ရှမ်းပြည်နယ်အရှေ့ပိုင်းက လူငယ်တွေ နိုင်ငံရေး စိတ်မ၀င်စားကြသေး

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းကို တွေ့ရစဉ်။ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းကို တွေ့ရစဉ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်က နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတွေ
ပိုပြီးလွတ်လပ်ခွင့်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။

ဒါမှသာ လူငယ်တွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာကြဖို့ အားပေးတိုက်တွန်းနိုင်မှာပါ။

အခုတော့ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ ပါဝင်လာဖို့
အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။

နှစ်ပေါင်း ၆၀ လောက် ဖိနှိပ်ခံခဲ့ရတာကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသက
မြို့ငယ်လေးမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေအပါအ၀င် လူမှုရေးအဖွဲ့အစည်း အများစုဟာ
နိုင်ငံရေးမှာ ပါဝင်ဖို့အရေး တုန်လှုပ်ချောက်ချားနေကြပါတယ်။

"စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၆၀ လောက် နေခဲ့ရတာကြောင့် အခုအချိန်မှာ
အဖွဲ့အစည်းငယ်လေးတွေအားလုံးဟာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဖို့ ကြောက်ရွံ့နေကြပြီး
လူထုကလည်း အကြောက်တရားနဲ့ နေထိုင်နေကြဆဲပါ"လို့ အမည်မဖော်လိုတဲ့ ကျိုင်းတုံက
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

မြို့ငယ်လေးတွေမှာဆိုရင် လူတိုင်းတစ်ယောက်ကို တစ်ယောက် သိကြတာကြောင့်
ဘယ်သူဘာလုပ်လဲဆိုတာ အားလုံးက သိနိုင်ကြပါတယ်။

ဒါကြောင့် နယ်မြို့တွေက ဒေသခံတွေအတွက် နိုင်ငံရေးမှာ သိုသိုသိပ်သိပ်ပါဝင် လှုပ်ရှားဖို့ဆိုတာ
မလွယ်ပါဘူး။

မြန်မာနိုင်ငံသားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရသတင်းပေးတွေရဲ့ အနီးကပ်
စောင့်ကြည့်တာ ခံခဲ့ကြရပါတယ်။

အခုတော့ ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာတော့ လွတ်လပ်ခွင့်တွေ ခပ်မြန်မြန်နဲ့
ပိုရလာပေမယ့် နယ်စပ်ဒေသက မြို့ငယ်လေးတွေမှာတော့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ အရင်ကလိုပဲ
တင်းကျပ်တဲ့ အနေအထားမှာ ရှိနေဆဲပါပဲ။

ရန်ကုန်လိုမြို့ကြီးတွေမှာ လူငယ်တက်ကြွလှုပ်ရှားသူတွေဟာ မဲဆွယ်ပွဲတွေမှာ တက်တက်ကြွကြွ
ပါဝင်နေကြပေမယ့် ကျိုင်းတုံမြို့က လူငယ်အများစုကတော့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဖို့
တွန့်ဆုတ်နေကြသလို ဘယ်နိုင်ငံရေးပါတီကို သူတို့ အားပေးသလဲဆိုတာကိုတောင်
ထုတ်ဖော်မပြောရဲကြပါဘူး။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲပေးဖို့ စဉ်းစားထားလဲလို့
သူတို့ကိုမေးလိုက်ရင် လူငယ်တော်တော်များများဟာ စိတ်ကသိကအောက်ဖြစ်သွားကြတဲ့ပုံ
ပေါက်သွားကြပြီး ဘာမှပြန်မဖြေကြပါဘူး။

တချို့ကတော့ ဘယ်ပါတီဆိုတာကို အတိအကျမပြောဘဲ ရှမ်းပါတီတစ်ခုခုကို မဲပေးဖြစ်မယ်လို့
ဖြေကြပါတယ်။

"လူငယ်တော်တော်များများဟာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဖို့ ၀န်လေးနေကြသလို သူတို့ရဲ့
အခွင့်အရေးက ဘာတွေလဲဆိုတာကိုလည်း မသိကြပါဘူး။ တက်ကြွတဲ့ လူငယ်အများစုကတော့
RCSS အဖွဲ့ထဲ ၀င်ကြပါတယ်"လို့ ရှမ်းလူငယ်အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရှမ်းလူငယ်အသင်းရဲ့ ပင်မအဖွဲ့အစည်းကတော့ တောင်ကြီးမြို့မှာ ဖွဲ့စည်းထားပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကမှ မှတ်ပုံတင်ခဲ့တဲ့ ရှမ်းလူငယ်အဖွဲ့ (Tai Youth Organization) မှာ
လူငယ်တွေအတွက် ကွန်ပျူ တာသင်တန်းတွေ ဖွင့်ပေးထားသလို မူးယစ်ဆေးဝါးနဲ့
လူမှောင်ခိုကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး ပညာပေးတာမျိုးတွေ လုပ်ပေးပါတယ်။

ကျိုင်းတုံမှာရှိတဲ့ ရှမ်းလူငယ်အဖွဲ့ခွဲဟာ စနစ်တကျ မဖြစ်သေးတဲ့အတွက် သင်တန်းပေးတာတွေ၊
ပညာပေးတာတွေ မဆောင်ရွက်နိုင်တာကြောင့် ဒီလို သင်တန်း တော်တော်များများကို
တောင်ကြီးမှာပဲ ပေးဖြစ်ပါတယ်။

