ရှမ်းမြောက်တွင် ရှမ်းလူမျိုးများ ပျောက်ဆုံးနေဆဲ၊ တအာင်းလူမျိုး ၄ဝ ခန့် ဖမ်းဆီးခံရ

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့် ရှမ်း မြောက်တွင် အရပ်သားများ သတ်ဖြတ်ခံရလျက်ရှိသည်။  ဓာတ်ပုံ - ထောက်ပံ့တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့် ရှမ်း မြောက်တွင် အရပ်သားများ သတ်ဖြတ်ခံရလျက်ရှိသည်။  ဓာတ်ပုံ - ထောက်ပံ့

တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားနေရာဒေသဖြစ်သော နမ့်ခမ်းမြို့နယ်၊ 
နမ့်ဖတ်ကာ နမ့်ခမ်း တောင်ပေါ်ကားလမ်းတွင် ပျောက်ဆုံးသွားသော ရှမ်းလူမျိုး ခုနစ်ဦးအား
ပြန်လည်မတွေ့ရှိသည့်အပြင် မန်တုံမြို့နယ်မှ ရွာသား ၄ဝ ဦး ထပ်မံဖမ်းဆီးခြင်း ခံရသည်ဟု 
သိရသည်။

ပြီးခဲ့သည့် ဇွန် ၅ ရက်၌ ပျောက်ဆုံးသွားသော ရှမ်းလူမျိုးများအနက် သုံးဦးအတွက်
နမ့်ခမ်းမြို့မရဲစခန်းတွင် ဆွေမျိုး၊ မိဘများကလူပျောက်အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းအမှုနှင့်
ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု နမ့်ခမ်းမြို့မရဲစခန်း၊ဒုရဲအုပ်မင်းထွန်းက
ပြောပြသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်နှင့်ရှမ်းပြည်
တပ်မတော်(တောင်ပိုင်း)တို့ကြားတွင် တိုက်ပွဲများ ပြင်းထန်လာပြီး ရွာသားများ ပျောက်ဆုံးခြင်း၊
အသတ်ခံရခြင်း အမှုများမှာ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး
တာဂျုတ်ဂျားကို မေးမြန်းရာ တအာင်းတပ်ဖွဲ့မှ ပြည်သူများကို ဖမ်းဆီးခြင်းမရှိဟု ငြင်းဆိုသည်။

''တအာင်းအဖွဲ့က ပြည်သူတွေကို မဖမ်းဆီးပါဘူး။ အဲဒီဒေသမှာ အခြားပြည်သူ့စစ်တွေ
လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်''ဟု သူက ပြောသည်။

 တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအတွင်း ဖျက်ဆီးခံခဲ့ရသည့် မော်တော်ဆိုင်ကယ်များကို တွေ့ရစဉ်။  ဓာတ်ပုံ - ထောက်ပံ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအတွင်း ဖျက်ဆီးခံခဲ့ရသည့် မော်တော်ဆိုင်ကယ်များကို တွေ့ရစဉ်။  ဓာတ်ပုံ - ထောက်ပံ့

မန်ပိန်ကျေးရွာတွင် ဇွန် ၈ ရက်မှ ၁၁ ရက်အတွင်း ကျေးရွာသားစုစုပေါင်း ၄ဝ ခန့်ကို ရှမ်းစစ်တပ်က
ဖမ်းဆီးခဲ့သည်ဟုလည်း ၄င်းက ပြောပြသည်။ ''မိခင်နဲ့ ကလေးငယ်လေးတွေပါ ဖမ်းတယ်။ တချို့ကို
နေ့ချင်းပြန်လွှတ်ပေးပေမဲ့ တချို့ကိုတော့ ဖမ်းဆီးထားတုန်းပဲ။ ရွာအမည်နဲ့ စာရင်းအတိအကျ
ပြုလုပ်ထားတယ်။ ၁၁ ရက်က ရှမ်းစစ်သားတွေ ဂျုံကလန်ကျေးရွာက နေအိမ်သုံးအိမ်ကိုလည်း
မီးရှို့ခဲ့တယ်''ဟု တအာင်းစစ်တပ်ဒုတိယခေါင်းဆောင် တာဂျုတ်ဂျားက ပြောသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS / SSA မှ အဆင့်မြင့်ပြောရေးဆိုခွင့် ရှိသူတစ်ဦးကလည်း
အဆိုပါပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး RCSS အဖွဲ့အနေဖြင့် ပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်
ပစ္စည်းများကို မထိခိုက်စေရန် တင်းကျပ်သော စည်းကမ်းများ ထားရှိကြောင်း ရှင်းပြသည်။

