ရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲဆန္ဒနယ် ကယားပြည်နယ်

ရွေးကောက်ပွဲနေ့မှာ မဲ ၁၀ မဲအောက်နဲ့ လွှတ်တော်အမတ်နေရာ ရရှိခဲ့တာ ဘယ်သူလဲဆိုတဲ့
မေးခွန်းဟာ ၂၀၁၀ ရွေးကောက်ပွဲ ကနေတစ်ဆင့် ဖြစ်ပေါ်ခဲ့တဲ့ စဉ်းစားစရာအကောင်းဆုံး
မေးခွန်းတစ်ခုပါပဲ။

ရွေးကောက်ပွဲနေ့ဟာ ကယားပြည်နယ် လွှတ်တော် ရှားတောမဲဆန္ဒနယ်အမှတ်(၁)က
မဲရုံမှူးတွေအတွက် အေးဆေးသက်သာတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးရဲဝင်းက ကြိုတင်မဲ ၁၂၇ မဲနဲ့အတူ
ရွေးကောက်ပွဲနေ့မှာ ခြောက်မဲ ရရှိခဲ့ပါတယ်။

သူ့ပြိုင်ဘက်ဖြစ်သူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက စိုင်းထိန်လင်းဦးကတော့ ကြိုတင်မဲ
ရှစ်မဲနဲ့အတူ ရွေးကောက်ပွဲနေ့မှာ မဲ နှစ်မဲသာ ရရှိခဲ့ပါတယ်။ အံ့ဩစရာပါပဲ။ ဒီမဲ ၁၄၃ မဲက
မဲပေးသူဦးရေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပါတယ်။

ရှားတောမဲဆန္ဒနယ်အမှတ်(၂)မှာတော့ မဲဆန္ဒရှင်ဦးရေ ၁,၆၇၈ ဦး ရှိတာကြောင့် မဲဆန္ဒနယ်(၁)နဲ့
(၂)ကြားမှာ လူဦးရေ အချိုးအစား ခွဲထားတာဟာ တော်တော်လေး မညီမျှတာကို တွေ့ရပါတယ်။

ပိုပြီး အံ့ဩစရာကောင်းတာကတော့ ဒီလို ထူးခြားဖြစ်စဉ်မျိုးနဲ့ အနိုင်ရခဲ့တာ ဦးရဲဝင်း
တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

ရွေးကောက်ပွဲ တာဝန်ရှိသူတွေဟာ ကယားပြည်နယ်ရဲ့ မြို့နယ် ခုနစ်မြို့နယ်ကို
အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂ နေရာအတွက် ခွဲထုတ်ရာမှာ ထူးဆန်းတဲ့
ဆုံးဖြတ်ချက်တချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မဲဆန္ဒရှင် ၅,၅၆၄ ဦးရှိတဲ့ ဘောလခဲမြို့နယ်အတွက် အမျိုးသားလွှတ်တော်အမတ်နေရာ
တစ်နေရာရရှိပြီး မဲဆန္ဒရှင် ၁,၈၂၁ ဦးသာရှိတဲ့ ရှားတောမှာတော့ အမျိုးသားလွှတ်တော်
အမတ်နေရာ နှစ်နေရာ ရရှိခဲ့ပါတယ်။

ကယားပြည်နယ်က ဘာကြောင့် အရေးပါတာလဲ ကြီးမားတဲ့ မဲပေးမှုကွာဟချက်တွေရှိတဲ့
နိုင်ငံတစ်နိုင်ငံမှာ ဥပမာအားဖြင့် ချင်းပြည်နယ်က ပြည်သူ့လွှတ်တော် အမတ်နေရာတစ်ခုအတွက်
ပျမ်းမျှမဲပေးသူနှုန်းက ဧရာဝတီတိုင်းဒေသကြီးက အမတ်နေရာတစ်ခုအတွက် မဲပေးသူနှုန်းရဲ့
သုံးပုံတစ်ပုံ ဖြစ်ပါတယ်။ ဒါကြောင့် ကယားပြည်နယ်က နိုင်ကွက်ရမယ့် နေရာတစ်ခု
ဖြစ်နေပါတယ်။

ဘာကြောင့် ဒီလို မထင်မရှား ပြည်နယ်လေးဟာ အခုနောက်ပိုင်းမှာ တခြားပြည်နယ်နဲ့
တိုင်းဒေသကြီးတွေထက် သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုတွေ အများကြီး ရနေတယ်ဆိုတာကို
စဉ်းစားမိကြမှာပါ။

အခု ကယားပြည်နယ်နဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ နာမည်ကြီး
ကိုယ်စားလှယ်လောင်းနှစ်ဦး ၀င်ပြိုင်မယ့် ကိစ္စပါပဲ။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ဖြစ်ပါတယ်။

