အမျိုးသားရေးနှင့် ဒီမိုကရေစီအရေး ကိစ္စများတွင် သွေဖည်လာပါက ထောက်ပြသွားမည်ဟု ဦးသိန်းညွန့်ဆို

ဦးသိန်းညွန့်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ဦးသိန်းညွန့်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က အနိုင်ရပါတီ၏ အသစ် ပြောင်းလဲဖွဲ့စည်းမည့်
အစိုးရကို စောင့်ကြည့်ကာ အမျိုးသားရေးနှင့် ဒီမိုကရေစီအရေး ကိစ္စများတွင် သွေဖည်လာပါက
ဆန့်ကျင် ထောက်ပြသွားမည်ဟု နိုဝင်ဘာ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်
အဆောက်အအုံအတွင်း မြန်မာတိုင်း(မ်)သို့ ပြောသည်။

"လွှတ်တော် ပြင်ပနိုင်ငံရေးကနေ ဆောင်ရွက်နိုင်ရင် အာဏာရအစိုးရကို တိုင်းပြည်နဲ့ ပတ်သက်လို့
ကောင်းလာရင် ထောက်ခံမယ်။ အမျိုးသားရေးအရ သွေဖည်ရင်၊ ဒီမိုကရေစီရေးအရ သွေဖည်ရင်
ဝေဖန်ထောက် ပြဆန့်ကျင်သွားမယ်"ဟု ဦးသိန်းညွန့်က ၂၀၁၆ ခုနှစ်တွင် နိုင်ငံရေးလောကအတွင်း
၎င်းဆောင်ရွက်မည့်ကိစ္စများကို အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့ပါတီက မြန်မာနိုင်ငံတွင်းရှိ ပါတီဝင်မဟုတ်သည့် နိုင်ငံရေးအင်အားစုများကို
ဖိတ်ခေါ်ကာ ယခုထက်ပိုမိုကျစ်လျစ်ပြီး စည်းမျဉ်းစည်းကမ်းခိုင်မာသည့် နိုင်ငံရေးအဖွဲ့အစည်းအသစ်
ထူထောင်ရန် စီစဉ်နေပြီဟုဆိုသည်။

"ဒီလွှတ်တော်ပြီးတာနဲ့ အင်န်အယ်လ်ဒီ လည်းမဟုတ်၊ ကြံ့ခိုင်ရေးလည်း မဟုတ်တဲ့ အင်အားစုပေါ့။
တတိယအင်အားစုဖွဲ့စည်း ဆောင်ရွက်ဖို့ သဘောထားပေးလိုက်တယ်။ ဒေါက်တာညိုညိုသင်း
တို့ကလည်း စည်းမျဉ်း စည်းကမ်းခိုင်မာရင် သူတို့ပါ ပါဝင်မယ်လို့ ပြောတာတွေကြားရတယ်။
ကိုယ့်ပါတီကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်မယ်။ နိုင်ငံရေးပါတီ အသီးသီးပါပြီးတော့
တစ်သီးပုဂ္ဂလတွေလည်းပါလို့ရတဲ့ အပေါင်းအစုတစ်ခုဖွဲ့ဖို့ စီစဉ်ထားပါတယ်"ဟု လက်ရှိ
ကျင်းပနေသည့် ပထမအကြိမ်လွှတ်တော် သက်တမ်းအပြီး ၎င်းဆောင်ရွက်မည့် အစီအစဉ်များနှင့်
စပ်လျဉ်း၍ပြောကြားသည်။

ဆက်လက်၍ ၎င်းရှုံးနိမ့်ခဲ့ရသည့် ၂၀၁၅ ခု ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍
ဦးသိန်းညွန့်က "နိုဝင်ဘာ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး
မဲဆွယ်စည်းရုံးရေးဟာ သင်္ဃန်းကျွန်း ဗူးဘုရားမှာ လာလုပ်တယ်။ ဒီမှာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုဟာ
ကျွန်တော့်ကို အပြုတ်တိုက်ဖို့ လုပ်တယ်ဆိုတာ တွက်ပြီးသားပါ။ အဲဒါကြောင့် ဒီအချိန်မှာ လူထုကို
အလုပ်လုပ်တဲ့ လူကိုယူမလား မျှော်လင့်ချက်ပေးတဲ့သူကို ယူမလား ရွေးဖို့ပြောပြီး လုပ်ခဲ့တာပါ။
နောင်ဆိုရင် သင်္ဃန်းကျွန်းလူထုအတွက် သူတို့ရဲ့ရွေးချယ်မှုအပေါ်မှာ ပြန်သုံးသပ်နိုင်အောင်
သဘောထားကိုပြောခဲ့တာ ဖြစ်ပါတယ်။ အခုဟာကအတိတ်က အုပ်ချုပ်သူတွေက
ခံစားချက်နဲ့ ပေးတဲ့ပွဲပဲ။ အလုပ်လုပ်တဲ့သူတွေကတော့ အဖြားခတ်ခံရတာပေါ့။
တစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်သဘောထား၊ အနုပညာသမားတွေ အပါအ၀င်၊
မီဒီယာတချို့ရဲ့ တစ်ဖက်စောင်းနင်း ဘက်လိုက်မှု၊ အခြေခံလူတန်းစားတွေကို အသုံးချသွားတာ
ဒါတွေအားလုံးပေါင်းလိုက်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ တတိယအဆင့်က
လိုက်နိုင်တယ်ဆိုတာတောင် အရှုံးထဲက အမြတ်ပေါ့" ဟုပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း