"လွယ်လွယ်ကူကူနဲ့ ပြောလို့ ဟောလို့ရမယ် ထင်ပြီး ဒီကိုလာတာ။ တကယ်တော့ ကျွန်တော် ပြောတဲ့စကားကို သူတို့ နားမလည်ကြဘူး"

ကယားပြည်နယ် ရှားတောမြို့နယ်တွင်း တစ်နေရာတွင် ချိတ်ဆွဲထားသည့် ဦးအောင်မင်း၏ မဲဆွယ်ပိုစတာကို တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)ကယားပြည်နယ် ရှားတောမြို့နယ်တွင်း တစ်နေရာတွင် ချိတ်ဆွဲထားသည့် ဦးအောင်မင်း၏ မဲဆွယ်ပိုစတာကို တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
အမှတ်(၇)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ရှားတောမြို့နယ်ရှိ
၎င်း၏ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းမှာ မြန်မာတိုင်း(မ်)အကြီးတန်းသတင်းထောက်
ဝလုံး က အောက်တိုဘာ ၂၆ ရက်တွင် သွားရောက်တွေ့ဆုံ မေးမြန်းထားပါသည်။

* ရှားတောမြို့နယ်မှာဆိုရင် ဦးအောင်မင်း ၀င်ပြိုင်မယ့် အမျိုးသားလွှတ်တော်နေရာဟာ
ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ အဲဒီတော့ မဲဆွယ်စည်းရုံးရေး
ကာလမှာ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ ရှင်းပြပေးပါ။

ကျွန်တော်က ယှဉ်ပြိုင်ခြင်းသာ အဓိကပါ။ ဘယ်သူ တွေ ၀င်ပြိုင်မယ်ဆိုတာ မှတ်မထားပါဘူး။
အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာ ဒီလိုပဲထားပါတယ်။ ရှားတော မြို့နယ်မှာ ရွာပေါင်း
၂၀ ရှိပါတယ်။ အဲဒီရွာတွေက ပြည်သူ တွေက မဲပေးကြမှာဆိုတော့ ရွာတွေကိုရောက်ဖို့
လိုအပ်တာပေါ့။ ကျွန်တော့အနေနဲ့ NCA (Nationwide Ceasefire Agreement) ကလည်း
၁၅ ရက်နေ့မှ ပြီးတာဆိုတော့ ဒီကို ၁၈ ရက်နေ့မှ ရောက်တယ်။ လောလောဆယ်တော့ ခုနစ်ရွာပဲ
ရောက်သေးတယ်။ ကံဆိုးချင်တော့ မိုးက ရွာတယ်။ တချို့နေရာတွေမှာ ကားရော၊ ဆိုင်ကယ်ပါ
သွားလို့မရဘူးဆိုတော့ နေလေး နည်းနည်းပွင့်လာအောင် စောင့်နေတယ်။ နေပွင့်လာတဲ့အခါမှ
အဲဒီကျန်တဲ့နေရာတွေကို ဆိုင်ကယ်နဲ့သွားပြီးတော့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မယ်လို့
မျှော်လင့်ထားပါတယ်။

* မဲဆွယ်စည်းရုံးရေးကာလမှာ တခြားပါတီတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိလား။

ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုယ် လုပ်နေတာပါ။ ဒီနေ့ ဒီအချိန်အထိတော့ အပြိုင်အဆိုင်တွေ၊
အခက်အခဲတွေ တစ်ခုမှ မရှိသေးပါဘူး။ တချို့ရွာတွေမှာ တခြားပါတီက လူတွေနဲ့ လမ်းမှာဆုံတဲ့
အခါမှာလည်း ပြုံးရယ်ပြကြ၊ လက်ပြကြနဲ့ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြပါတယ်။
ဒီမှာကတော့ သူများလို အော်ဟစ်ပြီး လုပ်စရာ မလိုပါဘူး။ အေးအေးဆေးဆေးနဲ့ ယှဉ်ပြိုင်ရမယ့်
အနေအထား ဖြစ်ပါတယ်။

