နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချိတ်ဆက်ပြီး မြန်မာကို အစွမ်းကုန် ကူညီမည်ဟု ဂျပန်ဝန်ကြီး ပြော

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးမစ္စတာ ဖူမီအိုခိရှိဒါတို့ နေပြည်တော်တွင် မေလ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးမစ္စတာ ဖူမီအိုခိရှိဒါတို့ နေပြည်တော်တွင် မေလ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို အစွမ်းကုန်ကူညီပေးသွားမည်ဟု ဂျပန်နိုင်ငံ၊
နိုင်ငံခြားရေး ၀န်ကြီးမစ္စတာဖူမီအိုခိရှိဒါက မေလ ၃ ရက်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားလိုက်သည်။

အလုပ်အကိုင်ဖန်တီးရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ အခြေခံအဆောက်အအုံ
တည်ဆောက်ရေး၊ ဘဏ္ဍာရေးအစရှိသည့် ကဏ္ဍများကို အစွမ်းကုန်ကူညီပေးသွားမည်ဟု
မစ္စတာဖူမီအိုခိရှိဒါ ကပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သေသေချာချာ
ချိတ်ဆက်ဆွေးနွေးမယ်၊ နောက်ပြီး လိုအပ်ချက်တွေကို သေသေချာချာဆွေးနွေးပြီး ဖြည့်ဆည်းပေးဖို့
လုပ်ဆောင်သွားမှာပါ" ဟု ၄င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မငြိမ်သက်သေးသည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုလည်း ဘက်ပေါင်းစုံက
အားပေးကူညီ သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးခေါင်းစဉ်ကို
မည်သို့ပင်ဖြစ်စေ အလေးထား အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဂျပန်နိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ကတိပြုပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး
ဒေါ်အောင်ဆန်းစုကြည် ကလည်း "ဂျပန်နိုင်ငံက အခုလို မြန်မာနိုင်ငံအပေါ်ကူညီတဲ့အတွက်
အင်မတန်မှ ၀မ်းမြောက်ပါတယ်၊ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စေတနာ၊ မေတ္တာကို မြန်မာနိုင်ငံသူ၊
နိုင်ငံသားများကိုယ်စား ယုံကြည်အသိအမှတ်ပြုပါတယ်" ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတစ်ဦးအနေဖြင့်
ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် လာရောက်လည်ပတ်ရန်လည်း
ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖူမိအိုခိရှိဒါက ဖိတ်ကြားခဲ့သည်။

၎င်းသည် နံနက် ၉ နာရီ၊ မိနစ် ၃၀ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ မစ္စတာဖူမိအိုခိရှိဒါနှင့်
တစ်နာရီအကြာ တွေ့ဆုံခဲ့ပြီး နံနက် ၁၀ နာရီ၊ မိနစ် ၃၀ အချိန်တွင် သတင်းစာရှင်းလင်းပွဲကို
၂၅ မိနစ်ကြာ ပြုလုပ်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း