"ပြည်သူ့အခက်အခဲကို အမှန်တကယ် ကိုယ်ချင်းစာစိတ် ရှိတဲ့ ခေါင်းဆောင်မျိုး လိုချင်ပါတယ်"

ကရင်တိုင်းရင်းသူ အမျိုးသမီးငယ် မနော်ထီးယွားမူး။ကရင်တိုင်းရင်းသူ အမျိုးသမီးငယ် မနော်ထီးယွားမူး။

မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲအပေါ် မျက်မမြင်တွေ ထားရှိတဲ့ သဘောထားအမြင်၊
ဘယ်လိုပုံစံမျိုးနဲ့ မဲထည့်ဝင်သွားမယ်ဆိုတာတွေနဲ့ စပ်လျဉ်းပြီး အင်္ဂလိပ်စာ အထူးပြုဘာသာရပ်နဲ့
ကျောင်းပြီးထားတဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးငယ် မနော်ထီးယွားမူး ကို မြန်မာတိုင်း(မ်)
သတင်းထောက် ဇေယျာလင်း က မေးမြန်းထားပါတယ်။

* လာမယ့် ရွေးကောက်ပွဲက မျက်မမြင်တွေရဲ့ဘ၀ကို အပြောင်းအလဲတစ်ခု
ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါသလား။

၂၀၁၅ ရွေးကောက်ပွဲက အပြောင်းအလဲ တစ်ခုခုကိုတော့ ဖော်ဆောင်နိုင်မယ်လို့
ယုံကြည်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မသန်စွမ်း တော်တော်များများက အခုဆို အပြင်မှာ
ထွက်ပြီး အလုပ်တွေ လုပ်နေကြပြီ။ အသိပညာတွေလည်း တိုးတက်လာကြပြီဆိုတော့
ဒီထက်မက အပြောင်းအလဲ တစ်ခုခုဖြစ်တော့မယ်လို့ ခံယူထားပါတယ်။ အကောင်းဆုံး
ဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။

* ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ မဲပေးမယ်လို့ စီစဉ်ထားပါသလဲ။

ဒါ ဒုတိယအကြိမ်မြောက် မဲပေးရမှာပါ။ ၂၀၁၀ တုန်းကလည်း တစ်ကြိမ် မဲထည့်ခဲ့ဖူးပါတယ်။
မဲထည့်မယ့် ကိစ္စတွေ စာရင်းပေးတာကအစ ကျောင်းက အကုန်လုပ်ပေးပါတယ်။ စုပြီးတော့
မဲထည့်ပါမယ်။ ကျောင်းက ဆရာ၊ ဆရာမတွေကလည်း ကူညီကြပါတယ်။ မျက်မမြင်တစ်ယောက်
ဖြစ်ပေမယ့်လည်း ကျောင်းက ကွန်ပျူတာတွေ၊ တယောတွေကို မျက်မမြင်စာစနစ်ဖြစ်တဲ့ Braille နဲ့
သင်ပေးသလို မဲထည့်ရင်လည်း အဲဒီစနစ်နဲ့ပဲ စမ်းပြီး မဲထည့်ရမယ်လို့ ထင်ပါတယ်။

* တိုင်းပြည်ခေါင်းဆောင်ကို ဘယ်လိုပုံစံ အရည်အချင်းတွေရှိဖို့ မျှော်လင့်ထားသလဲ။

ပြည်သူကို တကယ်ချစ်ပြီး ဆင်းရဲတဲ့ပြည်သူကို အမှန်တကယ်ကူညီပေးတဲ့ ခေါင်းဆောင်မျိုး
လိုချင်ပါတယ်။ ပြည်သူ့အခက်အခဲကို အမှန်တကယ် ကိုယ်ချင်းစာစိတ်ရှိတဲ့ ခေါင်းဆောင်မျိုးကို
လိုချင်ပါတယ်။

* မျက်မမြင်တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သိကြားဖူးသမျှ
ဗဟုသုတတွေအရ မြန်မာ့နိုင်ငံရေးကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။

အခုချိန်ထိတော့ ဘယ်ပါတီကို မဲထည့်ရမလဲဆိုတာ စဉ်းတောင် မစဉ်းစားရသေးပါဘူး။
ပါတီတွေကလည်း အများကြီးရှိတယ်လို့ သိနေကြားနေရတယ်။ ဖြစ်စေချင်တာကတော့
တိုင်းပြည်ကို အကျိုးပြုပြီး ပြည်သူကိုတကယ်ချစ်တဲ့ ခေါင်းဆောင်တွေကိုပဲ ရွေးပြီးထည့်မှာပါ။
ကိုယ်ရွေး ချယ်လိုက်တဲ့ ခေါင်းဆောင်က တိုင်းပြည်ကို တကယ်ချစ်တဲ့သူ ဖြစ်ပါစေလို့လည်း
ဆုတောင်းပြီးမှ မဲထည့်မှာပါ။

* တိုင်းရင်းသူတစ်ယောက်အနေနဲ့ မနော်ထီးယွားမူး ရဲ့ နိုင်ငံရေးခံယူချက်ကို
ဘယ်လိုမျိုး ချမှတ်ထားသလဲ။

ကျွန်မ ခံယူထားတဲ့ နိုင်ငံရေးခံယူချက်ကတော့ တတ်နိုင်တဲ့ဘက်က အများအကျိုးပြုတဲ့
အလုပ်တွေကို လုပ်သွားမယ်၊ မြန်မာနိုင်ငံကြီးကိုလည်း မမြင်ရပေမယ့် အရမ်းတိုးတက်တဲ့
နိုင်ငံကြီး ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာက ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက မျက်မမြင်စာကို
အကုန်တတ်တယ်၊ သူများနိုင်ငံက မျက်မမြင်တွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။
မြန်မာပြည်ကျောင်းတွေက ဆရာ၊ ဆရာမတွေကိုလည်း မျက်မမြင်စာ တတ်စေချင်ပါတယ်။
လူမှုအသိုင်း အ၀ိုင်းတွေကလည်း မျက်မမြင်တွေကို ကြင်ကြင်နာနာနဲ့ လက်တွဲခေါ်တဲ့
ပတ်ဝန်းကျင်လေး ဖြစ်စေချင်တယ်။

* မနော်ထီးယွားမူးရဲ့ ဘ၀ရည်မှန်းချက်က ဘာဖြစ်မလဲ။

ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ ကိုယ့်ဘ၀ တိုးတက်ရေးသာမက ကျန်တဲ့ မျက်မမြင်တွေကိုလည်း
လက်ဆင့်ကမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာတွေကို ပြန်ပြီး
သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားဖို့လည်း
စဉ်းစားနေပါတယ်။ လမ်းသွား လမ်းလာတွေကလည်း မျက်မမြင်တွေကို လမ်းပြပေးစေချင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း