲ့အခါ မျိုးဆက်တစ်ခုက နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုအတွက် အင်မတန်မှအရေးကြီးလာ တယ်လို့ ခံစားရတယ်။ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေးမှာ အပြောင်းအလဲကို လိုချင်တဲ့ ကိုယ်စားလှယ်တွေ ပါလာဖို့
အရေးကြီးတယ်လို့ ခံယူတဲ့အတွက်ပါ။

* အခုပြိုင်မယ့် မဲဆန္ဒနယ်မှာ ကိုယ့်ရဲ့ပြိုင်ဘက်တွေက ဘယ်သူ ဖြစ်မလဲ။
သူတို့ကိုနိုင်ဖို့အတွက်ရော ဘာတွေပြင်ဆင်နေလဲ။

ပြိုင်ဘက်ကတော့ ၁၂ ယောက်။ အင်န်အယ်လ်ဒီပါတီ က ဦးနေ၀င်း၊ ပြည်ခိုင်ဖြိုးက ကချင်ပြည်နယ်
စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးခင်မောင်ထွန်း။ အဓိကကတော့ အသက်ကြီးတဲ့သူတွေနဲ့
ပြိုင်ရမှာပေါ့။ တစ်ဖက်ကပြောရင် သူတို့က နည်းနည်းဟိုင်းတဲ့ဘက် ရောက်သွားပြီ။
ကျွန်တော့်ဘက်မှာတော့ ကချင်ပြည်နယ်ရဲ့ ပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ အဓိက
လူငယ်ကျောင်းသားထု ရှိတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ခဲ့တော့ အတိုင်းအတာ
တစ်ခုအထိ အောက်ခြေလူထုနဲ့ ချိတ်ဆက်မှု ရှိတယ်။ ဒီဘက်မှာ မဲပေးနိုင်တဲ့သူ အတိအကျ
မသိသေးပေမယ့် လူငယ်က ပိုများတယ်။ ဒါက ကျွန်တော့်အတွက် အားသာချက်တစ်ခုပေါ့။
လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဘာမှ ကြောက်စရာလည်းမရှိဘူး။ အားလုံးကိုနိုင်ဖို့
ပြင်ထားတယ်။ ပြင်ဆင်တာကတော့ လူထုနဲ့ တွေ့ဆုံပွဲလုပ်တယ်။ အုပ်စုလိုက်ဆွေးနွေးမှုတွေ
လုပ်သလို လူငယ်စကားဝိုင်း တွေလည်း လုပ်တယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်
ဆိုတာထက် တကယ့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သွားရမယ်ဆိုတာပဲ ပြောတယ်။

* တကယ့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သွားရမယ်ဆိုတော့ ရွေးကောက်ပွဲမှာ
အနိုင်ရခဲ့မယ်ဆို ဘယ်လိုမျိုး ပြုပြင်ပြောင်း လဲရေးတွေလုပ်ဖို့ စီစဉ်ထားလဲ။

ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အမှန်တကယ် ထဲထဲဝင်ဝင် လုပ်မယ်။
အခု ငါးနှစ်တာ ကာလပြောင်းလဲမှုကိုကြည့်ရင် တချို့ကတော့ "Something is better than
nothing" မရှိတာထက် ရှိတာက မဆိုးဘူးပေါ့။ နိုင်ငံခြားက ကျွန်တော့် သူငယ်ချင်းတွေနဲ့
ပြောဖြစ်တဲ့အခါ နိုင်ငံတကာကလည်း ပြောင်းလဲရေးကို အကောင်းမြင်တယ်ပေါ့။ အမှန်တကယ်
ကချင်မှာနေတဲ့ ကချင်တစ်ယောက်ဖြစ်တော့ ဒေသအကြောင်း ကောင်းကောင်းသိတယ်။
သမ္မတဦးသိန်းစိန် တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ဒေသမှာ စစ်ရှောင်တစ်သိန်းကျော်
ဖြစ်သွားတယ်။ နောက် ကိုယ်တိုင်လည်း ရှေ့နေဖြစ်တော့ တရားရေးကိုပြန်ကြည့်ရင်
 justice is delay, justice is denied ဖြစ်နေတယ်။ တရားမျှတမှုဆိုတာ နှောင့်နှေးလို့ မရဘူး။
ဒီမှာက power abuse တွေ ဖြစ်လာတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ။
အားလုံးသိတဲ့အတိုင်း ဆရာမလေး နှစ်ယောက်ကို လူမဆန်စွာ လုပ်ဆောင်ခဲ့တာ အခုထိ
အမှုမပေါ်တာ စဉ်းစားစရာဖြစ်တယ်။ ဒီအခက်အခဲတွေကို ပြန်ကြည့်လိုက်တော့
ပြုပြင်ပြောင်းလဲရေးက အားကောင်းတယ် ပြောမလား၊ မကောင်းဘူးပြောမလား၊ ဒေသရဲ့
အခြေအနေတွေက အားလုံးကို ထင်ဟပ်နေပါတယ်။ ဒါကြောင့် ကချင်ဒေသခံတွေ
နေ့စဉ်ရင်ဆိုင်ခံစားနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု၊ မတရားဖိနှိပ်မှုတွေ အမှန်တကယ်
ကိုယ်စားပြုဖော်ဆောင်ပေးမယ်။ ကျွန်တော်တို့မှာ 'အဘ' ဆိုတာလည်း မရှိဘူး။ လူထုပဲ ရှိတယ်။
လူထု မျက်နှာပဲ ကြည့်ရမယ်။ ပြောင်းလဲမှုကို လွှတ်တော်ထဲ ရောက်တာနဲ့ အမှန်တကယ်
ဖော်ဆောင်မယ်။ ကိုယ်က အသက်အရွယ်အရရော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရပါ ဘယ်နေရာပဲဖြစ်ဖြစ်
အဆင်သင့်ပဲ။ အားလုံးငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်ပြီး ကိုယ့်အသက်ကို အာမခံချက်ရှိတဲ့
လူ့အဖွဲ့အစည်းဖြစ်ဖို့ လုပ်ဆောင်ရလိမ့်မယ်။

* လက်ရှိ မဲဆွယ်စည်းရုံးရေးအခြေအနေကကော ဘယ်လိုရှိလဲ။ ရွေးကောက်ပွဲမှာ
အနိုင်ရဖို့အတွက် အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ။

စိုးရိမ်တဲ့ အဓိကအချက်က မဲပေးစနစ်က စစ်မှန်ဖို့ တော်တော်လေး အခက်အခဲ ဖြစ်စေတယ်။
အဓိကက ကော်မရှင်ပေါ်မှာပဲ မူတည်နေတယ်။ ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား
ချွေးဘယ်လောက်ထွက်ထွက် ရလဒ်က အမျိုးမျိုးဖြစ်သွားနိုင်တယ်။ ၂၀၁၀ မှာလည်း
အတွေ့အကြုံ က ရှိပြီးသား။ နိုင်အောင်လည်း လုပ်နိုင်တယ်။ မနိုင်အောင်လည်း လုပ်နိုင်တယ်။
နောက်တစ်ချက် ထူးခြားချက်က ကျွန်တော့် မဲဆန္ဒနယ်က အနောက်မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်ထဲ ရောက်နေတယ်။ တပ်မှာ မဲဆွယ်စည်းရုံးခွင့်လည်း မရှိဘူးဆိုတော့ သူတို့က
ကျွန်တော့်အကြောင်းကို ဘယ်လိုသိမှာလဲ။ ကျွန်တော့်ရဲ့ နိုင်ငံရေးတွေးခေါ် ယူဆမှုတွေကို
သူတို့ ဘယ်လိုသိမလဲ။ သူတို့သိတာက ကချင်ဆိုရင် ကချင်အတွက်ပဲလို့ သူတို့ထင်မှာပဲ။
တကယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် သူတို့ မတွေးတော့ဘူး။ နောက်တစ်ချက်က
ကချင်ပြည်နယ်က သဘာဝသယံ ဇာတများတော့ ကချင်မဟုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ
ဆီကမဲကို ၀ယ်လိုက်မှာ စိုးရိမ်စရာရှိတယ်။ အခြေအနေလမ်းကြောင်းကလည်း ရှိနေတယ်။
နောက် စစ်ဖြစ်တဲ့ ဗန်းမော်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ ဖားကန့်ဘက်ကလည်း မတည်ငြိမ်ဘူး။
စစ်ဖြစ်တော့ တပ်တွေ ပို့လာနိုင်တယ်။ စစ်သားတွေ ပို့တယ်။ စစ်သားက ဘယ်ဘက်ပေးမလဲ။
အားလုံး သိတာပဲ။

* ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲ
မလုပ်နိုင်တဲ့ နေရာတွေ ရှိခဲ့တယ်။ ၂၀၁၂ ကြား ဖြတ်တုန်းကလည်း မလုပ်ဖြစ်ဘူး။
လတ်တလောမှာလည်း တိုက်ပွဲတွေက ခပ်စိတ်စိတ် ဖြစ်လာတာတွေ့ရတော့

