မလေးရှားသို့ မြန်မာလုပ်သားပို့ဆောင်မှု ပုံမှန်ရှိ

မလေးရှားနိုင်ငံအစိုးရက ပြည်ပလုပ်သားများ ခေါ်ယူမှုရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိ
သော်လည်း လတ်တလောအားဖြင့် ယင်းအကြောင်းရပ်သည် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား
တင်ပို့မှုလုပ်ငန်းအပေါ် သက်ရောက်မှုမရှိဘဲ လုပ်သားများ ပုံမှန်ပို့ဆောင်နေရဆဲဖြစ်ကြောင်း မြန်မာ
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က
ပြောသည်။

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ ဇာဟစ်ဟာမီတီက ဖေဖော်ဝါရီ ၁၉ ရက်က မလေးရှား
အစိုးရသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ပြည်ပမှ လုပ်သားများခေါ်ယူမှုကို ဆိုင်းငံ့လိုက်ပြီဖြစ်
ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြောဆိုမှုမတိုင်မီ ဖေဖော်ဝါရီ ၁၅ ရက်က မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်
မစ္စတာ အာဝီအီဗရာဟင်က လုပ်သားသစ်များခေါ်ယူခြင်းထက် မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်
လုပ်သားများကို တရားဝင်အဖြစ် အသိအမှတ်ပြု ပါမစ်လုပ်ဆောင်ပေးပြီး အခနည်းလုပ်သားများ
အဖြစ် ပြန်လည်ငှားရမ်းသွားမည့် လုပ်ငန်းစဉ်တစ်ရပ်ဖော်ဆောင်သွားရန်ရှိကြောင်း ထုတ်ပြန်
ပြောဆိုခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်က မလေးရှားအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လုပ်သားတစ်သိန်းခွဲ
ခေါ်ယူရေး နှစ်နိုင်ငံသဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

''သူ (မလေးရှားအစိုးရ) တို့ဘက်က ပေါ်လစီက အခုတစ်မျိုး တော်ကြာတစ်မျိုးပြောဆိုနေတာဆိုတော့
ထွက်လာတဲ့သတင်းနဲ့ပတ်သက်လို့ကတော့ အပြည့်အဝယုံကြည်မှုမရှိသေးပါဘူး။

လောလောဆယ်လည်း မလေးရှားကို မြန်မာလုပ်သားတွေ ဆက်တိုက်ပို့နေရတာပဲဆိုတော့ဒါက
အတည်လို့ပြောလို့ မရသေးတဲ့အတွက် လုပ်သားပို့တဲ့လုပ်ငန်းကတော့ ပုံမှန်ပဲလည်ပတ်နေပါတယ်''
ဟု ဦးကျော်ထင်ကျော်က ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာန
ညွှန်ကြားရေးမှူး ဒ်ါခင်နွေဦးက မလေးရှားက လုပ်သားခေါ်ယူမှု ရပ်ဆိုင်းသည့် ကိစ္စနှင့်ပတ်သက်၍
တရားဝင် အကြောင်းကြားစာပေးပို့ခြင်း မရှိသေးသလို လက်ရှိအလုပ်သမား ပို့ဆောင်မှုလုပ်ငန်း
စဉ်နှင့် အလုပ်သမား ခေါ်ယူမှု လုပ်ငန်းစဉ်များလည်းပုံမှန်လည်ပတ်လျက်ရှိကြောင်း ပြောသည်။

''လုပ်သားပို့တာ၊ ခေါ်တာကိုလက်ခံတာ စတဲ့လုပ်ငန်းစဉ်တွေကတော့ ခုထိပုံမှန်ပါပဲ။ ဒါက တရားဝင်
ဆိုရင်တော့ သူတို့(မလေးရှားအစိုးရ)ဘက်က တရားဝင်စာပို့လာမယ်ထင်ပါတယ်။ ခုထိတော့ ဘာမှ
အကြောင်းမကြားသေးပါဘူး'' ဟု 4င်းကပြောသည်။

မလေးရှားအစိုးရက ပြည်ပလုပ်သားခေါ်ယူမှု ရပ်ဆိုင်းခြင်းမှာ ပြည်ပနိုင်ငံများက လုပ်သားများ
ခေါ်ယူမှု ရပ်ဆိုင်းခြင်းမဟုတ်ဘဲ မလေးရှားနိုင်ငံရှိ စက်ရုံများနှင့် အေဂျင်စီများ၏ လုပ်သားခွဲတမ်း
ချထားပေးမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား  အဓိက
ပို့ဆောင်လျက်ရှိသည့်  Royal Gate International ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မျိုးမြင့်က ပြော
သည်။

''မလေးရှားမှာရှိတဲ့ အေဂျင်စီတွေ၊ စက်ရုံတွေရတဲ့ လုပ်သားခွဲတမ်း လျှောက်ထားမှုကို ရပ်လိုက်တာ။
လောလောဆယ် တရားမဝင်လုပ်သားတွေကို ပြန်လည်ငှားရမ်းမှုလုပ်မယ့် အစီအစဉ်ရှိတော့
ထပ်ခေါ်မယ့် လုပ်သားခွဲတမ်းလျှောက်ထားမှုကို ရပ်လိုက်တာ။ လက်ရှိ ခေါ်ထားပြီးသား၊ လက်ခံဖို့ပြင်ဆင်ပြီးသားလုပ်သားတွေခေါ်ယူမှုကိုရပ်လိုက်တာမဟုတ်ဘူး'' ဟု ဦးဇော်မျိုးမြင့်က
ပြောသည်။

လက်ရှိတွင် လစဉ် မြန်မာလုပ်သား ၄,ဝဝဝ ခန့်ကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးနေရပြီး ပို့ဆောင်
ရန် စာရင်းရှိပြီးသားလုပ်သားဦးရေ တစ်သောင်းကျော်ရှိကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း