ပဲခူးဆေးရုံတွင် ကလေးသေဆုံးမှုကို အစိုးရအဖွဲ့က အဖြေရှာရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ တွေ့ရှိချက်များနှင့် ကွဲပြား

ပဲခူးဆေးရုံတွင် ကာကွယ်ဆေးထိုးပြီးနောက် ကြုံတွေ့ခဲ့ရသည့် ကလေးသေဆုံးသည့်ကိစ္စကို ပဲခူးတိုင်း
ဒေသကြီး အစိုးရအဖွဲ့က အဖြေရှာရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ တွေ့ရှိချက်များနှင့် 
ကွဲပြားခြားနားလျက်ရှိသည်။

ပဲခူးဆေးရုံတွင် မွေးကင်းစကလေး ၂၈ ဦးကို ဘီပိုးကာကွယ်ဆေးထိုးပြီးနောက် နာရီပိုင်းအတွင်း
ကျန်းမာရေးပြဿနာများ တွေ့ကြုံခဲ့ရပြီး သုံးဦးသေဆုံးခဲ့ရသည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍
ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသွားသည့် ကလေးများသည် ဆေးရုံမှ ဘက်တီးရီးယားများ
ဝင်ရောက်ခြင်းကြောင့် သွေးအဆိပ်တက်ရောဂါဖြင့် သေဆုံးသွားကြောင်း ပြောသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရကဖွဲ့စည်းထားသည့် ပဲခူးတိုင်းဒေသကြီး ပညာ ကျန်းမာရေး
ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာကျော်ကျော်က ''ကျွန်တော်ကတော့ ဒီကိစ္စကို ဆေးရုံကြောင့်
သန့်ရှင်းမှု အားနည်းလို့ ရောဂါပိုးဝင်ပြီး ဖြစ်တယ်လို့ မထင်ပါဘူး၊ ကာကွယ်ဆေးကြောင့်လို့ပဲ
သံသယရှိတယ်''ဟု ပြောသည်။

''ဘာကြောင့်လဲဆိုတော့ ၂၈ ယောက်မှာ Engerix B ကာကွယ်ဆေးထိုးတဲ့ ကလေးက
ဘာမှမဖြစ်ဘူး Hepavax B ကာကွယ်ဆေး ထိုးတဲ့ကလေး ၂၇ ယောက်က ဘာလို့ စောင့်ကြည့်ရတဲ့
အနေအထား၊ အန္တရာယ်ရှိတဲ့ အနေအထားနဲ့ အသက်သေဆုံးမှုတွေဖြစ်သွားရတာလဲ။ 
ဒီဆေးနှစ်မျိုးစလုံးက ဘီပိုးအတွက်ပဲ ထိုးရပြီး အမျိုးအစားတူပြီး နာမည်မတူတဲ့ ဆေးတွေကြောင့်
ဖြစ်တယ်''ဟု သူက ဆိုသည်။

ပဲခူးဆေးရုံတွင် ပြဿနာဖြစ်ပွားပြီး ၁ဝ ရက်အကြာ၌ ပဲခူးတိုင်းအစိုးရအဖွဲ့က အဆိုပါကိစ္စနှင့်
ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြစ်သည့် ဆရာဝန်၊ ကလေးမိဘများ၊
ဆေးဆိုင်များကို တွေ့ဆုံမေးမြန်းခဲ့ကာ စုံစမ်းမေးမြန်းသမျှကို နေပြည်တော်ရှိ လွတ်တော်နှင့်
ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

ကလေးငယ်များ ကိုယ်ခံအားနည်းသဖြင့် ဘက်တီးရီးယားများ သွေးအတွင်း ဝင်ရောက်ခြင်းကြောင့်
ဖြစ်ရပြီး ယခုကဲ့သိုသောဖြစ်စဉ်တွင် ဆေးရုံ၌ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ယခုလိုဖြစ်ရသည်ဟု
ကျန်းမာရေးဝန်ကြီးဌာန အထူးစုံစမ်းရေးအဖွဲ့က အဖြေရရှိထားကြောင်း ပြောကြားထားသည်။

ကာကွယ်ဆေးပုလင်းများကို ဆေးရုံမှ သူနာပြုဆရာမက ကလေးဖခင်တစ်ဦးကို ပြင်ပဆေးဆိုင်တွင်
ဝယ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ဆေးပုလင်းများကို ဆေးရုံမှ လွှင့်ပစ်ခဲ့သဖြင့် ချက်ချင်းရှာဖွေမတွေ့ရှိခဲ့ပေ။

ထို့ပြင် ထိုးခဲ့သည့်ဆေးပုလင်းများမှာ အတုအစစ်ဖြစ်သည်ကို ကျန်းမာရေးဌာနက တိတိကျကျ
အဖြေရှာနိုင်ခြင်း မရှိခဲ့ပေ။

''ကျန်းမာရေးဌာနဘက်က ဆေးရုံဘက် ကသန့်ရှင်းရေးအားနည်းတာရှိလို့ ပိုးမွှားဝင်တယ်
ဖြေခဲ့ပေမဲ့ ကာကွယ်ဆေးတွေကိုလည်း ဆေးရုံကသူနာပြုဆရာမက ဝယ်ခိုင်းတဲ့နေရာမှာ သယ်ယူပုံ
နည်းစနစ် လွဲမှားနိုင်တယ်လို့ ယူဆရတယ်။ နောက်ပြီးတော့ ဆေးပုလင်းတွေက အောက်လမ်းက
ဝင်တဲ့ ဆေးအတုတွေလည်း ဖြစ်နိုင်တယ်လို့ ယူဆမိတယ်'' ဟု ဒေါက်တာကျော်ကျော်က ပြောသည်။

ဆက်လက်ပြီး ပဲခူးမြို့ရှိ အစားအသောက်နှင့် ဆေးဝါးဌာန၏ ပြောကြားချက်အရ ဆေးဝါးအတုများ
ပဲခူးမြို့ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ဖူးသဖြင့် ဆေးအတုများ ဝင်ရောက်နိုင်ခြေရှိကြောင်း ၄င်းက ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအစိုးရက ၄င်းတို့၏ ယခုကိစ္စအပေါ် သုံးသပ်ချက်နှင့်ပတ်သက်ပြီး
ရှေ့ဆက်လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ကို စောင့်ဆိုင်းလျက်
ရှိကြောင်း ဒေါက်တာကျော်ကျော်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း