ကျိုက်ထီးရိုးဘုရားပေါ်မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှု ရပ်ဆိုင်းဟု ဂေါပက ရုံးအဖွဲ့မှူး ပြော

ကျိုက်ထီးရိုးဘုရားပေါ်၌ အမှိုက်စွန့်ပစ်ထားမှုများကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)ကျိုက်ထီးရိုးဘုရားပေါ်၌ အမှိုက်စွန့်ပစ်ထားမှုများကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)

ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေသည့် မှတ်တမ်းဓာတ်ပုံများ ဖေ့စ်ဘုတ်ခ်
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ပြီးနောက် တာဝန်ရှိသူများက တောင်ခြေတွင်
အမှိုက်စွန့်ပစ်နေရာ သတ်မှတ်ကာ မော်တော်ယာဉ်များဖြင့် သယ်ယူစွန့်ပစ်နေသည့်စနစ်ကို
စတင်လုပ်ဆောင်နေကြောင်း ဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးစောလှက မေ ၃ ရက်တွင်
ပြောကြားသည်။

မြန်မာတိုင်း(မ်)မှ သတင်းထောက် တစ်ဦးက မိသားစုဘုရားဖူးခရီးစဉ်အတွင်း တွေ့ရှိခဲ့၊
မှတ်တမ်းတင်ခဲ့သည့် ကျိုက်ထီးရိုးဘုရားပေါ်မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှု မှတ်တမ်းဓာတ်ပုံများကို
ဧပြီ ၁၁ ရက်တွင် ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘုတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်သို့
လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရနှင့် ကျိုက်ထီးရိုးဘုရား တာဝန်ရှိသူများကို စနစ်တကျ အမှိုက်စွန့်ပစ်ရန်နှင့်
ဘုရားတောင်တော်တစ်ခွင်သာယာရေး အလေးထားလုပ်ဆောင်ရန် ဝေဖန်ထောက်ပြမှုများနှင့်အတူ
လူပေါင်း ၄,၅၀၀ ကျော်က အဆိုပါ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှု မှတ်တမ်းဓာတ်ပုံများကို ၎င်းတို့၏
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထပ်ဆင့်မျှဝေ ဖော်ပြခဲ့ကြသည်။

"ကျွန်တော်တို့ သင်္ကြန်အပြီးမှာပဲ ပြည်နယ် အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အမှိုက်တွေကို တောင်ခြေကို
နေ့စဉ်ပို့ဆောင်စွန့်ပစ်နေပါတယ်။ ကျိုက်ထီးရိုးတောင်တက်ကားအသင်းနဲ့ ပူးပေါင်းပြီး
လုပ်ဆောင်နေတာပါ" ဟု ဦးစောလှက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်၊ ခရိုင်အစိုးရအဖွဲ့၏
အနီးကပ်ကွပ်ကဲမှုများဖြင့် ဘုရားရှိဈေး သာယာရေးကော်မတီ၊ တောင်တက်ကားအသင်းတို့နှင့်
ပူးပေါင်းကာ ဘုရားပေါ်မှ ထွက်ရှိသည့် အမှိုက်များအားလုံးကို တောင်တက်မော်တော်ယာဉ် နှစ်စီးဖြင့်
နေ့စဉ် တောင်ခြေသို့ သယ်ယူပို့ဆောင်စွန့်ပစ်လျက်ရှိသည်ဟု ဦးစောလှက ပြောသည်။

