မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအတွက် ပညာရေးစင်တာများ ရပ်တည်ရန် အခက်အခဲရှိ

မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုတစ်စု၏ အိမ်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ခင်ဝိုင်းဖြူဖြူ/မြန်မာတိုင်း(မ်)မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုတစ်စု၏ အိမ်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ခင်ဝိုင်းဖြူဖြူ/မြန်မာတိုင်း(မ်)

မြန်မာ့ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများပညာရေးအတွက် ဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံ
မဲဆောက်မြို့ရှိ ပညာသင်ကျောင်းအများစုမှာ အလှူရှင်နည်းပါးလာပြီး ရပ်တည်ရေးအတွက်
အခက်အခဲရှိလာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ
(Burmese Migrant Worker's Education Committee) ဥက္ကဋ္ဌ နော်ဖောရေက
မြန်မာတိုင်း(မ်)ကိုပြောသည်။

အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ တံခါးဖွင့်ဝါဒကို ကျင့်သုံး
လာသည့်အတွက် ပြည်ပအလှူရှင်များက တကယ်လိုအပ်နေသည့် မြန်မာပြည်အတွင်းသို့
ရွှေ့ပြောင်းပံ့ပိုးမှုများ ပြုလုပ်လာကြသည်။

''မြန်မာပြည်မှာ ပိုလှူချင်ကြတယ်။အရင်ကတော့ မဲဆောက်က ဆိုးရွားနေတယ်၊
လိုအပ်ချက်တွေရှိနေတယ်ဆိုပြီးလှူကြတယ်။ အခုက ၁ဝ စုနှစ် ကျော်ကျော်လောက်
မဲဆောက်မှာလည်း ပရော့ဂျက်တွေ၊ အလှူရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီးပြီ။ မြန်မာပြည်က လည်း ပြောင်းလဲနေပြီဆိုတော့ ရွှေ့ပြောင်းလုပ်သားတွေပြန်မယ်လို့ အလှူရှင်တွေက
ထင်ကြတယ်။ ထိုင်းမှာ လ·ရတာကျတော့ ရွှေ့ပြောင်း လုပ်သားတွေအတွက် မြေကို နှစ်
၂ဝ နှစ် ၃ဝ ထိုင်းအစိုးရဆီက ငှားပြီး လုပ်ရတယ်။ သက်တမ်းကုန်သွားရင် လှူထားတာတွေက
ထိုင်းနိုင်ငံက ရမှာ၊ မြန်မာပြည်ထဲမှာလ·ရင် မြန်မာနိုင်ငံကပဲ ရမှာ။ ဒါတွေကို အလှူရှင် တွေက
အဓိကကြည့်တာ'' ဟု ဥက္ကဋ္ဌ နော်ဖောရေကဆိုသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အကြောင်း
အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမဲဆောက်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမားများ
အများအပြားနေထိုင်လာကြသည်။

ကလေးများလည်းပါလာကြသည်။

မဲဆောက်ရောက်မှ မွေးသည့်ကလေးများလည်း ရှိသည်။

“ထိုကလေးများမှာ မြန်မာ့ပညာရေးနှင့်ဆိုလျှင် အလှမ်းဝေးနေသည်။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်လာသည့်ဆရာ၊ ဆရာမများလည်းရွှေ့ပြောင်း
နေထိုင်သူများထဲတွင်ပါဝင်လာသည်။

''ဆရာတွေလည်းရှိနေတော့ ကလေးတွေအတွက် ပညာရေးတစ်ခုတော့ ရှိသင့်တယ်။

တစ်ချိန်ချိန်မှာ နိုင်ငံကြီးပြောင်းလဲလာရင် ဒီကလေးတွေ နိုင်ငံနဲ့ပြန်ပြီးချိတ်ဆက်နိုင်အောင်ဆိုပြီး
ကျောင်းကလေးတွေတည်ထောင် ဝိုင်းဝန်းကြရင်းက သင်ကြားရေးစင်တာလေးတွေ
ပေါ်လာတယ်။

ကိုယ်ပိုင်အစီအစဉ်လေးနဲ့ လုပ်ဆောင်ရာကနေ တဖြည်းဖြည်းနဲ့ ကျောင်းလေးတွေလည်း
ကြီးလာပြီး တစ်ကျောင်းနဲ့တစ်ကျောင်း အချိတ်အဆက်လည်း မိလာတယ်။