''ဒီလို တရားမဲ့အပြုအမူ လုပ်လို့မရပါဘူး။ ကျွန်တော်တို့မှာ စည်းကမ်းဖောက်ဖျက်သူတွေအတွက်
ထောင်ရှိတယ်။ တင်းကျပ်တဲ့ စည်းမျဉ်းနဲ့ကို တပ်သားတွေကို ထိန်းချုပ်ထားတယ်။ ချက်ချင်း
အရေးယူတယ်။ ပြည်သူ့ထောက်ခံမှုကို လိုအပ်တဲ့အတွက် ပြည်သူ့အကျိုးစီးပွား ထိခိုက်အောင်
နစ်နာအောင် မလုပ်ပါဘူး''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ရှမ်းလူမျိုးခုနစ်ဦးပျောက်ဆုံးမှုအတွက် ဒေသခံများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများက
 TNLA ကို အပြစ်တင် စွပ်စွဲကာလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် ပဋိပက္ခတွင် ပြည်သူများကို
ပစ်မှတ်ထားခြင်း မပြုရန် တောင်းဆိုလျက်ရှိသည်။ 

''ဇွန် ၅ ရက် ပါလန်ကျေးရွာကို ဖြတ်သွားတုန်း ကားကို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က
တားဆီးပြီး ခေါ်ဆောင်သွားတယ်လို့အခြားကားသမားတွေကတစ်ဆင့် ကြားရပါတယ်။ ကားရော
လူရော ပျောက်ဆုံးနေတာပါ။ အခု ရွာတစ်ရွာမှာ ကားကိုတွေ့တယ်လို့ သတင်းရထားပါတယ်။
ဒါပေမဲ့ အဲဒီနေရာကို ရဲဘက်ကလည်း တပ်မပါဘဲ မသွားရဲပါဘူး။ ကျွန်တော်တို့လည်း ရဲ၊
တပ်မပါဘဲ မသွားဝံ့ပါဘူး။ လူတွေကတော့ ပျောက်ဆုံးနေဆဲပါ'' ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီ
ပါတီဝင် ဦးစိုင်းကျော်အုန်းက ပြောသည်။

လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးမှ ငြင်းဆိုမှုပြုလုပ်နေသော်လည်း ယင်းပဋိပက္ခဖြစ်ပွားရာဒေသများမှ
ပြည်သူများမှာမူ စိုးရိမ်မှုများ မြင့်တက်နေပြီး ရှမ်းပြည်သူ ခုနစ်ဦး ပျောက်ဆုံးသွားခဲ့သည့် ၂၆ မိုင်ရှိ
လမ်းတိုကို ယခုအခါ အသုံးမပြုတော့ဘဲ ၅၂ မိုင်ရှည်သော လမ်းကိုသာ အသုံးပြုလျက်ရှိသည်။
ထို့ပြင် ယင်းလမ်းကြောင်းတစ်လျှောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်းများကလည်း ယခုအခါ
ပြေးဆွဲမှုကို ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာယာဉ်မောင်းများက ပြောသည်။

