မြစ်ရေတိုက်စား ကမ်းပါးပြိုမှုကြောင့် မြေနုကျွန်း တောင်သူများ အခက်တွေ့

ပခုက္ကူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၂၀၁၁ ခုနှစ်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေခြင်းကို တွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ပခုက္ကူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၂၀၁၁ ခုနှစ်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေခြင်းကို တွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုများကြောင့် မင်းဘူးမြို့နှင့် မကွေးမြို့အကြားရှိ
ဧရာဝတီမြစ်လယ်မှ မြေနုကျွန်းများတွင် စိုက်ပျိုးမြေ လျော့နည်းလာသည့်ပြဿနာဖြင့်
ရင်ဆိုင်နေကြရသည်။

ဧရာဝတီမြစ်ရေကျချိန်တွင် နှမ်းနှင့်အခြား သီးနှံများကို နှစ်စဉ် စိုက်ပျိုးလေ့ရှိသော မြေနုကျွန်းသည်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် မင်းဘူးမြို့အကြားတွင် တည်ရှိပြီး မင်းဘူးမြို့ အမှတ် ၃
ရပ်ကွက်အပိုင်အဖြစ် သတ်မှတ်ထားသည်။

"အခု ကမ်းပါးတွေက တောက်လျှောက် ပြိုနေတာ။ အရင်ကထက် လေး၊ ငါးဆမကကို ပြိုတယ်။
ရေစီးကလည်း ဦးတိုက်တာ အရင်နှစ်တွေကလို မဟုတ်တော့ဘူး။ စိုက်စရာမြေလည်း
ရှားလာပြီ" ဟု အဆိုပါ မြေနုကျွန်းမှ တောင်သူ ဦးခင်ဝင်းက ပြောသည်။

ဧရာဝတီမြစ်ရေစီးကြောင်းသည် ယခင်နှစ်များက မကွေးမြို့ဘက်သို့ ဦးတည် စီးဆင်းခဲ့ပြီး ယခုနှစ်မှ
စတင်၍ မင်းဘူးမြို့ဘက်သို့ ဦးတည် စီးဆင်းနေသည်ဟု ရေအရင်းအမြစ်နှင့် မြစ်ကြောင်း
ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကျောက်စရစ်တူးတာတွေ၊ သဲစုပ်တာတွေကြောင့်လည်း ပါမယ်ထင်တယ်။ ကျောက်ကလည်း
ဒီနားက ကောင်းတော့ ကျောက်စရစ်နဲ့ သဲကို ဒီနားတစ်ဝိုက် စုပ်ကြတယ်"ဟု မြေနုကျွန်းပေါ်တွင်
နှစ်စဉ် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်ခဲ့သည့် ဒေါ်သောင်းမြင့်က ပြောသည်။

ဧရာဝတီမြစ်အတွင်းမှ ကျောက်စရစ် ထုတ်လုပ်ငန်းနှင့် သဲထုတ်လုပ်မှုများကြောင့်
ကမ်းပါးပြိုခြင်းများမှာ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်သောင်းမြင့်က မှတ်ချက်ပေးခဲ့ပြီး
ဒေသခံအတော်များများကတော့ ဇူလိုင်လနှင့် ဩဂုတ်လများက ဖြစ်ပွားခဲ့သည့်
မြစ်ရေကြီးမှုများကြောင့်လည်း ပိုမိုဆိုးရွားသည့် ကမ်းပါးပြိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု
ယူဆကြသည်။

မင်းဘူးမြို့နှင့် မကွေးမြို့ကြား ဧရာဝတီမြစ်တွင်းရှိ ကျွန်းမကြီးသည် ၁၉၈၆ ခုနှစ်၌ စတင်
ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျွန်းမကြီးပေါ်တွင် ယခင်နှစ်များက တောင်သူ ၉၃ ဦး
စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပြီး ယခုနှစ်တွင် ကမ်းပါးပြိုမှုများကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့သဖြင့်
တောင်သူ ၃၈ ဦးသာ စိုက်ပျိုးရေး လုပ်ကိုင်နိုင်ခဲ့ကြကြောင်း ဒေသခံတောင်သူတို့က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း