ကြားကာလ တည်ငြိမ်ရေး အရေးကြီးလာ

ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေးနှင့် ကြားကာလ တည်ငြိမ်ရေးသည် တိုင်းပြည်၏
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အရေးကြီးလာပြီဖြစ်သည်။

နိုင်ငံရေးအင်အားစုအားလုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲကို တနင်္ဂနွေနေ့က
အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

ရွေးကောက်ပွဲ၏ အနိုင်အရှုံးရလဒ် ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတိအကျ
မကြေညာနိုင်သေးသော်လည်း အတိုက်အခံပါတီ အင်န်အယ်လ်ဒီက လက်ရှိ အာဏာရ
ပြည်ခိုင်ဖြိုးပါတီကို အသာစီးရကာ အများစု အနိုင်ရမည့်အခြေအနေ ရှိနေသည်။

အပြောင်းအလဲကို လိုလားနေသည့် လူထုက အင်န်အယ်လ်ဒီပါတီကို ယုံကြည်မှု အပြည့်ဖြင့်
တည်ငြိမ်စွာ မဲပေးခဲ့ကြသည်။

သို့သော် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်ဖြင့် အပြောင်းအလဲကို လက်တွေ့
အကောင်အထည်ဖော်နိုင်ရန် မ၀ံ့မရဲ၊ သံသယ ရှိနေဆဲပင်။

ယင်းသံသယများကြောင့် ဒီမိုကရေစီ အင်အားစုများ အနိုင်ရသော်လည်း လူထုက ပြည့်ပြည့်၀၀
မပျော်နိုင်သေးပေ။

အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့သည့်အဖြစ်မျိုး ပြန်မြင်တွေ့ရမည်ကို
လူထုက စိုးရိမ်ပူပန်နေဆဲပင် ဖြစ်သည်။

အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကတော့ ယနေ့ အခြေအနေသည်
၁၉၉၀ အခြေအနေနှင့် မတူတော့သည့်အတွက် ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲ ရလဒ်ကို
အသိအမှတ်မပြုတာမျိုး ဖြစ်မလာနိုင်ဘူးဟု ပြောဆိုထားသည်။

သို့သော် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် လူထုကို
တည်ငြိမ်မှုရှိပြီး သတိထားကြရန် ပြောကြားခဲ့သည်။

"အခု တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက် အတွင်းမှာ ကျွန်မတို့ ရွေးကောက်ပွဲရလဒ်တွေဟာ
ဘယ်လို ရှိမလဲဆိုတာ အသေအချာ အတိအကျ ပြည်သူလူထုက တရားဝင် သိရမှာပါ။
ပြည်သူအားလုံးဟာ သတိအများကြီးရှိဖို့ လိုတယ်ဆိုတာ ကျွန်မတို့ပြည်သူတွေ သိပြီးသားလို့
ကျွန်မထင်ပါတယ်။ သတိဆိုတာ လွန်ကဲတယ်လို့ မရှိနိုင်ပါဘူး။ ကျွန်မတို့ သတိနဲ့ ရှေ့လမ်းကို
လျှောက်ရမှာပါ "ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတိပေးခဲ့သလို ပါတီက
အနိုင်ရအမတ်လောင်းများကိုလည်း အောင်ပွဲမခံရန် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေးအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း တိုင်းပြည်ကို
အဓိက ဦးဆောင်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဒီမိုကရေစီနည်းကျ လူထု၏ ရွေးချယ်မှုကို အသိအမှတ်ပြုမည်
ဖြစ်ကြောင်း ပြောကြားထားသည်။

"ဘယ်သူလုပ်လုပ် တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ကြတာပဲ။ နိုင်တဲ့သူကို လက်ခံရမှာပေါ့"ဟု
သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲနေ့ ဇမ္ဗူသီရိမြို့နယ်တွင် မဲလာထည့်စဉ် ပြောကြားခဲ့သည်။

