ဆရာမနှစ်ဦး အသတ်ခံရမှု အစိုးရသစ် ဖော်ထုတ်ပေးမည်

ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးသေဆုံးမှု တစ်နှစ်ပြည့် လွမ်းဆွတ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ကျင်းပရာ တက်ရောက်သူများကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးသေဆုံးမှု တစ်နှစ်ပြည့် လွမ်းဆွတ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ကျင်းပရာ တက်ရောက်သူများကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ပြီးခဲ့သည့်နှစ် ဇန်န၀ါရီ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်
ကောင်းခါးရွာက ကချင်စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် အမှုမှာ
တစ်နှစ်ပြည့်သည်တိုင် သဲလွန်စပင် မဖော်ထုတ်နိုင်သေးသည့်အတွက် အစိုးရသစ်လက်ထက်၌
ဆက်လက်ဖော်ထုတ်ပေးသွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူဆန်နာလှလှစိုးက
မြန်မာတိုင်း(မ်)ကိုပြောသည်။

"ဘာလို့ တရားခံမပေါ်သေးလဲဆိုတော့ တရားဥပဒေစိုးမိုးခြင်း မရှိသေးလို့။ အန်တီတို့
အင်န်အယ်လ်ဒီက အစိုးရသစ်တက်ရင် တရားဥပဒေစိုးမိုးမှုဆိုတာကို အဓိက လုပ်ဖို့အတွက်
ကတိက၀တ်တွေပြုထားတယ်။ တရားဥပဒေဘောင်ကို တည်ဆောက်ရမယ်။ ပြီးလို့ရှိရင် ဒီကိစ္စကို
တရားဥပဒေအရ ဆက်လက်လုပ်ဆောင်သွားရမှာပါ"ဟု ၎င်းက ပြောသည်။

အမှု စုံစမ်းစစ်ဆေးရေးအတွက် မူဆယ်မြို့နယ်ရဲမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မုံးပေါ်ပြည်သူ့စစ်အဖွဲ့၊
ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရဲမှူးတို့ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့တိုင်
စုံစမ်းစစ်ဆေးလျက် ရှိနေသော်လည်း တစ်စုံတစ်ရာ မဖော်ထုတ်နိုင်ခြင်းကို ကချင်နှစ်ခြင်းခရစ်ယာန်
အသင်းချုပ် (ကေဘီစီ)က စိုးရိမ်လျက်ရှိနေသည်။

ကေဘီစီ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးဆမ်ဆွမ်က အင်န်အယ်လ်ဒီအနေဖြင့်
ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်
အနိုင်ရခဲ့သောကြောင့် ယခုအမှုအတွက် အင်န်အယ်လ်ဒီကို ဆက်လက် ချဉ်းကပ်သွားမည်ဟု
ဇန်န၀ါရီ ၁၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၃)
တပ်မတော်စစ်ကြောင်းက မှုခင်းဖြစ်ပွားသည့် နေရာနှင့် ကိုက် ၁၀၀ ခန့်အကွာတွင်သာ
ရှိနေသောကြောင့် ကေဘီစီ၊ ကောင်းခါးရွာသူရွာသားများနှင့် အခြားသော ကချင်အဖွဲ့အစည်းများက
အဆိုပါ စစ်ကြောင်းမှ စစ်ကြောင်းမှူးနှင့် တပ်သားများကို သံသယဖြစ်လျက် ရှိနေကြသည်။

"အခုအစိုးရအဖွဲ့က တပ်မတော်အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိတဲ့အတွက် တပ်နဲ့ဖြစ်တဲ့ ပြဿနာတိုင်း
တရားဥပဒေစိုးမိုးမှုက အရမ်းကို အားနည်းနေပါတယ်။ နောက်အစိုးရလက်ထက်ဆိုရင်
ဒီလိုမဖြစ်ဘူးလို့တော့ မျှော်လင့်ပါတယ်။ နောက်အစိုးရသစ်လက်ထက်မှာ အမှန်တရား
ပေါ်ပေါက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ဆရာဆမ်ဆွမ်က ဇန်န၀ါရီ ၁၈ ရက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကေအိုင်အို
ထိပ်ပိုင်းခေါင်းဆောင်များနှင့် နေပြည်တော်တွင် ပြီးခဲ့သည့်နှစ်က တွေ့ဆုံစဉ် ယခု အမှုနှင့်
ပတ်သက်၍ တပ်မတော်သားများက ကချင်ဆရာမနှစ်ဦးကို အဓမ္မပြုကျင့်သတ်ခဲ့ခြင်းမှာ
မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ခမရ (၅၀၃) တပ်မတော်စစ်ကြောင်းက အရာရှိနှစ်ဦးက ဆရာမနှစ်ဦး၏ ရက်လည်တွင်
သိန်း ၅၀ နီးပါးကို ကူငွေအဖြစ် မိဘများထံ လာရောက်ပေးဆောင်ခဲ့တဲ့အတွက် တပ်မတော်အပေါ်
ကေဘီစီနှင့် ရွာသားများက သံသယရှိနေခြင်းဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း