* ရှားတောက မဲရုံတွေမှာ တပ်မတော်က လုံခြုံရေးတာဝန် ယူပေးမယ့်အပေါ်
ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

လုံခြုံရေးကတော့ ပြည်သူ့လုံခြုံရေးပေါ့။ အဲဒါနဲ့ မနိုင်ရင် ရဲလုံခြုံရေးပေါ့။ ရဲနဲ့ မနိုင်ရင်
တပ်လုံခြုံရေးပေါ့။ အခု လောလောဆယ်ကတော့ ဒီမှာက အေးချမ်းတဲ့ဒေသ ဖြစ်ပါတယ်။
တပ်တွေအနေနဲ့ ဘာမှ လှုပ်လှုပ်ရှားရှား မတွေ့ရဘူး။ မြို့ပေါ်တွေလိုပဲ ပြည်သူ့လုံခြုံရေးနဲ့ပဲ
ပြီးသွားမယ်လို့၊ ဒီလိုပဲ ကျွန်တော်တို့ တွက်ပါတယ်။

* မဲဆွယ်စည်းရုံးရေး သွားတဲ့အခါမှာ တချို့လူတွေ၊ ပါတီတွေက အာဏာပိုင်
အဖွဲ့အစည်းကို အသုံးပြုတာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီလို အနေအထား
ရှိတယ်ဆိုတာ ဦးအောင်မင်းရော သိပါသလား။

ကျွန်တော့အနေနဲ့ ဒါတွေကို သတိမထားမိဘူး၊ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်တွေနဲ့ပဲ
ဥပဒေနဲ့အညီ ဒါတွေကို ဆောင်ရွက်နေတာပါ။ တခြားသူတွေလည်း ဒီလိုပဲဆောင်ရွက်နေတယ်လို့
ထင်ပါတယ်။

* လာမယ့်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား။

ကျွန်တော်ကိုယ်တိုင် ဒီကိုလာတဲ့အခါကျတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့
ဒီအတိုင်းပဲ တွက်တာပေါ့။ ကျွန်တော့စိတ်ထဲမှာလည်း ယှဉ်ပြိုင်ခြင်းသာ အဓိကပဲလို့
သဘောထားပါတယ်။ ကျန်တဲ့အဖွဲ့တွေလည်း ဒီအတိုင်းပဲလို့ ထင်ပါတယ်။ ပြည်သူလူထု
ရွေးချယ်တဲ့သူ အရွေးခံရမှာပေါ့။

ဦးအောင်မင်း။ ၀လုံး/မြန်မာတိုင်း(မ်)ဦးအောင်မင်း။ ၀လုံး/မြန်မာတိုင်း(မ်)

* ၀န်ကြီးရဲ့ မဲဆွယ်ခရီးစဉ်တွေမှာ ကရင်နီလက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေး
သဘောမျိုး၊ နယ်မြေခံသဘောမျိုး လိုက်ပါပေးတယ်လို့ သိရတယ်။ အဲဒါ သူတို့က
ဘယ်လိုမျိုး လိုက်ပါဆောင်ရွက်ပေးတာလဲ။