နောက်ပိုင်း (Burmese Migrant Worker's Education Committee) BMWEC
ဖွဲ့ပြီး ထိုင်းပညာရေးဝန်ကြီးဌာနဆီမှာ ရွှေ့ပြောင်းကျောင်းတွေရဲ့ အချက်အလက်တွေပေးပို့ပြီး
တွဲလုပ်တယ်။

နိုင်ငံခြားကဝင်လာတဲ့ အလှူရှင်တွေရဲ့ ပိုက်ဆံကိုဘယ်လိုသုံးလဲဆိုတာ မှတ်တမ်းမှတ်ရာတွေနဲ့
လုပ်ပေးတယ်။

အလှူရှင်ရှာပေးတယ်။

အရင်တုန်းက ၁၉၉ဝ ကနေ ၂ဝ၁၁ လောက်အထိကတော့ ပညာရေးနဲ့ လုံခြုံရေးသက်သက်ပဲ
ထိုင်းနဲ့ တွဲလုပ်တယ်။

အဲဒီအချိန်တုန်းကမြန်မာပြည်အစိုးရနဲ့ အချိတ်အဆက်မမိသေးဘူး။

ဒီကလူတွေကို အမည်းရောင်နယ်မြေကလာတဲ့ သူတွေပေါ့၊ သူတို့သတ်မှတ်ထားတာ။

ဒီမှာ ရှိတဲ့ခေါင်းဆောင် အတော်များများကလည်း မြန်မာပြည်ရဲ့ နာမည်ပျက်စာရင်းထဲဝင်ထား
တယ်လေ။

မြန်မာပြည်ပညာရေးနဲ့ လုံးဝအချိတ်အဆက်မမိဘူး၊ သူတို့လည်းလုံးဝလျစ်လျူရှုထားတဲ့သဘော
ရှိတယ်'' ဟု အဆိုပါအဖွဲ့မှ ကျောင်းဆရာ ဦးသန်းထွန်းက ရှင်းလင်းပြောပြသည်။

ယင်းအဖွဲ့အစည်းက ၂ဝ၁၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် စတင်ချိတ်ဆက်ပြီး အပြင်ဖြေ
စာမေးပွဲဖြေဆိုကာ အသိအမှတ်ပြုမှု တစ်ခုရအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးတန်း၊ ရှစ်တန်း၊ ၁ဝ တန်းများကို အစိုးရက အပြင်ဖြေ ဖြေဆိုခွင့်ပြုကာ အတန်းဆက်လက်
တက်ရောက်ပညာသင်ကြားခွင့်ရခဲ့သည်။

ယခင်က ကမ္ဘာ့ပညာရေးအဖွဲ့အစည်းက သင်ရိုးညွှန်းတမ်းအပါအဝင် ကရင်ပညာရေးဌာနမှ
သင်ရိုးညွှန်းတမ်း၊ မြန်မာပြည် ပညာရေး သင်ရိုးညွှန်းတမ်းများကို ရောထွေးလျက်အသုံးပြုခဲ့သည်။

''မြန်မာအစိုးရ အသိအမှတ်ပြုပြီးနောက်ပိုင်းမှာတော့ မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း
စာမေးပွဲဖြေရမယ့် ကျောင်းသားတွေကို သင်ပေးနေတယ်။

အကုန်လုံးပြောင်းဖို့ကတော့ ကြိုးစားနေရတုန်းပဲ။ ဆယ်စုနှစ်တစ်ခုစာလောက် သင်ကြားမှု
ပုံစံဆိုတော့ တချို့ပြောင်းလို့မရသေးတာလည်း ရှိတာပေါ့''ဟု ဦးသန်းထွန်းက ဆက်လက်
ရှင်းပြသည်။

လက်ရှိမှာတော့ မဲဆောက်က အပြင်ဖြေစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ပညာရေးဆက်လက်
သင်ကြားခွင့်ရသည့် ကျောင်းသားကျောင်းသူများကို ဓမ္မဒူတပညာရေးဖောင်ဒေးရှင်းကဲ့သို့
အလှူရှင်များက ဝိုင်းဝန်းပံ့ပိုးမှုများနှင့် တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ ၈ဝ
ကျော်ရှိကြောင်း သိရသည်။