ထို့ပြင် တောင်ခြေ ကင်ပွန်းချောင်းကျေးရွာအပိုင် အတွင်းရှိ လူသူများနှင့် ကွာဝေးသည့် မြေနေရာလွတ်
တစ်ခုတွင် နေရာသတ်မှတ် အမှိုက်စွန့်ပစ်နေပြီး အဆိုပါ အမှိုက်များကိုလည်း သတ်မှတ်ချက်
တစ်ခုထား၍ ဆက်လက်မီးရှို့ဖျက်ဆီးနိုင်မည့် စနစ်တစ်ခုကို ရေးဆွဲနေပြီဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အခုဘုရားကြီးနဲ့ ဘုရားပတ်ဝန်ကျင် ရေမြေတောတောင် ရေရှည်တည်တံ့သာယာ
လှပရေးကို ကြိုးစား လုပ်ဆောင်နေပါတယ်။ အခုလည်း ဘုရားပေါ်က အမှိုက်ပြဿနာကို စနစ်တကျ
ဖြေရှင်းနိုင်မယ့် စီမံကိန်းတစ်ခုရေးဆွဲနေပါတယ်။ ဒါပြီးရင်တော့ ပြည်နယ်အစိုးရထံကို
တင်ပြသွားဖို့ရှိပါတယ်" ဟု ဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးစောလှက ပြောကြားသည်။

၂၀၁၆ နှစ်ဆန်းပိုင်းအတွင်း ကျိုက်ထီးရိုးဘုရားမှ ထွက်ရှိနေသည့် အမှိုက်များကို စနစ်တကျ
ဖျက်ဆီးပစ်နိုင်ရန် တစ်နေ့လျှင် အမှိုက် ၅ တန်မျှ မီးရှို့ဖျက်ဆီးပစ်နိုင်သည့် ဒီဇိုင်းတစ်ခုကို
ရေးဆွဲပေးခဲ့ဖူးသော်လည်း အဆိုပါ စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို
မတွေ့ရှိခဲ့ရဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ
လက်ထောက်ဌာနမှူးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်သည့်
ဒေါက်တာအောင်မြင့်မော်က မြန်မာတိုင်း(မ်)ကို မေ ၃ ရက်တွင် ပြောကြားသည်။

"ဒီအမှိုက်တွေက သဘာဝပတ်ဝန်းကျင်အတွက် အများကြီးကို အန္တရာယ်ကြီးပါတယ်။
ဒီအမှိုက်တွေကနေ အပင်တွေနဲ့ မြေဆီလွှာကို ဖျက်ဆီးနိုင်တဲ့ လီဂျစ် ဆိုတဲ့ အရည်တစ်မျိုး
ထွက်ရှိတယ်။ ဒါက အရည်တွေက တောင်အောက်ကို ရောက်သွားရင်လည်း ရေကန်နဲ့
မြစ်ချောင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ နောက် ဘုရားက စွန့်ပစ်အမှိုက်တွေက အစားအစာတွေကော
အစုံပါဝင်နေတဲ့အတွက် မတ်တီရီရယ် (သတ္တုရည်) အမျိုးမျိုးထွက်ရှိပါတယ်။ နောက်
ကာဗွန်ဒိုင်အောင်ဆိုဒ် နဲ့ မီသိန်းဓါတ်ငွေ့တွေထွက်ရှိတဲ့အတွက် လေထုကို ညစ်ညမ်းစေတယ်။
နောက်တောင်ပေါ်က အမှိုက်တွေကြောင့် အမြင်လည်း ဆိုးစေပါတယ်" ဟု
ဒေါက်တာအောင်မြင့်မော် က ပြောကြားခဲ့သည်။

ထို့ပြင် ဘုရားပေါ်မှ ပလတ်စတစ်မဟုတ်သည့် စွန့်ပစ်ပစ္စည်းအမှိုက်များကို ရေတိုအရ
စွန့်ပစ်ဖျက်ဆီးနိုင်ရန် အတန်အသင့်သာ ကောင်းမွန်သည့် နည်းလမ်းတစ်ခုမှာ မြေကျင်းများတူး၍
စွန့်ပစ်ပြီး မြေဖို့ခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသည့် ကျိုက်ထီးရိုးဘုရားမှာ မြန်မာနိုင်ငံ၏
အံ့ဖွယ်ထင်ရှားသည့် ဘုရားစေတီများစာရင်းတွင် ပါရှိပြီး နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးပေါင်း
သိန်း ၂၀ နီးပါးခန့် လာရောက်ဖူးမြော်လျက်ရှိနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း