အိပ်ခ်ျအိုင်ဗီပိုး ကူးစက် လူနာနှစ်ဦးကို ကျောက်ကပ် အခမဲ့ ဆေးပေးခဲ့

ကျောက်ကပ်ထိခိုက်နေသည့် အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူလူနာများကို မင်္ဂလာဒုံအထူးကုဆေးရုံကြီးတွင်
ဇန်နဝါရီလမှ စ၍ကျောက်ကပ်အခမဲ့ ဆေးပေးနေရာ ဧပြီအထိ နှစ်ဦးကိုကျောက်ကပ်ဆေးပေးနေပြီး
သုံးဦးခန့်ကို ထပ်မံလျာထားကာ စစ်ဆေးမှုပြုလုပ်နေကြောင်း ယင်းဆေးရုံမှ တွဲဖက်ပါမောက္ခ
ဒေါက်တာအောင်ဆန်းက ဧပြီ ၂၆ ရက်က ပြောသည်။

''ကျောက်ကပ်ပျက်နေတဲ့ အိပ်ခ်ျအိုင်ဗွီလူနာတွေကို ကျောက်ကပ်ဆေးပေးမယ့်နေရာတွေက မရှိဘူး
ဖြစ်နေတယ်။ ဒါကြောင့်လိုအပ်နေပေမဲ့ မလုပ်ရတဲ့ လူနာတွေလည်း ရှိနေတယ်။ တချို့လူနာတွေက
ကျောက်ကပ်ဆေးဖို့ လိုနေတဲ့ သူတွေရှိတယ်။ ရှိပေမဲ့ မလာနိုင်တဲ့ သူတွေလည်းရှိတယ်။ မလုပ်ဖြစ်
ခင် အသက်ဆုံးသွားတာမျိုးလည်းရှိတယ်''ဟု ၄င်းက  ပြောသည်။

ယဘုယျအားဖြင့် အေအာရ်တီ ဆေး သောက်သုံးနေရသည့် အိပ်ခ်ျအိုင်ဗီကူးစက်ခံရသူ လူနာများသည်
ဆေး၏ဘေးထွက်ဆိုးကျိုးနှင့် ကိုယ်ခံအားကျဆင်းမှုကြောင့် လူနာ ၁ဝဝ တွင် ၃ဝ ရာခိုင်နှုန်းသည်
ကျောက်ကပ် ထိခိုက်နေပြီး ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းမှာ ကျောက်ကပ်ဆေးရန်လိုအပ်သည့်
အနေအထားအထိ ကျောက်ကပ်ပျက်စီးနေကြောင်း ဒေါက်တာအောင်ဆန်းက ပြောသည်။

''အိပ်ခ်ျအိုင်ဗီ လူနာတွေက ကိုယ်ခံအားကျလာတဲ့အခါ တခြား ရောဂါတွေဝင်လာတတ်တယ်။
ဆေးကြောင့်ကျောက်ကပ်ကို အနည်းငယ်ထိခိုက်နိုင်တာတွေရှိတယ်။ ဒီဆေးသောက်တဲ့သူတိုင်း
ကျောက်ကပ်ဆေးဖို့ လိုနေတာတော့မဟုတ်ဘူး။ ကျွန်တော်တို့ ဆေးရုံကိုလာတဲ့ လူနာတွေကို
ကျောက်ကပ်ဆေးဖို့လိုအပ်ရင် သေချာရှင်းပြတယ်။ လူနာကဆေးဖို့ သဘောတူရင် အခမဲ့ဆေး
ပေးနေတယ်။ တချို့က ကျောက်ကပ်ထိနေပေမဲ့ လူက အကောင်းအတိုင်းဖြစ်နေတော့ မဆေးချင်
တဲ့သူလည်း ရှိတယ်''ဟု ၄င်းကပြောသည်။

ကျောက်ကပ်ဆေးရန်လိုအပ်နေသည့် အိပ်ခ်ျအိုင်ဗွီလူနာများအတွက် ကျောက်ကပ်ဆေးပေးမည့်နေရာ
မရှိသောကြောင့် ပုဂ္ဂလိက အလှူရှင်များ လှူဒါန်းသည့် စက်နှစ်လုံးဖြင့် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်
အထူးကုဆေးရုံကြီးဖြစ်သည့် မင်္ဂလာဒုံဆေးရုံကြီးတွင် ကျောက်ကပ်အခမဲ့ဆေးပေးခြင်းဖြစ်ကြောင်း မင်္ဂလာဒုံအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က ပြောသည်။

မင်္ဂလာဒုံအထူးကုဆေးရုံကြီးသည် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် အထူးကုဆေးရုံကြီးဖြစ်ပြီး လူနာပေါင်း၈,ဝဝဝ ကျော်ကို အေအာရ်တီဆေး ဖြန့်ဝေပေးလျက်ရှိကာ ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး
အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသည့်  လူနာများကို ကျောက်ကပ်အခမဲ့ ဆေးပေးလျက်ရှိသည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း