ကျွန်တော် အခုသွားတဲ့အခါမှာ ရဲလုံခြုံရေးလည်း မပါဘူး၊ ဘယ်လုံခြုံရေးမှ မပါဘူး၊
တစ်ယောက်တည်း သွားနေတာပါ။ ခင်များတို့ သိမှာပါ NCA လက်မှတ်ထိုးပြီးတဲ့ အခါမှာ
Joint Monitoring Committee (ပူးတွဲ စောင့်ကြည့်ရေး)ဆိုတာ ဖွဲ့စည်းထားပြီးပါပြီ။
ပြီးခဲ့တဲ့ ၁၆ ရက်၊ ၁၇ ရက်က ဖွဲ့စည်းလိုက်တာ။ အဲဒီ JMC မှာ လိုက်နာရမယ့်ကျင့်ဝတ်တွေ
စည်းမျဉ်းတွေ ရေးဆွဲရတယ်။ အဲဒီမှာ တပ်နေရာချထားရေးတွေ ရေးဆွဲရတယ်။ ဒီနယ်မြေမှာ
တပ်နေရာချထားရေးတွေ မလုပ်ရသေးဘူး။ တချို့နေရာတွေမှာ KNPP (ကရင်နီ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့) ရှိနိုင်ပါတယ်။ တပ်မတော်လည်း ရှိနိုင်ပါတယ်။ လောလောဆယ်ကတော့
အထက်က ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် တပ်လည်း မတွေ့ရဘူး၊ KNPP ကိုလည်း
မတွေ့ရဘူး။ တခြားပါတီတွေလည်း လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးသွားလာခွင့် ရှိတယ်လို့
ကျွန်တော် ထင်ပါတယ်။ KNPP ကလူတွေ ကျွန်တော့် ခရီးစဉ်မှာ မပါပါဘူး။

* ဦးအောင်မင်းအနေနဲ့ ဘာကြောင့် ရှားတောမှာလာပြီး ရွေးကောက်ပွဲ ၀င်ရတာလဲ။

ခင်ဗျား စဉ်းစားကြည့်လေ၊ ဒီနယ်မြေမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်မယ်လို့ အခိုင်အမာ
ယုံကြည်ထားတယ်။ ကယားလူမျိုးတွေ အများဆုံး နေထိုင်ကြတာက နားဆွယ်စခန်းမှာပါ။
အဲဒီတော့ ငြိမ်းချမ်းရေးရရင် သူတို့ကို ဒီနယ်မြေမှာ နေရာချရမှာပေါ့။ ဒီဘက်ကပဲ
ပြန်ဝင်လာရမှာပေါ့။ သူတို့ ပြန်လာမယ်ဆိုရင် သူတို့အတွက် ကျွန်တော်က မြေမြှုပ်မိုင်းတွေ
ရှင်းပေးရမယ်၊ အဆောက်အအုံ ဆောက်ပေးရမယ်၊ လိုအပ်တဲ့ရိက္ခာတွေ ပေးရမယ်၊ ပြီးရင်
အလုပ်အကိုင်တွေ ရှာဖွေပေးရမယ်။ ဒါတွေ အားလုံးက ဒီဘက်နယ်မြေမှာ လုပ်ရမယ့်ကိစ္စတွေ
ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ်လည်း လုပ်ရမှာ ဖြစ်တာကြောင့် ဒီနယ်မြေကနေပြီး
ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ပါတယ်။

* မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ပြည်သူလူထုကို ဘာတွေ ပြောပြီး စည်းရုံးပါသလဲ။

ကျွန်တော်က တစ်သီးပုဂ္ဂလ ၀င်တာပေါ့ဗျာ။ အမျိုးသား လွှတ်တော်မှာ ၀င်တယ်။ ကျွန်တော့်ရဲ့
လိုဂိုက ငြိမ်းချမ်းရေး ငှက်ငယ်ချိုးရုပ်လည်း ဖြစ်တယ်။ ဒါကို မဲပေးပါလို့ပဲ ပြောပါတယ်။ အဲဒါတောင်
တော်တော်ပြောယူရတယ်။ ကျွန်တော်တို့ ပြောတဲ့စကားကို သူတို့ နားမလည်ဘူး။
ဘာလို့လဲဆိုတော့ သူတို့ မြန်မာစကား သိပ်မတတ်ကြဘူး။ ကျွန်တော်လည်း လွယ်လွယ်ကူကူနဲ့
ပြောလို့ ဟောလို့ရမယ် ထင်ပြီး ဒီကိုလာတာ။ တကယ်တော့ ကျွန်တော်ပြောတဲ့ စကားကို
သူတို့ နားမလည်ကြဘူး။ အဲဒီအခက်အခဲကတော့ အဓိက အခက်အခဲပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း