မဲဆောက်ရွှေ့ပြောင်းလုပ်သား ပညာရေးစင်တာများတွင် သင်ကြားသူကျောင်းသား
ကျောင်းသူပေါင်း သောင်းဂဏန်းခန့်ရှိသော်လည်း အမှန်တကယ် စာသင်နှစ် ဆုံးခန်းတိုင်သူ
များစွာ နည်းပါးလျက်ရှိကြောင်းလည်း သိရသည်။

ကျောင်းဖွင့်စတွင် မိုးရာသီဖြစ်သောကြောင့် လုပ်ငန်းရာသီပါးချိန်တွင် စာသင်ခန်းတိုင်း
ကျောင်းသားများပြည့်နေသည်ဟု ဆရာဦးသန်းထွန်းကဆိုသည်။

အလုပ်ပေါချိန် ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံထဲ၌တင် တစ်နေရာမှ တစ်နေရာရွှေ့ပြောင်း
လုပ်ကိုင်နေကြရသောကြောင့်မိဘသွားရာ သားသမီးပါ လိုက်ပါရွှေ့ပြောင်းရင်း
အတန်းမတင်နိုင်ကြခြင်းဖြစ်ည်။

''အခုက မြန်မာပြည်အစိုးရနဲ့ ချိတ်မိတော့ ကျောင်းသားတွေကတော့ စာရင်းပေါက်နေပြီ။
မဲဆောက်က ကျောင်းသားဘယ်နှဦး စာလာဖြေမယ်ဆိုတာမျိုးပေါ့။ ဆရာတွေမှာတော့
ခက်ခဲနေတုန်းပဲ။ ဒီမှာသင်နေတဲ့ ဆရာတွေက အစိုးရက ခန့်ထားတာမဟုတ်ဘူး၊ကိုယ်
ထူကိုယ်ထအလ·ရှင်တွေရဲ့ ငွေကြေးနဲ့ ရပ်တည်နေရတာ။ ဆရာ၊ ဆရာမ တစ်ဦးကို
ဘတ် ၄,၅ဝဝ၊ ၃,၅ဝဝ အကြမ်းဖျဉ်း သတ်မှတ်ပေမယ့် တကယ်က မပေးနိုင်ဘူး၊ ၂,ဝဝဝလောက်ပဲ
ရကြတယ်။ နှစ်စဉ်နှစ်တိုင်း ပင်တိုင်အလ·ရှင်တွေနဲ့ အလ·ရှင်ရှာပေးတဲ့ ကော်မတီကို
ဘတ်ဂျက်တွက်ချက်ပြီး တင်ပြပေမယ့် လုံလောက်အောင်မရပါဘူး။ တချို့ကျောင်းတွေဆို
ဆရာကြေး ပေးတောင်မပေးနိုင်တော့ဘူး'' ဟု ဆရာမကြီးနော်ဖောရေက ပြောသည်။

မဲဆောက်တွင် BMWEC က တည်ထောင်ထားသည့် ကျောင်းပေါင်း ၂၆ ကျောင်းရှိနေပြီး ရှစ်ကျောင်းမှာ
ပြည့်စုံလုံလောက်သည့် ထောက်ပံ့မှု မရရှိကြောင်းသိရသည်။

မြန်မာအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ယခုထက်ပိုပြီး ထဲထဲဝင်ဝင်
ဆောင်ရွက်စေချင်ကြောင်းနှင့် အစိုးရခေတ်အဆက်ဆက် လျစ်လျူရှုခံထားရပြီး
လက်ရှိအစိုးရလက်ထက်၌မူ လုပ်ဆောင်ပေးမှုအချို့ရှိလာကြောင်း၊ ပညာရေးပိုင်း
ချိတ်ဆက်ဆောင်ရွက်စေနိုင်မှုကလည်း ရွှေ့ပြောင်းလုပ်သားများ၏
အနာဂတ်အတွက် အပြောင်းအလဲကောင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နောက်တက်မည့်
အစိုးရကလည်း မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အရေးကို ယခုထက် ပိုမိုကောင်းမွန်အောင်
ဆောင်ရွက်ပေးရန်လိုကြောင်း BMWEC ဆရာ၊ ဆရာမများက မျှော်လင့်နေကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း