''အခု ဘယ်သူမှ နမ့်ဖက်ကာ နမ့်ခမ်းတောင်ပေါ်လမ်း မသုံးရဲဘူး။ နမ့်ဖက်ကာ ၁ဝ၅ မိုင်
မူဆယ်-နမ့်ခမ်းလမ်းက ပတ်သွားကြတယ်။ အဲဒီလမ်းက မလုံခြုံဘူး။ အန္တရာယ်ရှိတယ်''ဟု
ကွတ်ခိုင်မှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးလှအောင်က ပြောသည်။

ဒေသခံအချို့နှင့် ယာဉ်မောင်းအချို့အဆိုအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တအာင်းတပ်ဖွဲ့ဝင်များက
ခရီးသွားကားများကို တားဆီး အခွန်ကောက်ခံသည့်ဖြစ်ရပ်များရှိခဲ့သည်ဟု သိရသည်။

''လူပျောက်တဲ့အပြင် ဒီရက်ပိုင်း တအာင်းအဖွဲ့တွေ ကားတွေ တားဆီးပြီး ငွေတောင်းသေးတယ်။
ကားသေးကို တစ်သိန်း၊ ကားကြီးဆိုရင် သုံးသိန်းတောင်းတယ်''ဟု ဦးစိုင်းကျော်အုန်းက ပြောသည်။

ဇွန်လဆန်းပိုင်းကလည်း နမ့်ခမ်းမြို့ရှိမန်အန်ကျေးရွာသား တအာင်းပြည်သူနှစ်ဦးပျောက်ဆုံးခဲ့ရာ
သုံးရက်ကြာမှ အလောင်းပြန်လည်တွေ့ရှိခဲ့သည်။ ထိုရွာနှင့်ကပ်လျက်နောင်အန်ကျေးရွာတွင်
မိုင်းနင်းမိကာအသက် ၂ဝ ဝန်းကျင် လူငယ်တစ်ယောက်လည်း သေဆုံးခဲ့သည်။

နမ့်ခမ်းမြို့ တအာင်းလူငယ်ခေါင်းဆောင် ဦးမိုင်းသန်းညွန့်က ''လက်နက်ကိုင်အဖွဲ့တွေ အုပ်စုလိုက်
ဝင်ထွက်သွားလာပြီး မိုင်းထောင်ကြတယ်။ ရွာသားတွေကို ဖမ်းဆီးကြတယ်။ ဥပဒေမဲ့
သတ်ပစ်ကြတယ်။ မိုင်းတွေ့လို့ ရဲကို အကြောင်းကြားလည်း လုံခြုံရေးမရှိလို့ဆိုပြီး တောင်ပေါ်ကို
လာမရှင်းပေးရဲဘူး''ဟု ပြောသည်။

တပ်မတော်မှ နယ်မြေလုံခြုံရေးအတွက်ဆိုကာ ဒေသအတွင်း အများအပြား တပ်ဖြန့်ထားသော်လည်း
လုံခြုံရေးပေးမှုပိုင်းတွင်ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိဟုလည်း ၄င်းက ပြောသည်။

''ဒေသထဲမှာ မြို့မနဲ့ ပန်ဆေး ပြည်သူ့စစ်တွေကလည်း ရှိတယ်။ ရှမ်းအဖွဲ့တွေလည်း အဝင်အထွက်
ရှိတယ်။ တအာင်းနဲ့ အဆက်အသွယ်ရှိတယ်ဆို ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာမျိုးလည်း
အချိန်မရွေး ကြုံရနိုင်တယ်။

''နေရာတကာမှာ မိုင်းထောင်ထားတဲ့အတွက် ကျွန်တော်တို့မှာ အသက်လုံခြုံမှုအတွက်
စိုးရိမ်နေရတယ်။ ရွာသားတိုင်း စိုက်ခင်းသွားရတာတောင် ကြောက်ရွံ့နေရပါတယ်''ဟု
ဦးမိုင်းသန်းညွန့်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း