၎င်းအပြင် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ အနိုင်ရပါက လက်ခံမည်လားဟု
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးမြန်းရာတွင်
"လက်ခံရမှာပေါ့။ ဘာလို့ လက်မခံနိုင်ရမှာလဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ အစိုးရ သစ်မဖွဲ့မီ ကြားကာလ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားပါက အုပ်ချုပ်ရေး
အဖွဲ့အစည်းများကသာ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်မှသာ တပ်မတော်က
ပါဝင်ဆောင်ရွက်မည်ဟု နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။

ပြည်တွင်းနိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ရွေးကောက်ပွဲရလဒ်များကို
နိုင်ငံ့ခေါင်းဆောင်များ ကတိပေးထားချက်အတိုင်း လက်ခံအသိအမှတ်ပြုလိမ့်မည်ဟု
ယုံကြည်ထားသည်။

အကယ်၍ ရလဒ်ကို ငြင်းဆန်ပါက အပြောင်းအလဲအပေါ် ယုံကြည် မျှော်လင့်ထားသော လူထု၏
ဒေါသများက တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်စေပြီး လက်ရှိ ရရှိထားသော နိုင်ငံတကာ၏
အားပေးထောက်ခံမှုလည်း ရပ်တန့်သွားမည်ဖြစ်သည်။

"ရွေးကောက်ပွဲ ရလဒ်ဟာ မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုသလို ပြည်သူလူထုရဲ့ ဆန္ဒနဲ့လည်း
တစ်ထပ်တည်းကျဖို့ လိုတယ်။ အဲဒီရလဒ်ကို လက်ရှိအစိုးရနဲ့ လွှတ်တော်တွေအနေနဲ့
အသိအမှတ်ပြုဖို့ လိုအပ်သလို စနစ်တကျ အာဏာ လွှဲပြောင်းဖို့လည်း အဓိကကျတယ်လို့
မြင်တယ်။ အာဏာလွှဲပြောင်းရေး အဖုအထစ်တွေ ရှိခဲ့ရင်၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့
ငြင်းဆန်ရင် တိုင်းပြည်အတွက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်"ဟု မြန်မာနိုင်ငံရေး ဆောင်းပါးများကို
ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

သို့သော် ရလဒ်ကို အသိအမှတ်ပြုပြီးနောက် ကြားကာလတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းစွာ
အာဏာလွဲပြောင်းရေးမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပေါ်တွင်
အဓိက မူတည်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

လက်ရှိအခြေအနေအရ အင်န်အယ်လ်ဒီ က တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့နိုင်သည့်
အခြေအနေရှိသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်တွင်
ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စဉ်းစားနိုင်ဖွယ်ရှိကြောင်း
မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ရှိ အမတ်နေရာ ၆၆၄ နေရာတွင် အင်န်အယ်လ်ဒီပါတီက အမတ်နေရာ
၃၃၀ အနိုင်ရရှိပါက အစိုးရဖွဲ့ နိုင်မည်ဖြစ်သည်။

သို့သော် လတ်တလော ရလဒ်ကိန်းဂဏန်းများက အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့် ၃၃၀ နေရာထက်
အင်န်အယ်လ်ဒီ က အနိုင်ရမည့်အလားအလာ ရှိနေသည်။

ပါတီက တာဝန်ရှိသူများကမူ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရမည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောထားချက်အတိုင်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သည့်
အစိုးရပုံစံ ဖြစ်ပါက အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ တပ်မတော်နှင့် တိုင်းရင်းသားများအားလုံး
ပါဝင်နိုင်သည့် ပုံစံမျိုးကို ရွေးကောက်ပွဲအလွန်တွင် မြင်တွေ့ရနိုင်မည်ဟု နိုင်ငံရေး
လေ့သာသုံးသပ်သူများက ခန့်မှန်းထားသည်။

"အပြတ်အသတ် နိုင်ရင်တောင် တပ်မတော်၊ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားအင်အားစုတွေ ပါဝင်မယ့်
အမျိုးသားရင်ကြားစေ့ရေး ညွန့်ပေါင်းအစိုးရကိုဖွဲ့ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနိုင်တယ်"ဟု
ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း