နှစ်ဦးစလုံးက သမ္မတဦးသိန်းစိန်နဲ့ ရင်းနှီးကြတဲ့ သူတွေပါ။

ဇူလိုင်လက ကယားပြည်နယ်မှာ သူတို့အတွက် အနိုင်ရဖို့သေချာတဲ့ အမတ်နေရာအတွက်
ဝင်ပြိုင်ဖို့ လျှောက်ထားရာမှာ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက
ပယ်ချခဲ့ပါတယ်။

ဩဂုတ်လ ၁၃ ရက်က သူရဦးရွှေမန်း ကို ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားခဲ့ပေမယ့် ဦးစိုးသိန်းနဲ့
ဦးအောင်မင်းတို့ဟာ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

၂၀၁၀ ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် အမတ်နေရာကို
ရရှိခဲ့တဲ့ ဦးစိုးသိန်းက ဘောလခဲမြို့နယ်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဦးအောင်မင်းကတော့ ရှားတောမြို့ နယ်ကနေ၊အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် နည်းတာတစ်ခုတည်းကတင် စိတ်ဝင်စားစရာ
ကောင်းတာ မဟုတ်ပါဘူး။

နောက်ထပ်တစ်ခုက မဲတွေကို ခေါက်မထားတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

မဲ ၆၀ ရာခိုင်နှုန်းလောက်က ကြိုတင်မဲတွေဖြစ်ပြီး ဒါဟာ တစ်နိုင်ငံလုံးရဲ့ ပျှမ်းမျှနှုန်းထား
၁၀ ရာခိုင်နှုန်းခန့်ရဲ့အထက်မှာ ရှိနေတာပါ။

အမတ်နေရာအားလုံးအတွက် မဲပေးသူအရေအတွက်ဟာ ရှားတောမှာ ၁,၈၂၁ ဦး၊
ဖရူဆိုမှာ ၁၀,၂၄၅ ဦးရှိပြီး အခြားအမတ်နေရာ အားလုံးနီးပါးမှာ မဲပေးသူအရေအတွက်က
၉၅ ရာခိုင်နှုန်းလောက်မှာ ရှိနေတာဟာ ၁၀၀ ရာခိုင်နှုန်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ကြိုတင်မဲ တွေဟာ ကယားပြည်နယ်မှာ အမတ်နေရာအားလုံး အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ
အတွက် အလွန်အကျွံအသာစီး ပေးထားတာပါ။

ကယားပြည်နယ်က ထွက်ပေါ်လာတဲ့ မဲစာရင်းတွေနဲ့ ပတ်သက်တဲ့ သတင်းတချို့ဟာ မဲရုံတွေမှာ
အကြံအဖန်တွေ လုပ်ထားတယ်ဆိုတာကို ဖော်ပြနေပါတယ်။

The Center for Peace and Conflict Studies ရဲ့ စောင့်ကြည့်ရေး အစီရင်ခံစာမှာ
မူမမှန်တာတွေနဲ့ မတော်မတရား လုပ်ထားတာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

လုံခြုံရေး အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ဘူးလို့ သတ်မှတ်ထားတဲ့
နယ်တွေမှာ ကြိုတင်မဲတွေ ပေးကြရပါတယ်။

မဲစာရင်းမှာ မပါတဲ့သူတွေ ထပ်ပြီး လျှောက်ထားကြတာမျိုး မရှိရအောင် တချို့သော ရွေးကောက်ပွဲ
တာဝန်ရှိသူတွေဟာ မဲစာရင်းတွေ မကြေညာကြပါဘူး။

ရွေးကောက်ပွဲနေ့မှာ ရောက်လာတဲ့ ကြိုတင်မဲအတော်များများဟာ "အရမ်းကို တူညီလွန်းနေတဲ့"
လက်မှတ်တွေနဲ့ ရောက်လာကြတာပါ။

တချို့ဝန်ထမ်းတွေဟာ တစ်ကြိမ်ထက် ပိုပြီး မဲပေးကြတယ်လို့လည်း ပြောကြပါတယ်။

"ခရီးကနေ ကျွန်တော်ပြန်ရောက်တော့ ကျွန်တော် မဲပေးလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
တစ်ယောက်ယောက်က မဲပေးထားလိုက်လို့ပါ။ သူက ဘယ်ပါတီကို မဲပေးလိုက်လဲတော့
ကျွန်တော်လည်း မသိလိုက်ရပါဘူး"ဆိုတဲ့ ကယားပြည်နယ်က ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို
၂၀၁၀ မြန်မာရွေးကောက်ပွဲဆိုင်ရာအစီရင်ခံစာ (Burma's 2010 Elections:
A comprehensive report) မှာ Burma Fund UN Office က ကိုးကားဖော်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ၂၀၁၀ လိုပဲ ဖြစ်ဦးမလား ကယားပြည်နယ်မှာ ဒီနှစ်တော့
၂၀၁၀ ရွေးကောက်ပွဲကလို မဟုတ်တော့ဘဲ တော်တော်လေး ပြောင်းလဲလာပါတယ်။

