ရန်ကုန် အိမ်ငှားရမ်းခများ ၁ဝ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်နိုင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ငှားရမ်းနေထိုင်သူများ စိတ်ဝင်စားရာ ရပ်ကွက်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ငှားရမ်းနေထိုင်သူများ စိတ်ဝင်စားရာ ရပ်ကွက်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအဝယ်ကျဆင်းနေသော်လည်း 
လူဦးရေ တိုးတက်များပြားလာသည့်အတွက် ရန်ကုန်မြို့တွင် တိုက်ခန်းအိမ်ရာ ငှားရမ်းခ
နှုန်းထားများ တဖြည်းဖြည်း မြင့်တက်လာနေပြီး အိမ်ပိုင်ရှင်များက  ယမန်နှစ် အိမ်ငှား
ရမ်းခများထက် ၁ဝ ရာခိုင်နှုန်း တိုးမြှင့်တောင်းဆိုလာနေကြကြောင်း  မြန်မာနိုင်ငံအိမ်ခြံမြေ
ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ဖေဖော်ဝါရီ ၁၇ ရက်က မြန်မာတိုင်း(မ်) နှင့်
သီးခြားတွေ့ဆုံစဉ် ပြောသည်။

''လူတွေအိမ်ပိုင်ဖို့ဆိုတဲ့ အိပ်မက်က၂ဝဝ၇ ခုနှစ်  အခွန်နှုန်းထားပြင်လိုက်ကတည်းကကို
အဲဒီအိပ်မက်က ပျောက်ကုန်တယ်။အခုလက်ရှိ စီးပွားရေးကလည်း မကောင်းသလိုအားလုံး
ကလည်း အစိုးရသစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတာလည်းပါတယ်။ စီးပွားရေး
တိုးနှုန်းက ရှစ်ရာခိုင်နှုန်း ကျော်ကျော်ပဲရှိပေမယ့် ငွေဖောင်းပွမှုနှုန်းက ၁ဝ ရာခိုင်နှုန်းကျော်တော့
လူတွေ စီးပွားရေး ကျပ်တည်းတာပေါ့။ အရင်နှစ်တွေတုန်းကလိုတော့ အိမ်ငှားခဈေးတွေ
အရမ်းမြင့်ပြီး အများကြီးတိုးမတောင်းတော့ပေမယ့် အခုဒီဘက်နှစ်တွေမှာတော့ အိမ်ရှင်တွေ
ဘက်က နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လို့ မူလငှားရမ်းခနှုန်းထက် ၁ဝ ရာခိုင်နှုန်းလောက်
ပိုတောင်းတဲ့ ပုံစံနဲ့ စာချုပ်ပြန်ချုပ်ငှားကြတယ်။ လက်ရှိအခြေအနေအရတော့ သင်္ကြန်မတိုင်ခင်
အထိကတော့ အိမ်ငှားခ ၁ဝ ရာခိုင်နှုန်းတိုးတဲ့စနစ်နဲ့ပဲသွားမှာသေချာတယ် ''ဟု ၄င်းက
ပြောသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မှ စတင်ကျင့်သုံးခဲ့သည့် တင်းကျပ်သည့်
ဝင်ငွေခွန်ကောက်ခံသည့်စနစ်ကို ယခင်စစ်အစိုးရလက်ထက် ၂ဝဝ၇ ခုနှစ်မှ စတင်ပြီး
ပြန်လည်ပြင်ဆင်လျှော့ပေါ့ သတ်မှတ်ခဲ့သည့်အတွက် ဝင်ငွေရပေါက်ရလမ်း ပြသနိုင်ခြင်း
မရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့်ပစ္စည်းများကို ဝင်ငွေခွန်အဖြစ် ရှစ်ရာခိုင်နှုန်းနှင့်
တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း စုစုပေါင်း ၁၅ ရာခိုင်နှုန်းကိုသာ အခွန်ပေးဆောင်ရုံမျှဖြင့်
တရားဝင်ငွေဖြူအဖြစ် ဝယ်ယူနိုင်သည်ဆိုသည့် အကျိုးဆက်ကြောင့်  မြန်မာနိုင်ငံ အတွင်းရှိ
တရားမဝင် ဝင်ငွေရပေါက်ရလမ်း အမြောက်အမြားရရှိထားသူများက အိမ်ခြံမြေနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံလာသကဲ့သို့ ဈေးကစားမှုများ
ကိုလည်း စတင်ပြုလုပ်လာခဲ့သည်။ 

ယင်း၏ အကျိုးဆက်အနေဖြင့် ပြည်တွင်း အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန်မြင့်တက်လာ
သကဲ့သို့ အိမ်ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာခြင်းဖြစ်ပြီး အများပြည်သူ အိမ်ရာ
ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးပျောက်ဆုံးနေသည်မှာလည်း  ဆယ်စုနှစ်တစ်ခုဝန်းကျင်သို့ပင်
ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဦးသန်းဦးက ပြောသည်။

ထို့ပြင် ၂ဝဝ၈ ခုနှစ်၊ မေ ၂ ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီ
တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည့်
အတွက် ယင်းဒေသနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူအများအပြား
အလုပ်အကိုင်အခွင့်လမ်းပေါများသည့် ရန်ကုန်မြို့သို့ နှစ်စဉ်ဆိုသလို ပြောင်းရွှေ့အခြေချနေ
ထိုင်သူ များပြားလာနေသည်။တိုးပွားလာသည့် ရန်ကုန်လူဦးရေအတွက် ပြည့်စုံလုံလောက်
အောင် တိုက်ခန်းအိမ်ရာများ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် အခြေအနေကြောင့်လည်း
ရှိရင်းစွဲ တိုက်ခန်းအိမ်ရာများ၏ အရောင်းနှင့် အငှားဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်။

