ရွေးကောက်ပွဲနဲ့ လူငယ်တို့ရဲ့ အခန်းကဏ္ဍ

ဝလုံး/မြန်မာတိုင်း(မ်)၀လုံး/မြန်မာတိုင်း(မ်)

မကြာမီ ကျင်းပတော့မယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး
မဲပေးခွင့် ရရှိကြတဲ့ လူငယ်တွေရော၊ အသက်မပြည့်သေးလို့ မဲပေးခွင့်မရှိသေးတဲ့ လူငယ်တွေပါ
မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်း နိုင်ငံရေး
လေ့လာသုံးသပ်သူတွေ၊ ပညာရှင်တွေနဲ့ ရွေးကောက်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေကြတဲ့
လူငယ်တွေက ပြောဆိုကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူသွားခဲ့တဲ့ မဲဆွယ်ခရီးစဉ်တွေမှာ
မဲပေးခွင့်ရှိတဲ့ လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ကိုယ့်မဲတစ်ပြားအတွက် ဂရုတစိုက်
သွားရောက်မဲပေးကြဖို့၊ အသက်မပြည့်သေးလို့ မဲပေးခွင့်မရသေးတဲ့ လူငယ်တွေအနေနဲ့လည်း
ရွေးကောက်ပွဲနေ့မှာ အိမ်စောင့်ပေးတာ၊ မဲလာပေးတဲ့ လူကြီးသူမတွေကို ကူညီတာ၊ ရွေးကောက်ပွဲ
စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်တာတွေကို တတ်နိုင်သလောက်
လုပ်ဆောင်ပေးကြဖို့ အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကလည်း လူငယ်တွေ နိုင်ငံရေးမှာ
ထဲထဲဝင်ဝင် ပါဝင်လာခြင်းဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ပိုပြီးမြန်မြန်ဆန်ဆန်
ဆောင်ရွက်နိုင်စေမှာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"နိုင်ငံရေးမှာ လူငယ်တွေ စိတ်ပါဝင်စားမှု နည်းလေလေ ဒီမိုကရေစီဖြစ်စဉ် တိုးတက်မှု
လျော့ရိလျော့ရဲ ဖြစ်လာလေလေပဲ"လို့လည်း ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းစစ်တမ်းအရ အသက် ၁၅ နှစ်ကနေ
၂၉ နှစ်အတွင်း လူငယ်ဦးရေပေါင်း ၁၃ ဒသမ ၁ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်အရ လူငယ်အချိုးအစားဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာတိုင်း(မ်)က မွန်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်၊
ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့က လူငယ်တချို့နဲ့ တွေ့ဆုံ မေးမြန်းမှုတွေပြုလုပ်ခဲ့ရမှာ အများစုဟာ
ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် စိတ်အားထက်သန်ကြပါတယ်။

တစ်ဖက်ကလည်း မဲပေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရကြသေးတဲ့
လူငယ်တွေလည်း အများအပြားရှိနေကြတာကို တွေ့ရပါတယ်။

အသက် ၁၈ နှစ်အရွယ် ရန်ကုန်မြို့ခံလူငယ် ကိုစောဝဏ္ဏကတော့ ၂၀၁၅ ရွေးကောက်ပွဲမဲပေးရမယ့်
အချိန်မှာ သူ့အသက်ပြည့်နေပြီဖြစ်ပေမယ့် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်အချိန်မီ
မလုပ်နိုင်ခဲ့တာကြောင့် မဲပေးခွင့် ဆုံးရှုံးသွားပြီလို့ ၀မ်းနည်းစွာနဲ့ ပြောပါတယ်။

သူဒီနှစ်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရတော့မှာ မဟုတ်ပေမယ့် ရွေးကောက်ပွဲစောင့်ကြည့်ရေး
အင်န်ဂျီအိုတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ဖို့ စာရင်းပေးသွင်းထားတယ်လို့
ပြောပါတယ်။

"ကျွန်တော့်အနေနဲ့ လက်ရှိ ရေဘေးသင့်ဒေသတွေအတွက် ပရဟိတအလုပ်တွေမှာ
ပါဝင်ဆောင်ရွက်နေပါတယ်။ အဲဒီက သူငယ်ချင်းတွေနဲ့အတူ ရွေးကောက်ပွဲနေ့မှာ
အတူတူပါဝင်ကြဖို့ စာရင်းသွင်းထားတယ်။ အဓိကကတော့ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲမှာ
နိုင်ငံသားတစ်ယောက်အနေနဲ့ တတ်နိုင်တာကို ပါဝင်ဆောင်ရွက်ချင်လို့ပါ"လို့ ကိုစောဝဏ္ဏက
ပြောပါတယ်။

