ဒစ်ဂျစ်တယ် ငလျင်တိုင်းစက်များကို မြို့ကြီးငါးမြို့တွင် ယခုလအပြီးတပ်ဆင်မည်

ဒစ်ဂျစ်တယ် ငလျင်တိုင်းစက်သစ်များကို မြို့ကြီးငါးမြို့တွင် ယခုလအပြီး တပ်ဆင်သွားမည်ဟု
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။

အဆိုပါ စက်များကို ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ တမူးနှင့် ဟားခါးမြို့များတွင် တပ်ဆင်သွား
မည်ဖြစ်ကာ အမေရိကန် ဘူမိလေ့လာရေးအဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
၎င်းက လွန်ခဲ့သော သီတင်းပတ်က ပြောသည်။

''ရန်ကုန်နဲ့မန္တလေးမြို့တွေမှာတော့ ဇန်နဝါရီလ ပထမပတ်ထဲမှာ တပ်ဆင်ပြီးပါပြီ။ ကျန်တဲ့မြို့တွေမှာ
အခုလကုန်အပြီး တပ်ဆင်သွားမှာပါ။ ဒီစက်တွေ တပ်ပြီးတဲ့အခါ ပြည်တွင်းမှာ ငလျင်တိုင်းစခန်းတွေ
ပိုများလာပြီး ငလျင်လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးပိုမှန်ကန်တဲ့အချက်အလက်တွေကို ရရှိလာမှာပါ။
ဒီအချက်အလက်တွေဟာ ငလျင်တွေရဲ့ တကျော့ပြန်ဖြစ်နိုင်ချေတွေကို ပြန်တွက်ချက်တဲ့ အခါမျိုး
တွေမှာ အသုံးဝင်မှာဖြစ်ပြီး ငလျင်ဘေးအန္တရာယ် လျော့ချရေးအတွက် အထောက်အကူဖြစ်စေမှာ
ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံတွင်းရှိ ငလျင်ဘေးဖြစ်ပွားနိုင်သော ပြတ်ရွေ့များရှိရာ ဒေသများတွင်ရှိသည့် မိုးဇလစခန်း
၂ဝခန့်တွင် ငလျင်တိုင်းစက်များ တပ်ဆင်ထားပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။

မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပွားနိုင်ခြေများသော ဒေသဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ မုတ္တမ
ပင်လယ်ကွေ့ထိ ကီလိုမီတာ ၁,၅ဝဝခန့်ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့တလျှောက်တွင်
ရစ်(ခ်)တာစကေး ၇ အထက်ရှိ အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်ခဲ့သော မှတ်တမ်းများ
ရှိခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်မှာ ၂ဝ၁၂ခုနှစ်၊
နိုဝင်ဘာလက လှုပ်ခတ်ခဲ့သော ရစ်(ခ်)တာစကေး ၆ ဒသမ ၈ ရှိ ရွှေဘိုငလျင်ဖြစ်ပြီး မြို့နယ်ပေါင်း
၂၄ မြို့နယ် ထိခိုက်ခံစားခဲ့ရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း