''လူတွေ အိမ်ရာပိုင်ဖို့မပြောနဲ့ ငှားဖို့တောင် ငှားခဈေးတွေ တက်နေတော့ အဆင်မပြေတော့ဘူး။
လူတွေအိမ်ပိုင်ခွင့် ပြန်ရအောင်လို့ အခုလက်ရှိ အစိုးရလုပ်နေတဲ့အိမ်ရာမူဝါဒတွေကို နောက်
အစိုးရကဆက်အကောင်အထည်ဖော်ပေးမယ်၊ အငှားအိမ်ရာတွေကို များများဆောက်ပေးမယ်၊
တန်ဖိုးနည်းအိမ်ရာတွေကိုလည်း နှစ် ၃ဝအရစ်ကျ စနစ်နဲ့ ရောင်းပေးမယ်၊ နောက်ဆုံးအရေးကြီးဆုံး
တစ်ချက်ကတော့ တန်ဖိုးနည်းတို့၊ အငှားအိမ်ရာတို့ ဆောက်ဖို့အတွက် အစိုးရက ဖြည့်ဆည်းပေး
ရမှာက မြေပေးလိုက်ရုံတင်မကဘဲ အိမ်ဝယ်မယ့်သူတွေ၊ဆောက်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း
နှစ်ရှည်ငွေချေးပေးမယ်ဆိုရင်တော့ လူတွေ အိမ်ပြန်ပိုင်လာနိုင်မယ်။ လက်ရှိအစိုးရလုပ်သွားတဲ့
စီမံကိန်းတွေထဲမှာ ကောင်းတဲ့ စီမံကိန်းတွေလည်း ရှိပါတယ်''ဟု ဦးသန်းဦးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ကောက်ယူထားသည့်
စစ်တမ်းများအရ၊  တိုးပွားလာသည့် လူဦးရေအရ ရန်ကုန်မြို့တော်၌ နှစ်စဉ် တိုက်ခန်းအိမ်ရာ
ယူနစ်ပေါင်း တစ်သိန်းကျော် တည်ဆောက်ရန် လိုအပ်လျက်ရှိရာ အစိုးရနှင့်  ပုဂ္ဂလိက
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ဆောက်လုပ်နိုင်မှုမှာ နှစ်စဉ်အိမ်ခန်းယူနစ်ပေါင်းသုံးသောင်း
ဝန်းကျင်ခန့်သာ ရှိသည့်အတွက်အိမ်ခြံမြေ ဈေးနှုန်းများနှင့်အတူ  ငှားရမ်းခနှုန်းထားများပါ
မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ တွက်ချက်ခန့်မှန်းထားသည့်
စစ်တမ်းများအရ ရန်ကုန်မြို့သို့ နှစ်စဉ် ဝင်ရောက်အခြေချနေထိုင်သူပေါင်း ၃၈ဝ,ဝဝဝ ကျော်ရှိနေပြီး အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းတည်ဆောက်နိုင်ရန် မြင့်တက်လာသည့် အိမ်ခြံမြေစ
ဈေးနှုန်းများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ၏ ဈေးနှုန်းများကြောင့်  နိုင်ငံတော်၏ စိုက်ထုတ်ကူ
ညီမှုများဖြင့်သာ အများပြည်သူ အိမ်ရာလိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းကူညီနိုင်ဖွယ်
ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ကျော်စိုးက
သုံးသပ်သည်။

မြို့တွင်းခြောက်မြို့နယ်၌ အငှားဈေးနှုန်းများ ဆယ်စုနှစ်တစ်စုအတွင်း မကြာခဏ မြင့်တက်ခဲ့ခြင်းနှင့်
မြို့တွင်းခြောက်မြို့နယ် ပြင်ပ မြို့နယ်များ သွားလာရေးလွယ်ကူ အဆင်ပြေလာခြင်းတို့ကြောင့်
ယခုအခါ ယခင်မြို့တွင်းခြောက်မြို့နယ်အတွင်း လုပ်ကိုင်ခဲ့သည့် အရောင်းဆိုင်များ၊ ကုမ္ပဏီများ၊
စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူအချို့က ငှားရမ်းခ ဈေးနှုန်းသက်သာသည့် မြို့ပြင်မြို့နယ်များသို့
ပြောင်းရွှေ့ အခြေချနေထိုင်မှု တဖြည်းဖြည်းများပြားလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

''အခုနောက်ပိုင်းမှာ မြို့ထဲမှာရော၊ မြို့ပြင်တွေမှာပါ ငှားခဈေးတက်တယ်ဆိုပေမယ့်အများကြီး
မတက်တော့ပါဘူး။ နေရာကောင်းရင် ကောင်းသလိုတော့ အိမ်ရှင်တွေက စာချုပ်ပြည့်ရင်
တိုးတောင်းတာတော့ရှိတယ်။ ၁ဝ ရာခိုင်နှုန်းလောက်ကတော့ အနည်းဆုံးတိုးတောင်းကြတယ်။

အခုမြောက်ဒဂုံမှာဆိုလည်း မြို့ထဲပိုင်းက လူတွေကလာပြီး စားသောက်ဆိုင်တို့ဘာတို့
လာဖွင့်ဖို့အပြင် မြို့ထဲကလူတွေလည်းဒီကို ပြောင်းလာနေတာတွေတော့ ရှိတယ်။ မြို့ထဲထက်
ဒီဘက်မှာက ငှားခသက်သာသလို သွားရေးလာရေးကလည်း အဆင်ပြေလာတော့ ငှားတဲ့
လူများပါတယ်''ဟု ရွှေမာလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း