သူက ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရေး ပြည်သူများပူးပေါင်းရေးအဖွဲ့ (PACE) မှာ
ပါဝင်ဆောင်ရွက်ဖို့ နာမည်စာရင်းပေးထားတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ လူငယ်လူကြီး ၂,၀၀၀ လောက်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ
ချိတ်ဆက်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အသက် ၂၂ နှစ်အရွယ် မဆုမြတ်စန္ဒာကတော့ ရွေးကောက်ပွဲမှာ
မဲပေးမှာဖြစ်ပေမယ့် ဘယ်ပါတီက ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ မသိဘူးလို့ပြောပါတယ်။

သူက မော်လမြိုင်မြို့တရားလွှတ်တော်ရုံးက ၀န်ထမ်းတစ်ဦး ဖြစ်ပါတယ်။

သူ့ပတ်ဝန်းကျင်မှာ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးပါတီကိစ္စတွေနဲ့ပတ်သက်ပြီး
ပြောဆိုဆွေးနွေးသူတွေ မရှိတာကြောင့် ဘယ်ပါတီကို မဲပေးရမလဲဆိုတာ မသိလို့
စဉ်းစားရဦးမယ်လို့လည်း ဆိုပါတယ်။

"ပါတီတွေကပေးတဲ့ လက်ကမ်းစာစောင်တွေ တောင်းထားတယ်။ အဲဒါ ကြည့်ရမယ်၊
ကိုယ့်ရပ်ကိုယ့်ရွာအတွက် ကောင်းအောင်လုပ်ပေးနိုင်တဲ့သူဆို မဲထည့်မယ်"လို့ မဆုမြတ်စန္ဒာက
ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က ၂၅ နှစ်အရွယ် ဒေသခံ ကိုအောင်မြင့်သူကတော့
ရန်ကုန်မှာရှိတဲ့ National Youth Congress အဖွဲ့နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အောက်ပိုင်း
မာန်အောင်ကျွန်းမှာ ရွေးကောက်ပွဲစောင့်ကြည့်ရေးတွေ လုပ်ဆောင်သွားမယ့်
တာဝန်ခံလူငယ်တစ်ဦး ဖြစ်ပါတယ်။

သူနေထိုင်တဲ့ ရခိုင်ပြည်နယ် မာန်အောင်ဒေသက လူငယ်တွေဟာ နိုင်ငံရေးစိတ်ပါဝင်စားမှု
အားနည်းကြပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတ အားနည်းချက်တွေလည်း
ရှိနေတာမို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် စည်းရုံးရာမှာ အခက်အခဲတွေ
တွေ့နေရတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အနေနဲ့ကတော့ အပြောင်းအလဲတစ်ခုကို လိုချင်လို့ မဲပေးမယ်၊ နောက်တစ်ခုက
လူထုရဲ့ဆန္ဒအမှန်ကို အများသိအောင် ဖော်ပြချင်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့အလုပ်ကို
လုပ်ရတာဖြစ်တယ်"လို့ ကိုအောင်မြင့်သူက သူ့ခံယူချက်ကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ ကယားပြည်နယ်ဘက်မှာတော့
အဖွဲ့အစည်းတွေရဲ့ အရှိန်ကြောင့် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ရမှာ ကြောက်နေတဲ့
လူငယ်တွေကို တွေ့ခဲ့ရတယ်လို့ National Youth Congress အဖွဲ့ရဲ့ အောက်မြန်မာပြည်
တာဝန်ခံ ကိုရဲဝင်းထွဋ်က သူလေ့လာတွေ့ရှိခဲ့တာတွေကို ဝေမျှပြောပြပါတယ်။

ဒါပေမဲ့လည်း တစ်နိုင်ငံလုံးအနေနဲ့တော့ လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စား
လာကြပါတယ်လို့ သူ့အမြင်ကို ဆိုပါတယ်။

"ကျွန်တော်တွေ့ရသလောက်ကတော့ အခုခေတ်လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ တဖြည်းဖြည်းနဲ့
ပိုပြီးစိတ်ဝင်စားလာတာ တွေ့ရတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကြောင့် ပိုပြီးပါဝင်လာတာတွေ
ရှိတယ်"လို့ ဆိုပါတယ်။

သမိုင်းတစ်လျှောက် နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်တွေအတွက် လှုပ်ရှားဆောင်ရွက်ကြရာမှာ
လူငယ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမဲ့ သိပ်မကြာခင်ကမှ ဖြစ်ပွားခဲ့တဲ့ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ရာနဲ့ချီတဲ့
လူငယ်ဆန္ဒပြသူတွေနဲ့ ၀န်းရံသူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထားတာ၊ ဖေ့စ်ဘွတ်ခ်
အသုံးပြုပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲဆိုမှုတွေကြောင့် အစိုးရက လူငယ်တွေကို
နိုင်ငံရေးမလုပ်အောင် တားဆီးမှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ အရပ်ဘက်
အဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့အစည်းတွေက တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။