အဓိက အပြောင်းအလဲတစ်ရပ်ကတော့ ပြိုင်ဆိုင်မှုအနေအထားပါ။

ပြီးခဲ့တဲ့ငါးနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုရင် ကယားပြည်နယ်မှာ ရွေးကောက်ပွဲဝင်တဲ့
ပါတီက သုံးခုလောက်ပဲ ရှိပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဓိကပြိုင်ဘက်ပါတီကတော့ တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးပါတီပါ။

ကယန်းအမျိုးသားပါတီကတော့ သူ့ရဲ့ အမတ်လောင်းခြောက်ဦးကို ရွေးကောက်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်စေခဲ့ပါတယ်။

ဒီတစ်ခေါက် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးပါတီနဲ့ ဒေသခံ နိုင်ငံရေးပါတီသုံးခု အပါအ၀င် နိုင်ငံရေးပါတီ ၁၁ ခု က
အမတ်လောင်း ၂၂၅ ဦး ယှဉ်ပြိုင်ကြမှာပါ။

မဲဆန္ဒရှင်အရေအတွက်ကလည်း တချို့မြို့နယ်တွေမှာ သိသိသာသာကြီး များလာပါတယ်။

ဒါကြောင့် မဲရလဒ်တွေကို အကြံအဖန်လုပ်ဖို့ သိပ်မလွယ်တော့ပါဘူး။

ရှားတောမှာဆိုရင် မဲဆန္ဒရှင်အရေအတွက်ဟာ ၃,၉၂၈ ဦးရေအထိ ၁၁၅ ရာခိုင်နှုန်း
မြင့်တက်လာခဲ့ပါတယ်။

ဖာဆောင်းမှာတော့ ၅၉ ရာခိုင်နှုန်းနဲ့ ဒီမောဆိုမှာ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ဘာကြောင့် မဲဆန္ဒရှင်အရေအတွက် မြင့်တက်လာရတာလဲကိုတော့ မသိကြပါဘူး။

ဒီနှစ်ရွေးကောက်ပွဲမှာတော့ စိစစ်မှုတွေဟာ ၂၀၁၀ ကထက် ပိုရှိလာပါတယ်။

Center for Peace and Conflict Studies ရဲ့ ၅၇ ဦးပါ စောင့်ကြည့်ရေးအဖွဲ့ဟာ
၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် ပုန်းလျှိုးကွယ်လျှိုးနဲ့ စောင့်ကြည့်မှုတွေကို ပြုလုပ်ခဲ့ကြရပါတယ်။

ရွေးကောက်ပွဲက မမှန်မကန်မှုနဲ့ ပတ်သက်တဲ့ မီဒီယာဖော်ပြချက်တွေဟာ
ဆင်ဆာဖြတ်တောက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်ကို ရန်ကုန်၊ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တိုင်းရင်းသားပြည်နယ်ကြီးတွေနဲ့
ယှဉ်ရင် ရွေးကောက်ပွဲ အဆုံးအဖြတ်အတွက် သာမန်မဲဆန္ဒနယ်တစ်ခုအဖြစ်
သတ်မှတ်ခဲ့ကြပါတယ်။

ဒီတစ်ကြိမ်တော့ ကယားပြည်နယ်မှာ အဓိကပါတီက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်မှာ
ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တစ်ခု ဖြစ်လာပါပြီ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ မဲဆွယ်မှုမတိုင်ခင် ပြုလုပ်တဲ့
ဆောင်ရွက်ချက်တွေဖြစ်တဲ့အတွက် အဲဒါတွေကို မဲဆွယ်ရေးအသုံးစရိတ် ကျပ် သိန်း ၁၀၀
သတ်မှတ်ချက်ထဲမှာ ထည့်မပေါင်းဘူးလို့ ပြောပေမယ့်လည်း ဦးစိုးသိန်းကို မဲဝယ်တယ်လို့
စွပ်စွဲထားတာတွေလည်း ရှိပါတယ်။

၁၈ နဲ့ ၁၉ ရာစုတွေမှာ အင်္ဂလန်နိုင်ငံရဲ့အရေးပါတဲ့ မဲဆန္ဒနယ်တွေရှိပါတယ်။

အဲဒီမဲဆန္ဒနယ်တွေမှာ လူဦးရေနည်းပေမယ့် ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့
အနေအထားဟာ တခြားလူဦးရေများတဲ့ မဲဆန္ဒနယ်တွေနဲ့ အတူတူပါပဲ။