ရွေးကောက်ပွဲ လုပ်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှု ဖြစ်မိသလား။ လက်ရှိတိုက်ပွဲ
အခြေအနေတွေကရော မဲဆွယ်စည်းရုံးရေးမှာ ကိုယ့်အတွက် အခက်အခဲဖြစ်စေသလား။

တချို့မဲဆန္ဒနယ်က လုပ်ခိုင်းလည်းဖြစ်တယ်။ မလုပ်ခိုင်းလည်း သူတို့ လက်ထဲမှာပဲ။ ဖျက်လို့ရတယ်။
စစ်ဖြစ်တယ်ဆိုရင် ဒေသကလူတွေ မဲပေးဖို့ အခွင့်အရေး ဆုံးရှုံးနိုင်ခြေရှိတယ်။ အခု ရွေးကောက်ပွဲ
နီးလာတဲ့အခါ ထိုးစစ်က အရှိန်မြင့်လာတဲ့ သဘောရှိတယ်။ ရွေးကောက်ပွဲတော့ လုပ်ပေးတယ်။
ဒါပေမဲ့ ကိုယ်စားလှယ်တွေ မဲဆန္ဒနယ် သွားဖို့ အခက်အခဲဖြစ်တယ်။ သွားပါ၊ ဒါပေမဲ့ အာမမခံဘူး
ဆိုရင် ဘယ်လိုလုပ်မလဲ။ မိုင်းနင်းမိရင် ဘယ်သူ တာဝန်ယူမလဲ။ ပြီးတော့ အဲဒီမှာရှိတဲ့
လူကလည်း သတင်းအချက်အလက် မရတော့ဘူး။ ဖုန်းလိုင်းတွေကလည်း မမိဘူးဆိုတော့
ဒါက တော်တော်လေး စိန်ခေါ်မှုများတယ်။ ဒါက ဒေသခံတိုင်းရင်းသားပါတီတွေ
အားကောင်းတဲ့နေရာမှာ သူတို့က အဟန့်အတားဖြစ်အောင် လုပ်တော့ အင်မတန်မှ
စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုအခြေအနေတွေ ရှိပေမယ့် ဖွဲ့စည်းပုံအခြေခံဥပေဒေအရ
ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ရွေးကောက်ပွဲကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး လေးစားလိုက်နာဖို့
တိုက်တွန်းချင်ပါတယ်။

* လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်က
အင်မတန်နည်းတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ အခန်းကဏ္ဍက
ပြီးခဲ့တဲ့ လေးနှစ်ကျော်အတွင်းမှာလည်း ဘာမှထိရောက်အောင် လုပ်ဆောင်နိုင်ခဲ့တာမျိုး
မတွေ့ရဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးရင်ကော ကချင်ပြည်နယ်ရဲ့လွှတ်တော်တွေ
အခုထက်ပိုပြီး အားကောင်းမယ်လို့ ထင်လား။

၂၀၀၈ ကတော့ ကန့်သတ်ချက်ရှိတယ်။ ဒါပေမဲ့ ဒါပြောင်းမှ လုပ်မယ်ဆိုရင် အချိန်ဇယားက
ဘယ်တော့လဲ။ တကယ်လို့ ဒေသကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေ လွှတ်တော်ထဲ
ရောက်လာမယ်ဆိုရင် ပြည်နယ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ပိုပြီးတောက်ပလာမှာပါ။
ဒေသမှာ တကယ်ဖြစ်နေတဲ့အရာတွေကို ပြောဆိုဆွေးနွေးခွင့် ရလာမယ်။ ဒီတော့ ၂၀၀၈ က
ကန့်သတ်ချက် ရှိတယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံတွေကို
ဘောင်ခတ်ထားလို့ မရနိုင်ဘူး။ ဒီလိုဆိုရင် နောက်ပိုင်းမှာ တခြား လွှတ်တော်တွေနဲ့လည်း
ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တာတွေ ရှိလာမယ်။ ဒီတော့ ၂၀၁၅ ကိုသာ ဖြတ်သန်းနိုင်မယ်ဆိုရင်
အတိုင်းအတာ တစ်ခုအထိတော့ လွှတ်တော်တွေက ပိုအသက်ဝင်လာမယ်။ တိုင်းပြည်ရဲ့
ပြုပြင်ပြောင်းလဲရေးက အကောင်းဘက်ကို ရောက်သွားမှာပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း