"ကျွန်တော်ကတော့ ရွေးကောက်ပွဲမှာ မဲပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့
အာဏာပိုင်တွေကို အယုံအကြည်မရှိလို့ပါ။ သူတို့က ကြိုတင်မဲပေးမယ့်လူစာရင်း
လာကောက်တယ်၊ ဘယ်လို ပေးရမယ်ဆိုတာ ဘာမှ ပွင့်ပွင့်လင်းလင်း ရှင်းပြတာ မရှိဘူး"လို့
ကျောင်းသားသပိတ်ဆန္ဒထုတ်ဖော်မှုနဲ့အတူ သာယာဝတီထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့
ကိုအောင်မျိုးဦး(၂၅ နှစ်)က ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်မှာပါဝင်တဲ့ လူငယ်တွေဟာ သာယာဝတီအကျဉ်းထောင်ထဲမှာ
နေပြီး တရားရင်ဆိုင်နေရတာဟာ ရှစ်လကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

သူတို့အထဲက ထက်ဝက်ကျော်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရလုပ်တဲ့ ရွေးကောက်ပွဲကို
အယုံအကြည်မရှိသလို ပွင့်လင်းမြင်သာမှု မရှိဘဲ မဲပေးရမှာမို့ မပေးကြတာလို့ ရုံးထုတ်
စစ်ဆေးဖို့အတွက် အောက်တိုဘာ ၂၀ ရက်က သာယာဝတီတရားရုံးကို ရောက်ရှိနေစဉ်မှာ
မြန်မာတိုင်း(မ်)ကို တယ်လီဖုန်းကတစ်ဆင့် ကိုအောင်မျိုးဦးက ပြောပြခဲ့တာဖြစ်ပါတယ်။

အင်အားအကြီးဆုံး အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပြည်နယ်နဲ့
တိုင်းအလိုက် လူငယ်ပါတီဝင် အရေအတွက် ရှစ်သောင်းကျော်ရှိပြီး အာဏာရပြည်ခိုင်ဖြိုးပါတီ
မှာတော့ လူငယ်အင်အား နှစ်သန်းကျော် ရှိပါတယ်။

"ကျွန်တော်တို့ ပါတီမှာပါတဲ့ လူငယ်တွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်အရွေးခံတဲ့သူတွေ ရှိတယ်။ နောက်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ၊
မဲစာရင်းစစ်ဆေးရေး၊ မဲရုံစောင့်ကြည့်ရေးကိစ္စတွေမှာ အတော့်ကို တက်တက်ကြွကြွ
ပါဝင်လုပ်ဆောင်နေကြပါတယ်။ လူငယ်တွေရဲ့ တာဝန်လို့ သီးသန့်ခွဲထားတာတော့ မရှိဘူး။
အားလုံး ၀ိုင်းဝန်းဆောင်ရွက်နေရပါတယ်"လို့ အင်န်အယ်လ်ဒီပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့
တွဲဖက်အတွင်းရေးမှူးဖြစ်သလို သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လည်းဖြစ်တဲ့ ကိုဝေဖြိုးအောင်က ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ နေလာရတဲ့ အခါကျတော့
လူငယ်အများစုက နိုင်ငံရေးနဲ့ ပတ်သက်ရင် ပါဝင်ဆောင်ရွက်ဖို့ အားနည်းနေသေးတယ်လို့
မြင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အင်အားက လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့လိုတယ်။
လူငယ်တွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီး ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်မှ တိုင်းပြည်အတွက်
ပိုကောင်းတဲ့ အနာဂတ် ဖြစ်လာမှာဖြစ်ပါတယ်"လို့ ကိုဝေဖြိုးအောင်က ပြောပါတယ်။

လက်ရှိ နိုင်ငံရဲ့အခြေအနေအရ လူငယ်တွေမှာလည်း လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

အဓိကကတော့ လူငယ်တွေရဲ့ပညာရေးကဏ္ဍကို နောက်တက်မယ့် အစိုးရအနေနဲ့
လက်ရှိထက်ပိုပြီး မြှင့်တင်ပေးဖို့လိုတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

"လူငယ်တွေနဲ့ ပတ်သက်လို့ ငါပြောတဲ့အတိုင်း၊ ငါခိုင်းတဲ့အတိုင်း လုပ်မယ့်သူ လူငယ်တွေကို
အခွင့်အရေးတွေပေးပြီး မွေးမြူနေတာ၊ တည်ဆောက်နေတာတွေဟာ တိုင်းပြည်အတွက်
အင်မတန်မှ အနုတ်လက္ခဏာပြတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်"လို့ သူက သုံးသပ်ပြောဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း