ဒါကြောင့် ဒီမဲဆန္ဒနယ်ငယ်လေးတွေဟာ အလေးထားထိုက်တဲ့ နေရာတွေပါ။

ကယားပြည်နယ်ဟာလည်း အဲဒီလို မဲဆန္ဒနယ်မျိုးပါ။

ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရရှိရေးဟာ အခက်အခဲတစ်ရပ်အဖြစ် ရှိနေဦးမှာပါ။

မဲဝယ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်နေတာကြောင့် အခုအချိန်မှာ ရေငုံနှုတ်ပိတ်
နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်ရနေတဲ့ မီဒီယာတွေဟာ
ကယားပြည်နယ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အဓိက အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ ပတ်သက်ပြီး
သိသိသာသာ ဖော်ပြလာကြပါတယ်။

ဒါတွေနဲ့ ပတ်သက်တဲ့ သတင်းမျိုးတွေကို လာမယ့်သတင်းပတ်တွေမှာလည်း ပိုပိုပြီး
တွေ့ကြရဖို့ရှိပါတယ်။

Eleven Media ဟာ အောက်တိုဘာ ၂၀ ရက်မှာ "ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ၊
အင်န်ဂျီအိုတွေ၊ မီဒီယာနဲ့ ပြည်သူတွေအတွက်" ထူးထူးခြားခြား စာတစ်စောင် ပေးပို့ထားပါတယ်။

စာထဲမှာတော့ "မဲအလိမ်မခံရအောင် အထူး သတိထားစောင့်ကြည့်ရမယ့် မြို့နယ် ၈၃ မြို့နယ်"ကို
ဖော်ပြထားပါတယ်။ ကယားပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်စလုံး ဒီစာရင်းမှာ ပါဝင်ပါတယ်။

ဒီအခြေအနေကို သိသာထင်ရှားစေဖို့အတွင် Eleven သတင်းစာက "ကယားပြည်နယ်ကို
ဂရုတစိုက် စောင့်ကြည့်ရမယ်"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်လည်း ဖော်ပြထားပါတယ်။

မီဒီယာတွေအပြင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ ကယားပြည်နယ် အတွင်းမှာ
တက်တက်ကြွကြွ ရှိနှင့်နေကြပါပြီ။

မဲတွေကို စောင့်ကြည့်ဖို့အတွက် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ မဲရုံတစ်ရုံမှာ
ကိုယ်စားလှယ်နှစ်ဦး ချထားနိုင်တာကြောင့် နိုင်ငံရေးပါတီအရေအတွက် ခပ်များများ
ပါဝင်ယှဉ်ပြိုင်ကြတာဟာ မဲတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့ အကျိုးသက်ရောက်မှု တစ်ခုခုတော့
ရှိစေမှာပါ။

မဲတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အကျိုးသက်ရောက်မှုအားလုံးကိုတော့ အသေအချာ မသိနိုင်ပါဘူး။

ဒါပေမဲ့ ကယားပြည်နယ်ရဲ့ နည်းပါးတဲ့ လူဦးရေနဲ့ အထူးသဖြင့် ကွာခြားမှု များလွန်းတဲ့ လူဦးရေ
ဖြန့်ကြက်တည်ရှိမှုတွေကြောင့် မဲဆန္ဒနယ်တွေကို ပြန်ပြီး မသတ်မှတ်ဘူးဆိုရင် မဲအနိုင်အရှုံးရလဒ်
အဆုံးအဖြတ်အတွက် အခက်အခဲ ဖြစ်နိုင်ဖွယ်ရာ ရှိပါတယ်။

သန်းခေါင်စာရင်းအရ လွိုင်ကော်မှာ လူဦးရေ ၁၂၈,၄၀၁ ဦးရှိပြီး မဲ့စဲ့မြို့နယ်မှာတော့ ၆,၃၀၁ ဦးပဲ
ရှိပါတယ်။

မဲဆန္ဒနယ် ပြန်လည်သတ်မှတ်ဖို့က အခက်အခဲရှိတဲ့အတွက် ကယားပြည်နယ်ရဲ့ ရွေးကောက်ပွဲ
မြေပုံဟာ ရှေ့လာမယ့် နှစ်တွေမှာလည်း အခုအတိုင်း မပြောင်းမလဲ ဆက်ပြီး တည်ရှိနေဖွယ်ရာ
ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ စိစစ်စောင့်ကြည့်မှုတွေ ပိုမိုရှိလာပြီဖြစ်တဲ့အတွက်
၂၀၁၀ ရွေးကောက်ပွဲတုန်းကလို လက်တွေ့မကျတဲ့ရလဒ်မျိုး ထပ်ပြီးမြင်တွေ့ရဖို့
အလားအလာတော့ မရှိပါဘူး။

ဇာဇာစိုးနှင့် သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း