ပြည်သူတို့၏ ကောင်းကျိုးအတွက် ထောက်ပြ၊ ဆွေးနွေး နေခြင်းသာဖြစ်ဟု ကာကွယ်ရေးဦးစီးချုပ် ဆို

ဗိုလ်ချုပ်မျှးကြီး မင်းအောင်လှိုင် ပြည်တွင်း မီဒီယာများကို နေပြည်တော်၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူမှုကွန်ရက်စာမျက်နှာဗိုလ်ချုပ်မျှးကြီး မင်းအောင်လှိုင် ပြည်တွင်း မီဒီယာများကို နေပြည်တော်၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူမှုကွန်ရက်စာမျက်နှာ

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း အတိုက်အခံပြုနေခြင်း
မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူတို့၏ ကောင်းကျိုးအတွက် ထောက်ပြဆွေးနွေးနေခြင်းသာဖြစ်ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

"အတိုက်အခံလို့ အများစုက သတ်မှတ်တာတော့ စိတ်မကောင်းပါဘူး။ အတိုက်ခံ လုပ်နေတာ
မဟုတ်ပါဘူး။ တိုင်းပြည် ကောင်းကျိုးအတွက်ပါ"ဟု မေ ၁၃ ရက်တွင် နေပြည်တော်၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရှိ ဘုရင့်နောင်ရိပ်သာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသည် အစိုးရသစ်လက်ထက်အတွင်း မြန်မာ့ တပ်မတော်နှင့်
သတင်းမီဒီယာတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့လည်း တက်ရောက်ကြပြီး မြန်မာနိုင်ငံ
သတင်းမီဒီယာ ကောင်စီဝင်များနှင့် ပြည်တွင်းသတင်းမီဒီယာ ၂၇ ခုမှ သတင်း သမားများ
တက်ရောက်ခဲ့ကြသည်။

"တပ်မတော်အနေဖြင့် ကြီးသည်ငယ်သည်မဟုတ်ဘဲ မီဒီယာ ဆက်ဆံရေးကို အလေးထားသကဲ့သို့
မီဒီယာများကလည်း မျှမျှတတ ရေးသားဖော်ပြစေလိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး
စတင် တည်ထောင်စဉ်ကပင် မြန်မာ့တပ်မတော်ဟု သုံးစွဲခဲ့ခြင်းဖြစ်၍ တပ်မတော်၏ အသုံးအနှုန်းနှင့်
ပတ်သက်၍ အလေးထားသုံးစွဲစေလိုပါတယ်။ အသုံးအနှုန်း မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများကလည်း
ကြပ်မတ်ပေးစေလိုပါတယ်"ဟု ၎င်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြည်တွင်းသတင်း
မီဒီယာများကို ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးချုပ်က ယခုလို တွေ့ဆုံခြင်းသည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း
မဟုတ်ဘဲ သတင်းမီဒီယာကောင်စီ နှင့် ပြည်တွင်းသတင်းဌာနများကို တွေ့ဆုံခြင်းသာဖြစ်ကြောင်း၊
တွေ့ဆုံပွဲသို့ ဖိတ်ကြားရာတွင် ပုံမှန်ထုတ်သတင်းစာ၊ ပုံမှန်ထုတ်ဂျာနယ်များနှင့် အသံလွှင့်မီဒီယာများကို
မျှတအောင် ဖိတ်ကြားရသဖြင့် ဖိတ်ကြားမှုအပေါ် နားလည်ပေးစေချင်ကြောင်း၊ တက်ရောက်
လာကြသည့် မီဒီယာများကလည်း ဒီမိုကရေစီ အလေ့အကျင့်အရ သိချင်တာများ မေးမြန်းနိုင်ပါကြောင်း၊
မိမိတို့အနေဖြင့်လည်း အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ဖြေကြားပေးမည်ဖြစ်ကြောင်း
ပြောကြားသွားသည်။

ထို့နောက် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို ဗိုလ်ချုပ်မှူးကြီးက
ပြန်လည်ဖြေကြားရာတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် ပတ်သက်၍
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ရလဒ်ကောင်းများထွက်မည်ဟု ယုံကြည်ကြောင်း၊
ထိုသို့ဆွေးနွေးရာတွင်လည်း မဖြစ်နိုင်သည်များကို အတင်းပြောဆိုနေ၍ မရနိုင်ကြောင်း၊ မိမိတို့များစွာ
အလျှော့ပေးဆောင်ရွက်ခဲ့ကြောင်း၊ ရသလောက် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
NCA တွင် အခြေခံအချက်များ ရှိပြီးဖြစ်၍ ယင်းရလဒ်များအပေါ်တွင် ရှေ့ဆက်လုပ်ဆောင်သွားပါက
ငြိမ်းချမ်းရေးရမည်ဟု ယုံကြည်ကြောင်း ပြောသည်။

"ထာဝရငြိမ်းချမ်းရေးရဖို့ ယုံကြည်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်က
အစ်မရေ ဒီငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်လို့ပြောခဲ့တယ်။ ဒါကို
ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံတယ်"ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများသို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံး တက်ရောက်လာနိုင်စေရန်အတွက်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မည်ဖြစ်သည်ဟု
ဆိုသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက "အမ်အင်န်ဒီအေအေ၊ တီအင်န်အယ်လ်အေနှင့်
အေအေအဖွဲ့များသည် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက် နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေး
ဖိတ်ခေါ်ပြီးချိန်ကျမှ အစိုးရသတ်မှတ်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို မလိုက်ဘဲ လက်နက်ကိုင်ဆွဲ၍
နိုင်ငံတော် အစိုးရကို တော်လှန်ပုန်ကန်သော အဖွဲ့များ ဖြစ်ကြောင်း၊ မိမိတို့သွားနေသည့် ပါတီစုံ
ဒီမိုကရေစီလမ်းကြောင်းကို ၎င်းတို့ မလိုလား မနှစ်သက်ကြောင်း၊ မသွားလိုကြောင်း၊ သို့ဖြစ်၍
ယင်းအဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးသည့် အထဲတွင် ဖိတ်ခေါ်ရန် မသင့်ကြောင်း၊ ၎င်းတို့နှင့်
ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ကြောင်း၊ တကယ်တမ်း လုပ်ရမည်မှာ လက်နက်စွန့်ဖို့ပင်ဖြစ်ကြောင်း
ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း၍
အစည်းအဝေး ကြီးငယ်များစွာ ပြုလုပ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင်
လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အင်န်စီအေတွင် အကုန်လုံး ပါဝင်ပြီး နိုင်ငံရေး
လမ်းကြောင်းပေါ်၌ အေးချမ်းသည့်နည်းဖြင့် ပါဝင်ရန် လိုလားကြောင်း၊ ယင်းမှာ တပ်မတော်က
အလိုလားဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း