တစ်နေ့နေ့မှာ မြန်မာနိုင်ငံတော်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ထူထောင်ဖြစ်တဲ့အခါ
လူငယ်တွေ ရှမ်းပြည်နယ်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့အတွက်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) ရှမ်းပြည်တပ်မတော်
(တောင်ပိုင်း) (အက်စ်အက်စ်အေ)ဟာ ရှမ်းလူငယ်အဖွဲ့ကို ပညာတွေ ပိုမိုလေ့လာသင်ကြားကြဖို့နဲ့
အရည်အသွေးတွေ ပိုကောင်းလာစေဖို့ အားပေးပါတယ်။

"လူငယ်တွေကို ကျွန်တော် အမြဲတမ်းအားပေးကူညီသလို လိုအပ်တဲ့အကြံဉာဏ်တွေလည်း
ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။
တကယ်တော့ ရှမ်းလူငယ်အဖွဲ့ဟာ အက်စ်အက်စ်အေထက် ပိုပြီးအရေးပါပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့မှာ သူတို့ဟာ ရှမ်းပြည်အစိုးရအဖွဲ့က ဌာနတွေမှာ
ဗမာတွေကိုယ်စား တာဝန်ထမ်းဆောင်ကြရမယ့်သူတွေပါ"လို့ ကျိုင်းတုံက အာရ်စီအက်စ်အက်စ်
ဆက်ဆံရေးရုံးက ဗိုလ်ကြီးဂျိုးမန်းက ပြောပါတယ်။

အခြေခံဥပဒေနဲ့ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေမှာ အကန့်အသတ်တွေ ရှိနေတာကြောင့်
အကျိုးဆက်အနေနဲ့ လူငယ်တွေရဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဆောင်ရွက်လို စိတ်ဟာ အရမ်းကို
နည်းနေပါတယ်။

နိုင်ငံရေးပါတီတွေမှာ အရည်အသွေးပြည့်ဝတဲ့လူငယ်တွေ နည်းနည်းလေးပဲ ရှိတာကြောင့်
အသက်ကြီးကြီးပါတီဝင်တွေကို ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ တောင်းဆို
ထားရတယ်လို့ ကျိုင်းတုံက နိုင်ငံရေးပါတီတွေက သူတို့ရဲ့အခက်အခဲကို ပြောကြပါတယ်။

"လူငယ်တွေဟာ ကုန်ကူးတာမျိုးတို့၊ တခြားအလုပ်တွေ လုပ်တာမျိုးတို့လို စီးပွားရေးပဲ
လုပ်နေကြပါတယ်။ သူတို့တွေ နိုင်ငံရေးကို စိတ်မ၀င်စားကြပါဘူး။ နိုင်ငံရေး အကြောင်းနဲ့
ပတ်သက်ပြီး သူတို့ကို ကျွန်တော်တို့ သင်ပြပေးဖို့ လိုနေပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့
လူငယ်တွေ ကျွန်တော်တို့ လိုနေတယ်"လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး
ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဟောင်ခမ်းက ပြောပါတယ်။

နိုင်ငံရေးပါတီ တော်တော်များများကတော့ သူတို့ရဲ့ ပါတီလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ
ပညာရေး ပိုကောင်းလာစေဖို့ သင်တန်းတွေ ဖွင့်လှစ်ပေးတာမျိုးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးတာမျိုးတွေ ထည့်သွင်းထားပေမယ့် ဒီဆောင်ရွက်ချက်တွေအတွက် သူတို့
ဘယ်လိုစီစဉ်ထားသလဲဆိုတာကိုတော့ ဖော်မပြနိုင်ကြပါဘူး။

ကျိုင်းတုံက နိုင်ငံရေးပါတီတွေမှာ လိုအပ်ချက်ကြီး တစ်ခု ရှိနေဆဲဖြစ်ပေမယ့် နိုင်ငံရေးပါတီတွေ
ကတော့ လူငယ်တွေဟာ သိပ်မကြာခင်မှာ နိုင်ငံရေးမှာ ပိုမိုပါဝင် လာကြလိမ့်မယ်လို့
အားကိုးတကြီး မျှော်လင့်ထားကြပါတယ်။

"တကယ်လို့ အင်န်အယ်လ်ဒီသာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အပြောင်းအလဲတွေ
ဖြစ်လာမှာပါ။ အခုအချိန်မှာတော့ လူငယ်တွေဟာ အင်န်အယ်လ်ဒီရဲ့ တီရှပ်တွေဝတ်တာ၊
ခေါင်းစည်းတွေ စည်းထားတာမျိုးတွေ ရှိနေပါပြီ။ အင်န်အယ်လ်ဒီရုံးခန်းကို
သွားလည်တာမျိုးတွေလည်း ရှိလာနေပါပြီ။ အင်န်အယ်လ်ဒီသာ အနိုင်ရမယ်ဆိုရင် လူငယ်တွေ
နိုင်ငံရေးမှာ ပိုပြီးပါဝင်လာကြမှာပါ"လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း